တံတားဘေးမှာရှိတဲ့ ခုံတန်းအရှည်ကြီးပေါ်မှာပဲထိုင်ကာ ဂျယ်ယွန်းမျက်လုံးတွေကိုပိတ်ပစ်လိုက်တော့သည်။
"ဟင့် ပါပါး ..."
မျက်လုံးတို့ပိတ်ထားရင်း ကလေးငိုသံလေးကြောင့် မျက်ခုံးတို့တွန့်ကုန်ရသည်။
"ဟင့် ဗြဲ ... !"
ငိုသံကမဆိုသလောက်လေးထပ်နည်းနည်းပိုကျယ်လာလို့ မျက်လုံးဖွင့်ကြည့်တော့ ဂျယ်ယွန်းဘေးနားမှာထိုင်နေတဲ့ကလေးမလေး။ ဂါဝန်ပန်းရောင်ကလေးဝတ်ထားပြီး ဆံပင်ရှည်ရှည်ကောက်ကောက်လေးတွေကို နှစ်ဖက်ခွဲစီးထားသည်။ လက်ထဲမှာလည်း ပူဖောင်းကလေးတစ်လုံးကိုကိုင်ထားသည်။
"ဟင့် ... ပါပါး !"
ဂျယ်ယွန်းလက်မောင်းကိုလာဖက်ကာ အော်ငိုနေတဲ့ကလေးမကြောင့် မလန့်သွားဘူးဆိုရင် လိမ်ရာကျမည်။ ဘေးဘီကလူတွေရော ၊ စျေးသည်တွေရော ၊ စုံတွဲတွေပါ ဂျယ်ယွန်းနဲ့ ထိုကလေးမလေးကို ဝိုင်းကြည့်လာသည်။
"ကလေးလေး ... ဖေဖေတို့နဲ့လူကွဲသွားလို့လား ?"
"ဟင့် ... ဗြဲ ... !"
ဂျယ်ယွန်းမေးတာလည်းမဖြေပဲ လက်မောင်းကိုပဲဖက်ကာ ငိုသည်။ လူတွေကလည်းဝိုင်းကြည့်ကာ ခပ်တိုးတိုးပြောနေကြပြီမို့ ဂျယ်ယွန်းမှာ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ။
"ခဏ ... ခဏလေး ... တိတ်ပါဦး"
ဂျယ်ယွန်းပြောလိုက်သော်လည်း ကလေးလေးကတော့ ခေါင်းတို့သာခါယမ်းပြီး ငိုနေဆဲ။
"ဟင့် ... အင့် !"
အနည်းငယ်လောက်ကြာတော့ ငိုရတာမောသွားသည်ထင်။ ရှိုက်သံလေးတွေသာ ကျန်ခဲ့ပြီး ငိုသံတို့တိတ်သွားပြီ။
"ကလေးလေး ... ဦးဦးကိုပြောပါဦး"
ဂျယ်ယွန်းက ထိုကလေးမလေး ပခုံးကနေကိုင်ကာမေးတော့ ငိုမဲ့မဲ့လေးဖြစ်လာသည်။
"ဟင့် ... ဒယ်ဒီ !"
ဂျယ်ယွန်းကိုင်ထားတဲ့လက်တို့ကိုဖယ်ပြီး တံတားပေါ်ကဖြတ်သွားတဲ့ကောင်လေးတစ်ယောက်ကို သွားဖက်သည်။
အော် ... လူကွဲတာပြန်တွေ့သွားလို့လား ?
ဂျယ်ယွန်းစိတ်ချလက်ချနဲ့တင် ထလိုက်မသွားတော့ပဲ ထိုင်နေရာကတင်အကဲခတ်နေလိုက်သည်။