သီချင်းဆိုပြီးနောက် သူတို့အဖွဲ့ထဲတွင် အမြဲတက်ကြွနေတတ်သော ဟိန်းသော်က စကားစလာသည်။

"ဒီနေ့ ငါတို့က နောက်နေ့တွေမှာ တွေ့ချင်မှလည်း တွေ့ကြတော့မှာ။ အဲတာကြောင့် မေးခွန်းတွေ မေးကြမယ် အပြန်အလှန်။ မမေးဘဲ ဖြေလည်းရတယ်။ လုပ်စမ်းကွာ။ ငယ်ဘဝက အမှတ်တရတွေပေါ့။ ငါ အရင်ဖြေမယ်။ ငါ့ဘဝမှာ ဘယ်တုန်းကမှ Tutorial ဖြေဖို့ စာမကျက်ဖူးဘူး"

အကုန်လုံး ရယ်လိုက်ကြကာ တစ်ယောက်တစ်ပေါက် ထဖြေသည်။

"ဘယ်သူက ကျက်လို့လဲ"

"ခိုးချနေကျပဲကို"

နေမြတ်ကလည်း ဖြေသည်။
"ငါဆို ဌာနမှူးရှေ့  ပုဆိုးကျွတ်ဖူးတာနော်"

"ငါ မမက ငါ့ကို လူရှေ့ ပါးချသွားတာ။ မိန်းမတွေများ"

"အို... ယောက်ျားတွေလည်း ဘာထူးလဲ? ခြံခုန်သွားတာ ကိုယ်တွေ့ဟဲ့"

လူစုံတက်စုံ ပေါက်ပေါက်ဖောက်နေတုန်း သန့်စင်ခန့်က လျှာလေးအာလေးဖြင့် ထလာကာ
"မင်တို့ထက် ငါက ပိုဆိုးတယ်။ မမ ချောတယ်ဆိုပြီး စာလိုက်ပေးတာ ဆရာမ ဖြစ်နေလို့ ရုံးခန်းတက်ခဲ့ရတာကွ"

အကုန်လုံး ပွဲကျသွားသည်။ ထိုစဉ်မှာပဲ မေဂျာကွင်းဖြစ်သည့် စုသက်ဟန်က ထမေးသည်။
"ပြဒါးထက် နင်ကရော ဘာလို့ ငါအောင်သွယ်ပေးသမျှ ငြင်းတာလဲ"

အကုန်လုံး ပြဒါးထက်ဆီသို့ အကြည့်ရောက်လာကြသည်။ အဲသည့်ထဲတွင် ဩဃညံလည်း ပါသည်။ အရက်သောက်ထားသည့် ပြဒါးထက်၏မျက်နှာက ရဲပဒေါင်း ခတ်နေ၏။

"ဘာလို့လဲဆိုတော့ ငါက ဂေး လေဟ။ ဘယ်လိုလုပ် မိန်းကလေးတွေနဲ့ တွဲမှာလဲ။ ကောင်လေးတော့ မရှာပေးဘဲနဲ့"

ဘယ်သူမှ မရယ်ပါ။ သို့သော်လည်း ဘယ်သူမှ အထူးတလည် အံ့ဩဟန်မပြ။
အတန်းထဲက စစ်သွေးကပင် လက်ထောင်ကာ "ငါလည်း ဂေးပဲ တွဲမလား"ဟုပင် စနောက်သေးသည်။

ကွင်းမကတော့ မျက်စောင်းထိုးကာ
"ကြိုမပြောဘူး ငါ့မှာတော့ ချိတ်ပေးလိုက်ရတာ ပြဒါးထက်ရယ်"

ပြဒါးသည် လိုက်လျောညီထွေဖြစ်နေသည့် အခြေအနေကြောင့် နေပျော်သွားသည်။ ၂၁ရာစုမှာ ဒါတွေက မထူးဆန်းပါ။ သူ ညံ့ကို ခိုးကြည့်လိုက်တော့ ညံကလည်း အထွေအထူး အမူအရာ မပြပါပေ။ ဘီယာ တစ်ဘူးကိုသာ မော့နေသည်။

Mini Storiesحيث تعيش القصص. اكتشف الآن