အပိုင်း (၈) Zawgyi

Start from the beginning
                                    

လုရှိုးဝမ်က သွမ့်လင်၏ကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်များကို တစ်ချက်ကြည့်လိုက်ပြီး ပြောလာ၏။

"ဒါဆို မင်းသိသင့်တယ်။ ဒီလောကကြီးမှာ တချို့လူတွေကို မင်းထိခိုက်အောင်လုပ်နိုင်တယ်။ ဒါပေမဲ့ တချို့လူတွေကိုတော့ .... တစ်ချက်လေးတောင် ထိခွင့်မရှိဘူး။"

သူ့မျက်နှာကတည်ငြိမ်လျက် အသံကလည်းခပ်အေးအေးဖြစ်ကာ သေရည်သောက်ရန်ဖိတ်ခေါ်သည်နှင့် မခြားနားလှချေ။ သို့သော် အဆုံးမဲ့နက်ရှိုင်းလှသည့် မျက်လုံးတစ်စုံက တုဖုန်း၏စိတ်ကို တုန်လှုပ်စေနိုင်သည်။

ဤနှစ်များအတွင်း လုရှိုးဝမ်ကိုရှုံးနိမ့်ခဲ့ရပြီး မျက်လုံးတစ်လုံးဆုံးရှုံးခဲ့ရခြင်းအတွက် တုဖုန်း၏ရင်ထဲတွင် အမုန်းတရားက အမြဲကိန်းအောင်းနေခဲ့သည်။ သူက တခဏတုံ့ဆိုင်းသွားပြီး လုရှိုးဝမ်နှင့်တိုက်ခိုက်သင့်သလော၊ သွမ့်လင်ကို ဓားစာခံဖမ်းခေါ်ရမည်လော၊ ဝေခွဲမရဖြစ်နေ၏။

ထိုစဉ် လုရှိုးဝမ်၏စကားသံကို ​သူ​ကြားလိုက်ရသည်။

"အကယ်၍ မင်းကြောက်တယ်ဆိုရင် အခုပဲပြန်လှည့်​ပြေးလိုက်ပါတော့လား။"

ထိုစကားကိုကြားပြီးနောက် တုဖုန်း၏စိတ်က အနည်းငယ်တည်ငြိမ်သွားပြီး တဟားဟားအော်ရယ်လိုက်သည်။

"လုရှိုးဝမ်၊ မင်းက သိပ်ကို ပရိယာယ်ကြွယ်လွန်းတာပဲ။ ငါတောင် အတည်ယူမိတော့မလို့။"

သူက ပြောပြီးနောက် သွမ့်လင်ကို လျစ်လျူရှုလိုက်ပြီး ကိုယ်ဖော့၍ လုရှိုးဝမ်၏ရှေ့ကို ခုန်ထွက်ကာ ဓားဖြင့်ချိန်ရွယ်လိုက်သည်။

သူလှုပ်ရှားလာသည်ကို လုရှိုးဝမ်မြင်သောအခါ နှုတ်ခမ်းထက်တွင် ခန့်မှန်းရခက်သောအပြုံးတစ်ပွင့် ထင်ဟပ်သွား၏။

ချက်ချင်းဆိုသလို သူတို့နှစ်ဦး စတင်တိုက်ခိုက်ကြတော့သည်။

တုဖုန်း၏ဓားချက်များက လျင်မြန်ပြီး တစ်ဖက်လူကို မူးမိုက်တွေဝေအောင်လုပ်နိုင်သည်။ လုရှိုးဝမ်၏ဓားချက်တို့ကမူ ပေါ့ပါးလှပြီး ခပ်ဖြည်းဖြည်းသာ လှုပ်ရှားလေ၏။ သို့သော် အချက်တိုင်းက လွန်စွာတိကျပြတ်သားပြီး တုဖုန်း၏ညာဘက်မျက်လုံးကို တောက်လျှောက်ချိန်ရွယ်ထားခဲ့သည်။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now