ဒါက ရုပ်ရှင်ဧကရာဇ်ကျိမြန်ကို အပြင်မှာ ပထမဆုံး မြင်ဖူးတာပဲ တီဗီထဲကထက်ကို အဆတစ်ရာ‌လောက် ပိုပြီးချောလိုက်တာ ပုခုံးကြီးကလည်း အကျယ်ပြီး ခါးသေးသေးလေးနဲ့ ခြေတံရှည်ကြီးကနေ အမျိုးသားဟော်မုန်းဓာတ်တွေ ဆက်တိုက်ကို ထုတ်လွှတ်နေလိုက်တာများ ah ah ah တကယ်ကို မူးမေ့လဲကြတော့မှာပဲ ..."

သူတို့က မှတ်စုစာအုပ်များထုတ်ကာ လက်မှတ်ထိုးပေးရန် တောင်းဆိုလိုက်ကြ၏။ တစ်ဆတ်ဆတ် တုန်ရီနေသော လက်ချောင်းများက သူတို့၏ စိတ်လှုပ်ရှားနေမှုကို ဖော်ပြနေပေသည်။ ကျိမြန်က ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ကာ လက်မှတ်ထိုးပေးသည့်အပြင် ဓာတ်ပုံပါ ရိုက်ပေးပြီး အစမှ အဆုံးအထိ စိတ်မရှည်လေဟန် တစ်ချက်မှပင် မပြသခဲ့ချေ။ VIP ခန်းများကို အထက်တန်းလွှာနှင့် ရာထူးအမြင့်ပိုင်းမှ ပုဂ္ဂိုလ်များအတွက်သာ အသုံးပြုသည့်အတွက် သတင်းအချက်အလက် ပေါက်ကြားသွားမည်ကို စိုးရိမ်နေရန် မလိုအပ်ချေ။

သူတို့ ထွက်သွားပြီးမှသာ ကျိမြန်လည်း ဝန်ထုပ်ကြီး ကျဆင်းသွားသည့်နှယ် သက်တောင့်သက်သာ ဖြစ်သွားတော့သည်။

ဖန်ခွင်းက သူ့ကို ကျီစားလိုက်သည်။

"မင်းရဲ့ သည်းခံနိုင်စွမ်းက အရမ်းကို မြင့်မားတာပဲ လူနာဖြစ်နေတာတောင် သူနာပြုတွေ လက်မှတ်ထိုးခိုင်း၊ ဓာတ်ပုံရိုက်ခိုင်းတာကို စိတ်ရှည်လက်ရှည်နဲ့ စောင့်နေပေးတော့ ‌ခေါင်းကိုက်နေတာ မထူးဆန်းတော့ပါဘူး အိပ်‌မပျော်ရင် ရုပ်ရှင်လေးဘာလေး ကြည့်နေလေ ငါ ဥက္ကဌရှို့ကို ဖုန်းဆက်လိုက်ဦးမယ် သူက မင်းကို တစ်ညလုံး စောင့်ပေးပြီး မနက် ငါးနာရီထိုးမှ ပြန်သွားတာ ..."

"သူ့ကို သွားမနှောင့်ယှက်ပါနဲ့ အေးအေးဆေးဆေး နားပါစေ ..."

ဖန်ခွင်းကမူ သူ့စကား မဆုံးခင်မှာပင် အပြင်ရောက်သွားပြီဖြစ်သည်။ ဆေးရုံအခန်းမှာ ကော်ရစ်ဒါအဆုံးတွင် ရှိနေပြီး ကော်ရစ်ဒါတံခါးမှ ထွက်လိုက်ပါလျှင် ဘယ်ဘက်တွင် အရေးပေါ်လှေကားများ ရှိနေပေသည်။ လှေကားနှင့် အခန်းမှာ ငါးမီတာပင် မဝေးလှ။ ဖန်ခွင်းက လှေကားအနီးတွင် ဖုန်းပြောနေခြင်း ဖြစ်သော်ငြား အခန်းထဲရှိ ကျိမြန်မှာ ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားနေရပေသည်။ ထိုစကားများမှာ အခြားသူနှင့် ပြောနေခြင်းမဟုတ်ဘဲ သူတစ်ယောက်တည်း တီးတိုးရေရွတ်နေခြင်းနှင့်ပင် ပို၍ တူနေပေသေးသည်။ ကျိမြန်မှာ အစောပိုင်းက ထူးဆန်းသည်ဟု မခံစားရသော်ငြား ဆေးရုံ၏ အသံလုံစနစ်မှာ အလွန်ကောင်းမွန်ကြောင်း သတိထားမိလိုက်ချိန်တွင်မူ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့သည်။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Kde žijí příběhy. Začni objevovat