Extra 3

2.3K 157 3
                                    

''ဟိုးငယ်ငယ်ကတော့ ကွမ်းတောင်ကိုင်လေးတွေမြင်ရင်
အရမ်းအားကျခဲ့မိတာ"

သူသူငါငါလှလှပပပြင်ဆင်ကာ ရွှေတွဲလဲ၊ငွေတွဲလဲဖြင့်
အပြိုင်အဆိုင်ယဥ်ကာလှနေကြတဲ့ ကွမ်းတောင်ကိုင်မိန်းကလေးများကိုငေးမောကြည့်ရင်း
ပျော်ရွှင်က မပီမသခပ်ဖွဖွပြုံးလေသည်။
ညီမငယ်စကားကြောင့် အနီးနားမှာကြည်နူးကိုပွေ့ထားရင်း
အလှူလှည့်နေသည်ကိုကြည့်နေတဲ့ရွှင်လန်းက
လှည့်ကြည့်လာသည်။
အစ်မဖြစ်သူရဲ့ကရုဏာလွှမ်းတဲ့အကြည့်တွေကြောင့်
မပီမပြင်ပြုံးနေရာမှ ပျော်ရွှင်ကဟက်ဟက်ပက်ပက်
ရယ်မောပြလာပြီး

''ငယ်ငယ်ကအားကျမိခဲ့တာကိုပြောတာပါ မမရယ်"

အလှူအဝင်နေ့မှာ ညနေတစ်ခါတစ်ရွာလုံးကိုလှည့်လည်ပြီး၊
မနက်အလှူအထွက်မှာတစ်ဖန် ရွာကိုလှည့်ရပြန်၏။
ရှင်လောင်းထမ်းသမားတွေ၏ဟေးလားဝါးလား
ပျော်မြှူးသံ၊အလှူ့ရှင်နှင့်အလှူ့အစ်မတို့ကိုစည်းကာ
ပိုက်ဆံတောင်းကြသည့်ရွာသူရွာသားတွေ၏
အော်ဟစ်သံအပြင် ကျောင်းဝင်းဘောလုံးကွင်း
ဇာတ်သဘင်ဆီထံမှထွက်ပေါ်လာသည့် ဆိုင်းသံမြိုင်မြိုင်ဟာ
တစ်ရွာလုံးကိုဖုံးလွှမ်းလျက်ရှိပေသည်။

ရပ်ဝေးမှလာရောက်ကြသည့်ဧည့်သည်တွေအပြင်
ဘယ်ရွာမှာမင်္ဂလာရှိသလဲနားစွင့်နေကြသည့်
စျေးသည်တွေဟာ မဏ္ဍပ်ကျယ်ကြီးဘေးမှာ
အပြိုင်အဆိုင်။ခုကတည်းကနေရာယူထားသည့်
စျေးသည်အချို့ရှိပေမဲ့ ညရောက်လျှင်ပိုပြီးစည်ကား၏။
ငှားရမ်းထားသည့် ရွှေဝတ်မှုန်ဇာတ်သဘင်ပွဲကြောင့်လည်း
လာရောက်ကြည့်ရှုသူများပြားလှပေသည်။

သနပ်ခါးကိုခပ်ပါးပါးသာလိမ်းခြယ်ထားပြီး
နားထက်နှင်းဆီဖြူတစ်ပွင့်ကိုထိုးပန်ထားကာ
ဇာပေါက်ဖြူလေးနှင့်အနက်ရောင်ပန်းပွင့်တွေရောစပ်နေသည့်
ထဘီဖြူဖြူကို ရိုးရိုးစင်းစင်းဝတ်ဆင်ထားသည့်ပျော်ရွှင်က
ယဥ်ယဥ်ကလေးလှနေသည်မှာ အမှန်ပေ။
တစ်ချို့သောဘေးရွာကကာလသားတွေက
မျက်စပြစ်တတ်သွားကြပေမဲ့ ချမ်းမြေ့အကြောင်းသိတဲ့
ရွာသားတွေကတော့ မရဲတင်းကြပေ။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ  Where stories live. Discover now