သူ့စကားဆုံးသည်နှင့် ကျင်းစစ်၏ကျောကို ကြည့်လိုက်သည်။

ကျင်းစစ် ပင့်သက်ရှိုက်ပြီးနောက် မော့ကြည့်လိုက်သောအခါ တစ်ဖက်လူက လက်မြှောက်ပြီး သူ့ကိုရိုက်ရန်ပြင်နေ၍ လက်အမြန်မြှောက်ပြီး တားလိုက်သည်။

" ဦးလေး နေပါဦး..."

သူ့လက်ကို ဆန့်လိုက်ချိန်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

ကျင်းစစ်၏ စာရေးပုံက ငယ်ငယ်တည်းက ပုံမှန်မဟုတ်ပေ။ သူ့ကိုစာသင်ပေးခဲ့သည့် ဆရာက အကြိမ်ပေါင်းများစွာ ပြင်ပေးခဲ့သော်လည်း သူ မပြောင်းနိုင်ခဲ့ပေ။ သို့ဖြစ်၍ သူ့ညာဘက်လက်ခလယ်တွင် အနည်းငယ်ဖောင်းနေသည့် အဖုလေးတစ်ခုရှိသည်။

သို့ရာတွင် သူမြင်နေရသည့်လက်ချောင်းများက ဖြူဖွေးကာ အပြစ်အနာအဆာကင်းမဲ့နေပြီး စာအရေးလွန်သောကြောင့် အဖုဖြစ်နေသည့်အရာ တစ်ခုမှ မရှိပေ။

ဒါ သူ့လက်မဟုတ်ဘူး...

ကျင်းစစ်၏ဦးနှောက်ထဲ ဇဝေဇဝါဖြစ်သွားပြီး နှလုံးခုန်သံများက ချက်ချင်းမြန်ဆန်လာသည်။

သူ အသက်ပြင်းပြင်းရှုပြီးနောက် စက္ကန့်အနည်းငယ်ခန့် စိတ်ငြိမ်အောင်ထားလိုက်ပြီးမှ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ငုံ့ကြည့်လိုက်သည်။

သူ ဝတ်ထားသောအရာက သူနှင့်ရင်းနှီးနေသော အဖြူရောင်တီရှပ်မဟုတ်ပဲ အဖြူနှင့်အပြာရောင် ကျောင်းဝတ်စုံဖြစ်ကာ ရင်ဘတ်၏ ဘယ်ဘယ်ထောင့်နားတွင် ထူးဆန်းသည့် သင်္ကေတတစ်ခုနှင့် စာလုံးများ ရေးခြစ်ထားသည်။
( တုန်းဟိုင်စီရင်စု အထက်တန်းကျောင်း )

ကျင်းစစ် ဒယိမ်းဒယိုင်ဖြစ်သွားမိ၍ ကျောပြင်နှင့် ခုံစောင်းအစွန်းနှင့် ဆောင့်မိသွားသည်။

ဒါ သူ့ခန္ဓာကိုယ်လည်းမဟုတ် သူ့ကျောင်းလည်း မဟုတ်ဘူး...

သူ ကူးပြောင်းလာတာများလား...

" ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာလဲ ဦးလေး..."

ထိုလူက မယုံကြည်နိုင်စွာဖြင့် ကျင်းစစ်ကို လက်ညှိုးထိုးနေပြီး ဒေါသထွက်လွန်း၍ အသက်ရှုသံများ မြန်ဆန်လာသည်။

ကျောင်းမြက်ခင်းစိမ်းလေးရဲ့ ရည်းစားဟောင်းအဖြစ်သို့Where stories live. Discover now