အခန်း 39

Start from the beginning
                                    

"ဟုတ်ပါတယ်ဗျ...ကျွန်တော်က နေမင်းတာရာပါ"

ထိုလူ့အရပ်နဲ့ နေ့ အရပ်က မတိမ်းမယိမ်းဖြစ်သည်။နေ့ အပြုံးကြောင့် ထိုလူက နေ့ကိုရွှန်းရွှန်းစားစားကြည့်ကာ လက်ကမ်းပေးသည်။

"ကိုယ်က  အဲလက်စ် ...ညီ သိမယ် ထင်ပါတယ်"

"ရုပ်ရှင် ဧကရာဇ်ပဲ...ကျွန်တော် မသိပဲ နေ ပါ့မလား"

နေက ပြောပြီး ထိုလူ့လက်ကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။အဲလက်စ်က အနုပညာလောကထဲ ဝင်ရောက်လာသည်မှာ သုံးနှစ်ခန့်ရှိသေးသည်ဆိုပေမဲ့ ချောမောသည့်ရုပ်ရည်နဲ့ပီပြင်ပိုင်နိုင်သည့် သရုပ်ဆောင်ချက်တွေကြောင့် တစ်ဟုန်ထိုးအောင်မြင်ကျော်ကြားလာသည်။အနုပညာသက်တမ်းသုံးနှစ်အတွင်းမှာ ရုပ်ရှင်အကယ်ဒမီဆု နှစ်ဆုပိုင်ဆိုင်ခဲ့သည်မို့ နေ ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။နေ့ စကားကိုသဘောကျစွာ အဲလက်စ်က ရယ်သည်။

"မြှောက်လွန်းနေပါပြီဗျာ...ဒါနဲ့ ကိုယ့်ညီ ရုပ်ရည်နဲ့ဆို မင်းသား အေးဆေးလုပ်လို့ရတယ် စိတ်မဝင်စားဘူးလား"

အဲလက်စ်က နေ့ တစ်ကိုယ်လုံး အပေါ်အောက်စုန်ကြည့်ရင်း မျက်ခုံးပင့်ဆိုသည်။နေက ဆံပင်ရှည်တွေကို အပြောင်သိမ်းလှန်ပုံသွင်းထားသည်မို့ နုနယ်ချောမောသည့် မျက်နှာက ထင်ရှားသည်။ရှည်လျားမြင့်မားသည် အရပ်နဲ့လိုက်ဖက်သည့် ကိုယ်ဟန်သွယ်။နေက idolတွေလို ချောမောသည့် ပုံစံဖြစ်သည်။

"ကျွန်တော် ဝါသနာမပါဘူး..."

"Hello!...ကိုအဲလက်စ်"

ထိုစဉ် ဆူးငယ်က နေတို့နား တစ်ဖန် ရောက်လာပြန်သည်။ခုနကပင် နေနဲ့ဖန်ခွက်ချင်းတိုက်ပြီး သူမ ပျောက်သွားတာဖြစ်သည်။သူမ တစ်ယောက်တည်း ဘာတွေ အလုပ်ရှုပ်နေသည်မသိ။

"Hi..အလှလေး...နေ ကောင်းတယ်နော်"

သူ့ကို နှုတ်ဆက်လာသည်မို့ အဲလက်စ်က ဆူးငယ်ကို ပြန်နှုတ်ဆက်သည်။အဲလက်စ်နဲ့ဆူးငယ်တို့ သိပ်စိမ်းသက်မနေပါ။

"ကောင်းပါတယ် ရှင်.....တစ်ခွက်လောက် ထပ်သောက်ကြမလား"

ဆူးငယ်က ပြောပြီး အနားရောက်လာသည့် waiterလေးကိုင်ထားသည့်ဗန်းထဲမှ ဖန်ခွက်တစ်ခွက်လှမ်းယူကာ အဲလက်စ်ကိုအရင်ဆုံး
ကမ်းပေးသည်။အဲလက်စ်အပြုံးနဲ့ လက်ခံယူလိုက်ရသည်။ပြီးနောက် ဆူးငယ်က နောက်ဖန်ခွက်တစ်ခွက်လှမ်းယူကာ နေ့ကို အပြုံးလှလှလေးဖြင့် ကမ်းပေးသည်။နေ သောက်လက်စ ဖန်ခွက်ထဲ  ဝိုင်ကုန်သွားပြီမို့ ခွက်ကို စားပွဲထက်တင်လိုက်ပြီး ဆူးငယ် ကမ်း ပေးသည့် ခွက် ကိုလှမ်းယူလိုက်သည်။

Falling In Love With My Husband.Where stories live. Discover now