" မွေ့စံကို အချိန်တိုင်းသတိရနေအောင်လို့ ကိုကို့ကို လက်ဆောင်ပေးထားတာ ... ဒီလက်ပတ်ကို ကိုကိုစိတ်ခံစားချက်မကောင်းတဲ့အခါ၊ အထီးကျန်ဆန်နေတဲ့အချိန်တွေရယ် ပြီးတော့ ကံမကောင်းဘူးလို့ခံစားလာရရင် ဒီခေါင်းစည်းကြိုးလေးကို ကံကောင်းခြင်းလက်ပတ်လေးအနေနဲ့ ပတ်ထားပေးနော် "

နေဟန်မှိုင်းလည်း သူ့လက်က နံ့သာရောင်ခေါင်းစည်းကြိုးလေးကို ပီတိအပြုံးနှင့်ကြည့်နေခဲ့သည်။ သူ့ဘဝတွင် မိဘနှစ်ပါးဆုံးပြီးချိန်၌ မည်သူတစ်ဦးတစ်ယောက်ထံမှ လက်ဆောင်မရရှိခဲ့သည်မှာ နှစ်အတော်ကြာခဲ့လေပြီ။ ထို့ကြောင့် တန်ဖိုးမမြင့်သော ဤလက်ဆောင်ငယ်လေးအား အလွန်သဘောကျမိလျက်။

" အွန်း ... ကိုယ်သေချာသိမ်းထားပြီး လိုအပ်တဲ့အချိန် ထုတ်ဝတ်မယ် "

" ဟုတ်ပြီ၊ ကိုကိုကရော ဘာလက်ဆောင်ပေးမှာလဲ ... ခုပေးစရာမရှိလည်း နောက်ကျပေးရမယ်နော် "

သူမ၏စကားကြောင့် နေဟန်မှိုင်းခေါင်းထဲတွင် ပေါ်လာသည်မှာ သူ၏အမည်းရောင်လက်ကိုင်ပဝါပင်။

" လောလောဆယ် မွေ့စံလေးကိုပေးထားတဲ့လက်ကိုင်ပဝါရှိမယ် "

" အာ ... ဟုတ်သားပဲနော်၊ ကိုကို့လက်ကိုင်ပဝါရှိတာပဲ၊ မွေ့စံအပိုင်ယူသွားပြီ "

" ဒါနဲ့  ... "

နေဟန်မှိုင်းမှာ စကားကိုအဆုံးထိမပြောနိုင်ဘဲ အသက်တစ်ချက်ရှူရှိုက်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း လေရှူထုတ်ခဲ့သည်။ ထို့နောက်တွင် သူ၏စကားကို ပြန်ဆက်ပြောဖို့ ပြင်လိုက်သည်။

" ကိုယ့်ကိုရွေးချယ်လိုက်လို့ နောင်တရမိတဲ့အချိန်တွေရှိလာခဲ့ရင် လမ်းခွဲချင်လည်းရတယ်နော် ... မွေ့စံလေးကို တစ်သက်လုံးပျော်အောင်ထားပါ့မယ်တို့၊ အမြဲတမ်းရှိနေပါ့မယ်တို့ ကိုယ်ကတိမပေးနိုင်တာ ခွင့်လွှတ်ပါ၊ ဒါကတော့ ကိုယ်က ဒုစရိုက်ကောင်ဖြစ်နေလို့လေ၊ ဒါပေမဲ့ ကိုယ့်ဘဝထဲကို မွေ့စံဝင်လာတာ နှစ်ကြာလာရင်တော့ ကိုယ်ဒီလောကကနေ ရအောင်ကို ထွက်မှာပါ၊ မွေ့စံအနေနဲ့ ကိုယ်လူကောင်းတစ်ယောက်ဖြစ်လာဖို့ အချိန်တွေတော့ အများကြီးစောင့်ရလိမ့်မယ် "

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Onde histórias criam vida. Descubra agora