one

901 78 9
                                    

ပင်လယ်လေက ကားပြတင်းပေါက်မှတစ်ဆင့် သူ့မျက်နှာကိုခပ်ပြင်းပြင်းထိခတ်သည်။ ဆားငွေ့ရောသည့်စိုစွတ်စွတ်အထိအတွေ့ကသူ့ကိုအနေရခက်စေသော်ငြား လှောင်ပိတ်နေသည့်ခံစားချက်ထက်တော့သာသေးသည်မို့ သူကြိတ်မှိတ်၍သည်းခံရပေမည်။

ကောင်းကင်ပြာပြာ၌တိမ်ဖြူတွေကဟိုတစ်ကွက်သည်တစ်ကွက်။ မြင်နေရသည့်ရေပြင်ကျယ် လှိုင်းသေးသေးလေးများတစ်ခွပ်နှစ်ခွပ်။ သိပ်မပြင်းပြလှသည့်နေရောင်ခြည်က ထိုလှိုင်းကြပ်ခွပ်လေးများကို တလက်လက်တောက်ပစေသည်အထိတော့စွမ်းဆောင်နိုင်သည်။

ကမ်းရိုးတန်းတစ်လျှောက်ဖောက်လုပ်ထားသည့် ကတ္တရာလမ်းမထက် သူတို့ကားကလေးခုတ်မောင်းနေသည်ကမိနစ်အချို့ကြာခဲ့ပြီဖြစ်သည်။ ဆိုးလ်မှထွက်လာပြီးကတည်းက တိုက်တာအဆောက်အအုံများကိုလွန်ခဲ့ပြီး ဤရိုးစင်း၍အေးချမ်းသည့်မြင်ကွင်းများကိုမြင်ရသည်က မဆိုးပါဟုသူတွေးမိသည်။

မည်မျှပင် သူ့စိတ်ထဲမကြေလည်ခြင်း ခံပြင်းခြင်း ယူကျုံးမရကသိကအောက်ဖြစ်ခြင်း စသောခံစားချက်များက နေရာယူထားသော်ငြား ဤပင်လယ်စင်ယော်များအစုလိုက်ပျံသန်းနေကြသည့် ကောင်းကင်ပြာပြာကိုမြင်ရခြင်းကသူ့စိတ်နှလုံးကိုအေးချမ်းစေသည်ကတော့ ဝန်ခံရမည်။

" ဂျေးရေ။ ဟိုရောက်ရင် ဦးလေးဘုံးရှစ်ရဲ့အိမ်ကိုတော့အရင်ဝင်ရမယ်ထင်တယ်။ အိမ်သော့ကသူ့ဆီမှာပဲရှိတာမို့။ "

နံဘေးမှ ဟီဆွန်း၏အသံကြောင့် ကားဘောင်ကိုမှီကာ အပြင်ဘက်ကိုငေးနေသည့် ဂျေး၏အာရုံကလက်တွေ့ဘဝထဲပြန်ရောက်လာသည်။ ဟီဆွန်းက ရှေ့တူရူကြည့်ကာ ကားမောင်းနေရင်းနှင့်မှ ဂျေးဘက်သို့တစ်ချက်လှည့်ကြည့်ရင်း

" မင်းရှုပ်ရှုပ်ယှက်ယှက်မကြိုက်တာငါသိပါတယ်။ ဒါပေမဲ့ သူများနေရာရောက်မှတော့သူများလုပ်ထုံးကိုတော့လိုက်နာရမှာပေါ့။ ကြားဖူးတယ်မလား ရောမကိုရောက်ရင် ရောမလိုကျင့်ရမယ်တဲ့။ ".

ဟီဆွန်းက သူ၏နှာတံချွန်ချွန်ပေါ်လျှောကျနေသည့် ကိုင်းထူထူမျက်မှန်အားပင့်တင်ရင်း လူတတ်ကြီးလေသံဖြင့်ထိုသို့ဆိုသည်။
ဂျေး၏မျက်ခုံးနှစ်ဖက်သည်ဆက်လုနီးပါး ကြုတ်မိသွားကာ။ သူ၏စိတ်အာရုံသည်လည်း အလွန်အမင်းမကြည်မလင်ဖြစ်သွားသည်။ ( အစတည်းကလည်း ကြည်လင်လှတယ်ရယ်လို့မဟုတ်ပေမဲ့။)

You've reached the end of published parts.

⏰ Last updated: Aug 03, 2023 ⏰

Add this story to your Library to get notified about new parts!

Bring the summer along with you Where stories live. Discover now