လူငယ်လေးရဲ့ အော်ပြောလိုက်သံကြောင့် အဘိုးအိုဟာ မျက်လုံးကို ဖွင့်လိုက်ပြီး ပြုံးလိုက်ပါတော့တယ်။
“ကောင်းတယ်။ ကောင်းတယ်။ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို မိစ္ဆာသတ်အစည်းအဝေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စတွေ ပြောပြစမ်းပါဦး”

ဒီစကားကြောင့် ချင်းကျူ အံ့အားသင့်သွားခဲ့ပါပြီ။ သူ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးဟာ အသက်ရှစ်ဆယ်ကျော်ပြီ ဖြစ်ပေမဲ့လည်း အရာရာကို စိတ်ဝင်စားနေဆဲပါ။ တကယ်လို့ သူ့မှာသာ တခြားကိစ္စမရှိဘူးဆိုရင် မိစ္ဆာသတ် အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ဖြစ်မှာပါ။

“ဟူး..”
ချင်းကျူလည်း သက်ပြင်းချလိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ပါတော့တယ်။ အဘိုးအို နံဘေး သူရုတ်ချည်း ပြန်ပေါ်လာခဲ့ပါပြီ။ ပျင်းရိစွာနဲ့ သူစကား စလိုက်ပါတော့တယ်။

“ဘာများ ဖြစ်နိုင်မှာမို့လဲ။ ဒါက မိစ္ဆာသားရဲတွေကို အမဲလိုက်တာပဲလေ။ ဒီလို အစည်းအဝေးပွဲမျိုး ဆယ်ကြိမ်ကျော်လောက် ကျင်းပပြီးပြီပဲ… မြင်ဖူးတာ မလုံလောက်သေးဘူးလား”

“အင်း.. မင်းပြောတာ မှန်တယ်”
အဘိုးအိုလည်း တခဏတော့ မှင်သက်သွားခဲ့ပါတယ်။ ဒါကြောင့် စကားလမ်းကြောင်းကို ပြောင်းလိုက်ပါပြီ။
“ဂိုဏ်းကြီးလေးခုရဲ့ အဆင့်တွေကော ဘယ်လိုလဲ”

“မနှစ်တုန်းကလိုပါပဲ။ ပထမ အဆင့်မှာ အာချီလိဂိုဏ်း၊ ဒုတိယမှာက ဆန်းကြယ်အဝါရောင်ဂိုဏ်း၊ တတိယမှာကတော့ ဓားဂိုဏ်း၊ စတုတ္ထနေရာမှာတော့ မိုးကြိုးလေပြည်ဂိုဏ်း”
ချင်းကျူလည်း ပုံမှန်ပဲ ဖြေလိုက်ပါတော့တယ်။

“ဒါဆို အာချီလိဂိုဏ်းက နံပါတ်တစ် နေရာကို ငါးနှစ်ဆက်တိုက် ရခဲ့တာပေါ့။ အခြေအနေက မကောင်းလှတော့ဘူး”

“ကောင်းကောင်း မကောင်းကောင်း ဘယ်သူက ဂရုစိုက်နေမှာလဲ။ ငါတို့နဲ့ ဆိုင်မှ မဆိုင်တာ”
ချင်းကျူလည်း ထူးမခြားနား အသွင်နဲ့ ပြောလိုက်ပါတော့တယ်။

ဂိုဏ်းကြီးလေးဂိုဏ်းနဲ့ ယှဉ်လိုက်မယ်ဆိုရင် ရွှမ်းရီတောင်တန်းဂိုဏ်းဟာ တောင်ပိုင်းနယ်မြေမှာ မထင်မရှား အဖွဲ့အစည်းလေး တစ်ခုပါ။ မိစ္ဆာသတ် အစည်းအဝေး တက်ရောက်ဖို့ ဖိတ်စာကို နှစ်တိုင်း လက်ခံရရှိပေမဲ့လည်း ရွှမ်းရီတောင်တန်းဂိုဏ်းက သိပ်ပြီး ဝင်ပြိုင်လေ့ မရှိခဲ့ပါဘူး။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now