ကျိမြန်ကို တိတ်တိတ်လေး ခိုးကြည့်ပြီးနောက် သူလည်ပင်းတစ်ခုလုံး နီမြန်းလာတော့သည်။

ဒီဝတ်စုံက ဘယ်သူဝတ်ဝတ် ခြေတံရှည်တယ်လို့ ခံစားရတယ် ဆိုပေမယ့် ကျိမြန်က ၁၉၀ စင်တီမီတာတောင် ရှိတာလေ သူ့ခြေထောက်နှစ်ဖက် ပေါင်းလိုက်ရင် မိုးထိတောင် မြင့်သွားလိမ့်ဦးမယ် ကျိကောက ဘာလို့ ဆိုဖာသေးသေးလေးမှာ ထိုင်နေရတာလဲ သူ့ခြေတံရှည်ကြီးတွေအတွက် နေရာမရှိတော့ဘူးလေ ဟုတ်တယ်မဟုတ်လား ...

ရှောင်ကျားရှုက ထိုသို့တွေးနေရင်း ဘယ်ပြန်ညာပြန် ကြည့်လိုက်သည်။ သူ့ပုံစံမှာ တစ်နေရာရာသို့ ပြေးထွက်သွားတော့မည့်ဟန်ပင်။ ကျိမြန်မှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့။ သူ့အနားသို့သွားကာ ခေါင်းကို ပွတ်ပေးလျက် တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း ပြောလိုစိတ်ပင် ဖြစ်ပေါ်လာတော့သည်။

"ဒါက ညီအစ်ကိုဝတ်စုံလေ ..."

ကျိမြန်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ထို့နောက် သဘာဝကျကျပင် ရှောင်ကျားရှု၏ နောက်ကျောကိုပါ ပုတ်ပေးလိုက်သေးသည်။

ထိုအခါမှ ရှောင်ကျားရှုလည်း အသိစိတ်ပြန်ကပ်လာပြီး ကျိကော၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ ရင့်ကျက်တည်ငြိမ်သူနှင့် ငယ်ရွယ်ချောမောသူနှစ်ဦး ဘေးချင်းယှဉ်လျက် စခရင်တွင် ပေါ်လာသည့် ပုံရိပ်မှာ အလွန် လိုက်လျောညီထွေစွာဖြင့် မျက်စိဖမ်းစားနိုင်နေပေသည်။ ကြည့်ရှုသူတို့၏ အကြည့်အားလုံးမှာ စခရင်ကိုသာ မခွဲနိုင်မခွါနိုင် ကပ်ငြိတွယ်နေတော့သည်။

"ဟေး CP အနံ့တွေ ပြင်းပြင်းထန်ထန်ကြီးကို ရနေတယ်နော် ဒါက စုံတွဲဝတ်စုံ မဟုတ်လား ..."

ကြည့်ရှုသူတစ်ဦးက မှတ်ချက်ရေးလိုက်လျှင် သဘောတူထောက်ခံသူများ အများအပြား ထွက်ပေါ်လာတော့သည်။

သူတို့ရောက်နေသည့် ရသစုံရှိုးမှာ စကားပြောရသည့် ရှိုးအမျိုးအစား ဖြစ်သည့်အပြင် တင်ဆက်သူမှာလည်း အတော်ပင် စကားပြောကောင်းသူတစ်ဦး ဖြစ်သည့်အတွက် လေထုမှာ အလျင်အမြန်ပင် လှုပ်ရှားသက်ဝင်လာတော့သည်။ သူက ဒါရိုက်တာလောကျန်းဝေ့အတွက် ဦးစွာ တွင်းတူးပေးလိုက်သည်။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Where stories live. Discover now