အခန်း (၁)

106 6 0
                                    

ပထမပိုင်း - ပြန်လည်ပေါက်ဖွားလာသော ဗောဓိနွယ်ပင်များ
                        အခန်း (၁)
    ထိုက်ချန်နန်းတော်ထဲမှာ လွင့်မျောနေတဲ့တိမ်တွေလို နံရံတွေပေါ်မှာပွင့်နေကြတဲ့ပန်းတွေကို ရပ်ကြည့်ရင်း သုံဟွာ ဖုန်းကျိုကိုပထမဆုံးစတွေ့တဲ့ရက်ကို တွေးတောနေမိ၏။

   အဲ့အချိန်တုန်းက သူ ဖုန်းကျိုကို လုံးဝ စိတ်မဝင်စားခဲ့ဘူး။ ထိုက်ချန်နန်းတော်ထဲမှာပဲ တံခါးပိတ်နေတဲ့ နတ်မင်းကြီးတစ်ပါးဖြစ်တာနဲ့အတူ ရာသီဥတုအပြောင်းအလဲတွေ၊ နေဝင်နေထွက်၊ လပြည့်လကွယ်၊ ကံကောင်းခြင်း၊ ကံဆိုးခြင်းတွေကိုလဲ သတိမပြုမိခဲ့ဘူး။
   မိုးနတ်မင်းကြီးရဲ့အဆက်မပြတ်တောင်းဆိုမှုကြောင့်သာ ထိုက်ချန်နန်းတော်က ထွက်ပြီး မင်္ဂလာပွဲကို လိုက်လာခဲ့ရပေမဲ့ သူ လုံးဝစိတ်မဝင်စားခဲ့ဘူး။ ဒါကြောင့် ဝမ်ရှန်ကန်ရဲ့ရေလှိုင်းနဲ့အတူ ထွက်ပေါ်လာတဲ့ မိန်းကလေးကိုရော သူမရဲ့အသံသာကိုပါ သူ မမှတ်မိခဲ့ဘူး။ သူမ စီမင်ကို “ခုနက ပြောနေကြတဲ့ ကျုံးဟူတောင်ကမိန်းမပျိုချင်က တကယ်ပဲ ဦးလေးကို ကြိုက်နေတာလား?” မေးလာလေတော့ သူ ပြုံးမိသွားတယ်။

    သုံဟွာ ဖုန်းကျိုကို ပထမဆုံးသတိပြုမိတာက ရဲ့ဟွာရဲ့မင်္ဂလာပွဲမှာပေါ့။

    အိမ်ရှေ့စံက လက်ထပ်တော့မယ်။ ဒါ့အပြင် သူလက်ထပ်မယ့်သူက နတ်မင်းတိုင်းက တလေးတစားနဲ့ ‘ကူးကူး’လို့တင်စားခေါ်ဝေါ်ကြရတဲ့ နတ်မင်းပိုင်ချန်လေ ဒါကြောင့် သူတို့ရဲ့မင်္ဂလာပွဲဟာ တစ်ခြားသူတွေနဲ့မတူ တစ်မူထူးခြားနေပါတော့သည်။ နတ်ပြည်က နတ်မင်းတွေကို ၉နေရာခွဲကာ နေရာပေးတယ်။ နတ်ပြည်ကနတ်မင်းတွေအပြင် တစ်ခြားဖိတ်ကြားထားခံရသူများလဲ တက်ရောက်ကြတယ်။ သူတို့ကတော့ အထွတ်အထိပ်ကျော်ကြားသူတွေ လူတွေနဲ့ ဗုဒ္ဓလမ်းစဉ်ကို လိုက်နာသူများဖြစ်ကြပါသည်။

   ကျီချင်နန်းတော်ကတော့ အလင်းရောင်တွေ ထိန်လင်းလျက်ရှိသည်။ ဧည့်ခံပွဲကတော့ ကျင်းပနေဆဲပါပဲ။

   တာဝန်ရှိတဲ့မိုးနတ်မင်းကတော့ မူယာမာယာများလျက်ရှိတယ်။ ဘယ်ပွဲဖြစ်ဖြစ် ၃ခွက်ပဲ သောက်တတ်တဲ့သူ့အကျင့်အတိုင်း သူ့မြေးမင်္ဂလာပွဲမှာတောင်မှ ချွင်းချက်မထားဘဲ ၃ခွက်ပဲသောက်ကာ မူးပြီဆိုပြီး နန်းဆောင်သို့ပြန်လေသည်။

   တစ်ခြားတစ်ဖက်မှာလဲ နည်းနည်းနဲ့မူးတတ်တဲ့ သတို့သားရဲ့ဟွာက ဒီညကျမှ ပိုနေသလိုပဲ ၃ဝိုင်းအရောက်မှာပဲ နတ်ငယ်တစ်ယောက်က သူ့ကိုတွဲကာ ရှီဝူနန်းတော်ကို လိုက်ပို့လိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် သုံဟွာကတော့ မူးချင်ဟန်ဆောင်နေတဲ့ အိမ်ရှေ့စံ သူဘာသာသူ လမ်းကောင်းကောင်း လျှောက်နိုင်မှန်း သိနေလေရဲ့။

   သူတို့နှစ်ယောက် ကျီချင်နန်းတော်က ထွက်ခွာသွားပြီးတဲ့နောက် နတ်မင်းတော်တော်များများလဲ အကြောင်းပြကာ ထွက်ခွာကြတော့သည်။ ဧည့်ခံပွဲတစ်ခုလုံး ငြိမ်သက်သွားတယ်။ သုံဟွာလဲ လက်ထဲက ဝိုင်ခွက်ကို အဆုံးသတ်ပြီး ပြန်ဖို့ပြင်တော့သည်။ သူတို့မရှိတော့မှ နတ်ငယ်လေးတွေ စိတ်လွတ်ကိုယ်လွတ် သောက်နိုင်မှာလေ။

   သူ ခွက်ကိုချပြီး ထိုင်ခုံကနေအထမှာ ခန်းမပေါက်ဆီက ဆူမိုပန်းအိုးတစ်လုံး ရုတ်တရက်ထွက်လာတယ်။ အဲ့ပန်းအိုးရဲ့အနောက်မှာ အဖြူရောင်ဝတ်ထားတဲ့မိန်းမပျိုလေးကို ဝိုးတိုးဝါးတား မြင်နေရသည်။ သူမက ဦးခေါင်းကိုညွှတ်ထားကာ လက်တစ်ဖက်က ဂါဝန်စကိုမ,ထားပြီး တစ်ခြားတစ်ဖက်က ပန်းအိုးကို ကိုင်ထားတယ်။ သူမကို သတိမထားမိစေရန်အလို့ဌာ ထောင့်အစွန်ဆုံးက စားပွဲတွေကနေ လျှောက်သွားကာ နေရာရှာလို့နေ၏။

   သုံဟွာ ဘေးစောင်းကြည့်လိုက်ပြီးမှ သင့်တော်တဲ့နေရာရွေးကာ ပြန်ထိုင်လေသည်။

   စင်ပေါ်က အကမယ်တွေ နားချိန်ရောက်လာတော့သည်။ အဖြူရောင်ဝတ်ထားတဲ့မိန်းမပျိုလေးက တစ်ယောက်ပြီး တစ်ယောက်ကို ဝင်တိုက်ပြီးတော့ နောက်ဆုံးမှာ ထိုင်စရာနေရာရှာတွေ့သွားတော့သည်။ သူမ ဘေးဘီကို သတိထားကြည့်ပြီးတော့မှ ပန်းအိုးကြီးနောက်ကနေ အလျင်အမြန် တွားသွားထွက်လာခဲ့တော့၏။ လက်ခုပ်တီးနေတဲ့ပိရိသတ်တွေနဲ့အတူ သူမ ပေါ့ပေါ့ပါးပါးလေး ထိုင်ပြီး ဝင်လက်ခုပ်တီးလေသည်၊ တစ်ချိန်တည်းမှာပဲ ပန်းအိုးကြီးကို ခြေထောက်မှာ ချိတ်ပြီး စားပွဲခုံအောက်မှာ ဝှက်ဖို့ကြိုးစားတယ်။

   သူမ ဝှက်မရဖြစ်တယ်၊ ထပ်ကြိုးစားတယ် ဒါပေမဲ့ မရပြန်ဘူး၊ ဒါကြောင့် သူမ ကန်ပစ်လိုက်တယ်။

   နောက်ဆုံးတစ်ခေါက်မှာတော့ ပြင်းပြင်းလေး ကန်ပစ်လိုက်တယ်။ ကံဆိုးတဲ့ပန်းအိုးဟာ ပျံဝဲကာ စင်ပေါ်က အကမယ်တွေကိုဖြတ်ပြီး ထွက်မသွားသေးတဲ့သုံဟွာသီကျွင်းဆီ တည့်တည့်ဦးတည်လေသည်။

   နတ်မင်းတွေအားလုံးက ပန်းအိုး သုံဟွာ့နဖူးနား မရောက်ခင် ၃လက်မအလိုလောက်မှာ ရပ်သွားမယ်လို့ ထင်နေခဲ့ကြတယ်။

   သုံဟွာက ပါးကိုလက်ဖဝါးနဲ့ထောက်ပြီး တစ်ခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ ပန်းအိုးကို လေထဲမှာပင် ဖမ်းလိုက်တယ်။ ပန်းအိုးလာရာ လမ်းကြောင်းအတိုင်း တရားခံကို မျက်လုံးဝှေ့ကာ ကြည့်လေသည်။

   အားလုံးကလဲ စုပေါင်းပြီး လိုက်ကြည့်ကြ၏။

   ပြဿနာရှာတဲ့တရားခံက ခဏတော့ ကျောက်ရုပ်ဖြစ်သွားတယ်။ အဲ့နောက်မှာတော့ ဖုန်းကျိုက တည်တည်ငြိမ်ငြိမ် ပညာရှိလေသံဖြင့် သူမဘေးက သဲရောင်ဝတ်စုံနဲ့မင်ဂူဘက်ကိုကြည့်၍ “မင်ဂူ ဘာလို့ ဒီလိုပြဿနာရှာရတာလဲ? သူများခေါင်းကို ပန်းအိုးနဲ့ ကန်ရတယ်လို့ဟယ်?” ဟုဆိုလေသည်။

   ဧည့်ခံပွဲလဲပြီးတော့ အဲ့အင်္ကျီဖြူ ဆံထိုးဖြူလေးနဲ့ မိန်းကလေးက ဖုန်းကျိုဖြစ်ကြောင်း၊ ချင်းချူရဲ့ အငယ်ဆုံးဘုရင်မဖြစ်ကြောင်း စောင့်ရှောက်သူတစ်ဦးက သုံဟွာကို ပြောပြ၏။

   အိမ်ရှေ့စံရဲ့ဟွာရဲ့ မင်္ဂလာပွဲက ၇ရက်တိုင်အောင် ကျင်းပခဲ့သည်။

   မင်္ဂလာပွဲအပြီးမှာ ကောင်းကင်မင်းသား၃ လန်ရှန်းရဲ့ နှစ်၆၀မှာတစ်ခါ ကျင်းပတဲ့ပန်းပွဲတော် ကျရောက်လို့လာ၏။ ဒါကြောင့် နတ်မင်းတွေဟာ မင်္ဂလာပွဲပြီးသွားတဲ့နောက် နေရပ်ကိုယ်စီ မပြန်ကြသေးဘဲ နတ်ပြည်မှာသာ ဆက်လျက်စံမြန်းလျက်ရှိကြသည်။

   သန့်စင်မှုနဲ့နာမည်ကြီးတဲ့ရေကန်တွေထဲက တစ်ချို့က ခုထိ နတ်ပြည်မှာ တည်ရှိနေသေးတယ်။ ၁၃ထပ်မြောက် ကောင်းကင်ဘုံရဲ့ကြာဖြူရေကန်ကတော့ ကျန်ရှိနေသေးတဲ့ သန့်စင်ရေကန်တစ်ကန်ပါပဲ။ ဘာလို့ကျန်ရှိနေရတာလဲဆိုရင် ဒီရေကန်ဟာ သုံဟွာနတ်မင်း စံမြန်းရာ ထိုက်ချန်နန်းတော်ရဲ့နံဘေးမှာ ရှိနေလို့ပါ။ ဒါကြောင့် တော်တော်များများက မနှောင့်ယှက်ရဲဘူးလေ။

   သို့ပေမဲ့လဲ အဲ့ဒီထဲမှာ ခုမှ အိမ်ရှေ့စံနဲ့လက်ထပ်ပြီးခါစ နတ်မင်းပိုင်ချန် မပါဘူး။

    ဧပြီလ၁၇ရက် လေပြေနွေးလေးတိုက်ခတ်ချိန်မှာ ပိုင်ချန်ဟာ သူ့တူမလေးဖုန်းကျိုအတွက် ကြာဖြူကန်နားမှာ အပန်းဖြေခရီးလေးအဖြစ် တွေ့ဆုံပွဲလေး၂ခု ပြင်ဆင်ပေးထားခဲ့သည်။

   ပိုင်ချန်က ရဲ့ဟွာကို သူမ၏သက်တော်၁၄၀၀၀၀မှာ လက်ထပ်ခဲ့တာ။ နောက်ပြီး သူမရဲ့လက်ထပ်မှုဟာ အချိန်အခါသင့်တော်တယ်လို့ပဲ ပိုင်ချန်ယုံကြည်နေခဲ့တာ၊ ဒါပေမဲ့ တစ်ခြားသူတွေကတော့ သူမတို့တွေကို စံပြအဖြစ် ထားနေကြတာကို သူမ, မတားဆီးနိုင်ဘူး။ အချိန်အတော်ကြာစဉ်းစားပြီးတဲ့နောက်မှာတော့ သူ့တူမလေးဖုန်းကျိုဟာ ခုမှ သက်တော်၃၀၀၀၀ပဲရှိသေးတာကို လက်ထပ်ဖို့တိုက်တွန်းရတာကို နောင်တရနေပြန်၏။ သို့ပေမဲ့လည်း သူမရဲ့အဖေပိုင်ယီကိုယ်တိုင် ကိုယ့်ကို အကူအညီတောင်းထားတာ ဆိုတော့လဲ ငြင်းဆန်ရခက်နေပြန်သည်။

   နတ်ပြည်ရဲ့ရှုပ်ထွေးနေတဲ့ပန်းပွဲတော်မှာ ပိုင်ချန် နောက်ဆုံးတော့ တွေ့ဆုံပွဲအတွက် တိတ်ဆိတ်တဲ့ နေရာကောင်းလေး ရှာတွေ့သွား၏။ တစ်ချိန်တည်းမှာပဲ သုံဟွာသီကျွင်းဟာ ထိုက်ချိန်နန်းတော်ထဲမှာပဲ အမြဲတစေ နေလေ့ရှိပြီး အပြင်ကိုထွက်ခဲတယ်၊ သူ့နန်းဆောင်ရှေ့မှာ တိုက်ခိုက်မှုပဲဖြစ်ဖြစ် မီးလောင်မှုပဲဖြစ်ဖြစ် ဘယ်ဟာကိုမှ ဂရုမစိုက်ဘူးလို့ ကြားသိခဲ့ရတယ်။ ပိုင်ချန်နေ့တစ်ဝက်ကြာအောင် စုံစမ်းပြီး သေချာတော့မှ ထိုက်ချန်နန်းတော်ဘေး ကြာဖြူကန်မှာ တွေ့ဆုံပွဲလေးအတွက် ပြင်ဆင်တော့သည်။

   တွေ့ဆုံပွဲ၂ခုကို တစ်ခုပြီးတစ်ခုဖြစ်စေဖို့ ပြင်ဆင်ထားပေး၏။

   ကံမကောင်းစွာနဲ့ပဲ ဒီနေ့မှာ အားလုံးရဲ့အစီအစဉ်တွေ လွဲချော်ကုန်တယ်။ သုံဟွာသီကျွင်းဟာ သူ့နန်းတော်ထဲကနေ ထွက်ရှိလာရုံတင်မက တွေ့ဆုံပွဲရဲ့အနီးအနားကိုပါ ရောက်ရှိနေ၏။ တွေ့ဆုံပွဲနဲ့ ခြေလှမ်း၅၀အကွာ မိုးမခပင်ကြီးရဲ့နောက်ကွယ်မှာ မျက်လုံးကိုမှိတ် ဝါးကုလားထိုင်ပေါ်မှာ စိမ်ပြေနပြေမှီကာ သူ့မျက်နှာကို တရားစာအုပ်နဲ့ကာပြီး ငါးမျှားလျက်ရှိတယ်။ သူ့ခြေထောက်ကိုလည်း ခရမ်းရောင်ဝါးတုတ်ပေါ်မှာ တင်ထားလျက်ရှိသည်။

   ဖုန်းကျိုတစ်ယောက် မနက်စာစား၊ လက်ဖက်ရည်သောက်ပြီးနောက် ၁၃ထပ်မြောက် ကောင်းကင်ဘုံကို မသွားသေးဘဲ အချိန်ဖြုန်းနေပါတယ်။

   မိုးပြာရောင်ရေကန်ပြင်ကြီးကို ကြာဖြူတွေက အပိုင်စီးထား၏။ ရေပြင်ပြာမှာ ပေါလောပေါ်နေတဲ့ ကြာဖြူတွေက တိမ်လေးတွေနဲ့အလားသဏ္ဌာန်တူကြတယ်။ ရှုခင်းကတော့ ပန်းချီဆရာတွေ လက်မှိုင်ချလောက်ရအောင်ပါပဲ။    

   အပြာရောင်ဝတ်နတ်မင်းတစ်ပါးကတော့ ဖုန်းကျိုအလာကို စားပွဲမှာ ယပ်တောင်ခပ်ရင်း စောင့်နေပါတယ်။ ဖုန်းကျိုလေးကိုလဲ လှမ်းမြင်လိုက်ရော ယပ်တောင်ပိတ်ကာ စတင်ပြုံးပြပါသည်။

   ဖုန်းကျို ဒီနတ်မင်းကို တကယ်ပဲ မမြင်ဖူးခဲ့ဘူး။ သူမ,သိတာက ဒီနတ်မင်းဟာ လူပြည်က တောင်ပေါ်မှာ တရားကျင့်ကြံခဲ့တဲ့ နတ်ပြည်ရဲ့အပိုင်းတစ်ခုက သခင်လေးတစ်ယောက် ပြီးတော့ ယဉ်ကျေးဖော်ရွေတယ်။ သူ့ရဲ့တစ်ခုတည်းသောအားနည်းချက်က စေ့စပ်သေချာလွန်းတာပါပဲ။ သူက မတိကျတဲ့သူတွေ ထုံးစံအတိုင်းမလုပ်တတ်တဲ့သူတွေကို မကြိုက်ဘူး။ ဒါကြောင့် ဖုန်းကျို တမင်တကာကို နာရီဝက် နောက်ကျပြီးမှ လာခဲ့တာ။

   သို့သော် အခုတော့ ဒီဇီဇာကြောင်တဲ့နတ်မင်းက သူမကို စိတ်ရှည်သည်းခံပြီး စောင့်နေတုန်း “ဒီလိုမှန်းသိ နောက်ထပ် နာရီဝက်လောက်နေမှ လာပါတယ်”ဟု စိတ်ထဲက ပြောနေမိ၏။

   သာမန်စားပွဲလေးပဲဆိုတော့ နှစ်ယောက်သား ဟိတ်ဟန်တွေ ထုတ်မနေဘဲ ဒီအတိုင်းထိုင်ပြီး စကားစပြောပါတော့သည်။

   သူမတို့ရဲ့စကားသံတွေဟာ ဆူညံလွန်းလို့ သုံဟွာ မျက်နှာပေါ်က စာအုပ်ကိုမ,ကာ မိုးမခပင်အရိပ်ကနေ ဖြတ်ပြီး လှမ်းကြည့်လိုက်သည်။ ခြေလှမ်း၅၀အကွာမှာ ဖုန်းကျိုဟာ ယပ်တောင်ပုံယွန်းလင်ဗန်းကို မျက်မှောင်ကြုတ် စိုက်ကြည့်ကာ ခေါင်းလေးစောင်းလျက်ရှိ၏။

   လင်ဗန်းထဲမှာ ပန်းကန်တွေ ပြည့်နှက်နေတယ်။ အထဲမှာ သုံးလင်ကျောက်စိမ်းအိုးနဲ့ ဝိုင်နှင့်အတူ ဟင်းပွဲမျိုးစုံရှိနေပါသည်။

   နတ်ပြည်ရဲ့စားပွဲတွေဟာ အစဉ်အလာအတိုင်း ပွဲလိုက်ဖြစ်၏။ နတ်မင်းတိုင်းအတွက် လင်ဗန်းတစ်ချက်စီဖြစ်သည်။ ဟင်းပွဲတွေ အကုန်တူကြသော်လည်း ဝိုင်ကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်…

   အပြာရောင်နတ်မင်းက ယပ်တောင်ကိုပိတ်ကာ စကားလမ်းကြောင်းစပါတော့သည်။ “တိုက်ဆိုင်လိုက်တာ ကျွန်တော်တို့မိသားစုတွေက နတ်ပြည်အတွက် တာဝန်ထမ်းဆောင်ပေးနေတာ နတ်မင်းကြီးပိုင်ချန်နဲ့ စကားပြောဖြစ်ကြတော့ သူက သူ့တူမလေး ဘုရင်မဖုန်းကျိုက ယဉ်ကျေး…”

   ဖုန်းကျိုလေး အသက်ရှုမှားဖွယ် အမြန်နှုန်းနဲ့ ဝက်ခြေထောက်ကို အပြီးသတ်စားလိုက်တာကို မြင်ပြီး “သိမ်မွေ့တယ်”လို့ဆက်ပြောမည့်စကားက သူ့လျှာဖျားမှာတင် တစ်သွားတယ်။ ဖုန်းကျိုကတော့ တူနဲ့ ကျန်နေတဲ့အချည်ရည်တွေကို ပွတ်ရင်း ထိုနတ်မင်းကို “ယဉ်ကျေး ဘာဖြစ်တာလဲ?”လို့ ကျို့ထိုးသံဖြင့် မေးလေသည်။

   ပါးစပ်ထောင့်မှာလဲ အချည်ရည်တွေ ပေပွလို့နေ၏။

   သိမ်မွေ့တဲ့အပြာရောင်နတ်မင်းကတော့ သူမလေးကို မယုံကြည်နိုင်စွာနဲ့ ကြောင်ကြည့်လို့သာ နေတော့သည်။

   ဖုန်းကျို အင်္ကျီလက်ထဲကနေ မှန်သေးသေးလေးကို ထုတ်ကာ “ကျွန်မမျက်နှာမှာ တစ်ခုခု ပေနေတာလား?” ဟု ပွစိပွစိပြောရင်း မှန်ကိုမြှောက်ကာ ကြည့်တော့သည်။ တစ်ခဏလောက်ကြာတော့ “အို ဒီမှာပေနေတာပဲ”

   ဖုန်းကျို အင်္ကျီလက်နဲ့ ပါးစပ်ကို ထိထိရောက်ရောက် ပွတ်တိုက်သန့်ရှင်းလေသည်။ အဖြူရောင် အင်္ကျီလက်ကလေးကတော့ ဝက်ဆီတွေ စွန်းထင်းလို့သွား၏။
အသန့်ရှင်းကြိုက်တဲ့အပြာရောင်နတ်မင်းရဲ့မျက်နှာကတော့ မိုးလိုမှောင်နေပြီ။

   ဖုန်းကျိုကတော့ ဘာမှမဖြစ်သလိုနဲ့ မှန်ထဲမှာ သူမမျက်နှာသူမ အခါခါ ကြည့်ရင်း အင်္ကျီလက်နဲ့ ပွတ်လိုက်ကွာလိုက် လုပ်နေခဲ့တယ်။ မှန်ရဲ့သစ်သားလက်ကိုင်မှာတောင် ဆီပေနေတဲ့လက်ရာတွေ ပွလာတော့သည်။

   အပြာရောင်နတ်မင်းရဲ့မျက်နှာဆို မိုးပြိုနေတဲ့အတိုင်းပဲ။

   ထိုအချိန်လေးမှာပဲ တူက အချည်ရည်နှစ်စက် စကျင်ကျောက်စားပွဲပေါ် ကျကုန်တယ်။

   ဖုန်းကျို တူကို ပါးစပ်ထဲပြန်ထည့်လိုက်ပြီး လက်သည်းနဲ့ ပေနေတဲ့အစွန်းကို ပွတ်တိုက် ဖယ်ရှားလေသည်။ ဒါပေမဲ့ မပြောင်ဘူး။ ဒါနဲ့ အင်္ကျီလက်နဲ့ ထပ်ပွတ်လိုက်တယ်။ အဲ့တော့မှ အစွန်းပြောင်သွားတော့သည်။

   ပိုးပုဝါစလေး လှမ်းပေးတော့မယ့် အပြာရောင်နတ်မင်းရဲ့လက်လေး လေထဲမှာတင် ရပ်တန့်သွားတယ်။

   တစ်ယောက်ကိုတစ်ယောက် နေ့တစ်ဝက်လောက် စိုက်ကြည့်နေမိကြ၏။ ထိုအချိန်မှာ အပြာရောင်နတ်မင်း၏မျက်နှာ မှုန်သုန်သွားတော့သည်။ “ဘုရင်မလေး ဖုန်းကျို ဆက်လက်သုံးဆောင်တော်မူပါ ကျွန်တော်မျိုး လုပ်စရာလေးရှိတာ အခုမှ သတိရမိလို့ သွားခွင့်ပြုပါဦး ကျွန်တော်တို့ နောက်အားတဲ့တစ်နေ့မှ ဆက်စကားပြောကြရအောင်”ဟု ကြေကွဲသံလေးနဲ့ နှုတ်ဆက်လေသည်။ နှုတ်ဆက်စကားပြောပြီးပြီးချင်းပဲ ထွက်ခွာသွားတော့သည်၊ အပြာရောင်နတ်မင်း လမ်းလျှောက်တာ ဘယ်လောက်မြန်သလဲဆို နောက်က ကျားလိုက်နေတဲ့အတိုင်းပါပဲ။

   သုံဟွာသီကျွင်း မျက်နှာပေါ်ကတရားစာအုပ်ကို ခွာလိုက်ပြီး ဖုန်းကျို တူကိုင်လျက် ဝမ်းနည်းစွာ တာတာ့ ပြနေတာကို စောင့်ကြည့်နေမိတော့သည်။ သူမရဲ့တောက်ပတဲ့မျက်ဝန်းလေးတွေထဲမှာ ခံစားချက်မျိုးစုံ လင်းလက်လျက်ရှိ၏၊ ထိုမျက်ဝန်းတွေရဲ့အနောက်မှာ လျှို့ဝှက်အပြုံးလေးတစ်ခုရောရှိနေတယ်။ “ကောင်းကောင်းပြန်ပါ ကျွန်မကို အကြာကြီး စောင့်ရအောင် မလုပ်ပါနဲ့နော်…”ဟု နောင်တရတဲ့ အသံလေးနဲ့ အော်ပြောလေ၏။ အပြာရောင်နတ်မင်းလဲ သူမ,မြင်ကွင်းကနေ ပျောက်သွားရော ဝါးလုံးကွဲ  ထရယ်လေတော့သည်။ ထို့နောက် လက်ကိုင်ပုဝါလေးကိုထုတ်ကာ လက်နဲ့အင်္ကျီလက်စကို စိမ်ပြေနပြေ သုတ်တော့သည်။

   နှစ်ပေါင်း၂၀၀လောက် ဒီလိုတွေ တွေ့ကြုံပြီးတဲ့နောက် ဖုန်းကျိုရဲ့ လူတွေကိုခြောက်တဲ့စွမ်းရည်ကလဲ တော်တော့်ကို ခရီးပေါက်နေပါပြီ။ ဒုတိယနတ်မင်းကလဲ သူ့ကိုယ်သူ ယုံကြည်ချက်ရှိရှိနဲ့ လာတွေ့တာပါပဲ။ ဒါပေမဲ့ လုံးဝကို အပြတ်အသတ် အရေးနိမ့်သွားတယ်။ နောက်ဆုံးတော့ စားပွဲပေါ်မှာ စားလက်စ အကြွင်းအကျန်ပဲ ရှိတော့သည်။

   တစ်နာရီလောက်အတွင်းမှာ ဝက်ခြေ၂ချောင်းတောင် စားခဲ့ရတာဆိုတော့ ဖုန်းကျို လုံးဝကို ဗိုက်ပြည့်သွားပြီ။ လက်ဖက်ရည်ခွက်လေးကို ကိုင်ပြီး ကြာဖြူကန်ကို မျက်နှာမူလိုက်၏။ အစာကြေမယ့်အချိန်ကိုစောင့်ရင်း ထိုက်ချိန်နန်းတော်ကို ထိုနေရာကနေပဲ ထိုင်ငေးကြည့်နေမိတော့သည်။

   သုံဟွာ ငါးသေးသေးလေးနှစ်ကောင် ဖမ်းမိတယ်။ အဲ့အချိန်မှာပဲ သူ့ရဲ့ခုနှစ်ထောင့်ခုနှစ်ရာ ရှစ်ဆယ့်ရှစ် မျက်နှာရှည်တဲ့စာအုပ်လဲ နောက်ဆုံးမျက်နှာကို ရှောက်ရှိနေပြီ။ ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့ နေလဲ မကြာခင်ဝင်တော့မယ်။ ဒါနဲ့ ပစ္စည်းတွေပြန်သိမ်းပြီး အိမ်ပြန်ဖို့ပြင်တော့သည်။ အိမ်အပြန်လမ်းက ကြာဖြူကန်ရဲ့တစ်ဘက်မှာရှိတဲ့ပျော်ပွဲစားပွဲလေးကို ဖြတ်ပြန်ရမှာ။

   ဖုန်းကျိုတစ်ယောက် လက်ဖက်ရည်ခွက်ကို အဘွားကြီးတစ်ယောက်လို တငေးတမော ကိုင်ထားဆဲပဲ ဖြစ်သည်။ ခြေသံလေးတွေ ကျယ်ကျယ်လာတော့ ဒီလိုအဘိုးကြီးတွေထက်နှေးတဲ့ခြေသံပိုင်ရှင်က မင်ဂူလို့ပဲ ထင်ခဲ့မိတာ။ “ဘာလို့ ဒီကို စောစောလာတာလဲ? ငါ သူတို့ကို အနိုင်ကျင့်လိုက်မှာကို စိုးရိမ်နေလို့လား?”ဟု နိုးတစ်ဝက် လေသံနဲ့ မေးလိုက်တယ်။

   ထို့နောက် သူမ တစ်ခြားထိုင်ခုံကို ပြောင်းထိုင်ပြီး “ဒေါ်ဒေါ် ဒီရက်ပိုင်းမှာ ထူးဆန်းလို့လာတယ် ဒီတစ်ခါတော့ ကလေးလေး၂ယောက်ကို ရွေးထားတာ လုံးဝမယုံနိုင်လောက်အောင်ပဲ ငါလဲ သူတို့ကို ရိုက်မလွှတ်ရက်လို့ ကြောက်ပြီးထွက်ပြေးသွားအောင်ပဲ နည်းနည်းဉာဏ်ဆင်လိုက်ရတာ ဒါပေမဲ့ ခုတော့ ငါ အရမ်းမောနေပြီ”ဟု ပွစိပွစိပြောလေတော့သည်။ သူမ လက်ဖက်ရည်ခွက်ကို ခဏလောက် ဆုပ်ကိုင်ထားခဲ့၏။ “ငါနဲ့တူတူ လာထိုင်ဦး ဒီနေရာကနေ နေဝင်နေထွက်ကို နောက်ဆုံးကြည့်ခဲ့ရတာတောင် တော်တော်ကြာနေပြီ ဒီမြင်ကွင်းကို လွမ်းနေမိတယ်”

   သုံဟွာ့ခြေလှမ်းတွေ သူမ၏စကားလုံးတွေကြောင့် ရပ်တန့်သွားပြီး နောက်က ထိုင်ခုံမှာ ဖြည်းဖြည်းချင်း ထိုင်လေသည်။ ထို့နောက် စားပွဲပေါ်က လက်ဖက်ရည်အိုး၂အိုးထဲက တစ်အိုးကိုရွေးပြီး လည်ချောင်းရှင်းဖို့ ကိုယ်ဘာသာကိုယ်ပဲ လက်ဖက်ရည်တစ်ခွက် ငှဲ့ခဲ့တယ်။

   ဖုန်းကျို ခဏလောက်ငြိမ်သက်လို့သွားသည်။ ကြာဖြူလေးတွေက သူမရဲ့စိတ်ထဲမှာ မီးပွားလေးလို တစ်စုံတစ်ရာကို သတိရနေစေ၏။ လက်ဖက်ရည်ခွက်လေးကို သူမ လက်ဖဝါးလေးပေါ်မှာတင်ပြီး “ကြာဖြူကန်က ကြာဖြူတွေက လူတွေရဲ့နှလုံးသားကနေ ဖြစ်တည်လာတာတဲ့ ငါတို့က တစ်ခြားနတ်မင်းတွေနဲ့ သိပ်မကျွမ်းဝင်တော့ မင်ဂူ ချင်းထီရဲ့ကြာဖြူလဲ ဒီမှာရှိမယ်လို့ ထင်သလား? … ငါ့ကိုဖြေပါဦး” ဟုပြောရင်း စကားစ ရပ်တန့်သွားပြီး သံသယနှင့် “တကယ်လို့သာ ရှိခဲ့မယ်ဆိုရင် ဘယ်တစ်ခု ဖြစ်မယ်လို့ထင်လဲ?” ထို့နောက် အဘွားအိုကြီးတစ်ယောက်လို သက်ပြင်းလဲ့လဲ့ချပြီး “ဒီတစ်ခုက သူနဲ့တူတယ်မလား…?”ဟု တစ်ယောက်တည်း ပြောနေမိတော့သည်။ သူမရဲ့စကားလုံးတွေက အာခေါင်ခြောက်သံလို ထွက်လာတော့ လက်ဖက်ရည်တစ်ငုံလောက် ထပ်သောက်လိုက်တယ်။

   သုံဟွာလဲ ပြန်မဖြေဘဲ လက်ဖက်ရည်ခွက်ကိုသာ ထပ်ဖြည့်လေသည်။ မင်ဂူလို့ခေါ်တဲ့နတ်မင်းက ဖုန်းကျိုနဲ့ အဲ့ဒီနေ့က တူတူရှိနေတဲ့သူ ဖြစ်ပုံရတယ်။ သူမကိုကြည့်ရတာ ကိုယ့်ကိုသူနဲ့ မှားခေါ်ပုံပဲ။ ချင်းထီဆိုတဲ့ နာမည်ကတော့ တစ်ခါမှ မကြားဖူးဘူး။

   သစ်ပင်အရိပ်တွေတောင် မြေကြီးပေါ်မှာ ပြန့်ကြဲနေပြီ။ သူမရဲ့အသံလေးဟာ မသဲမကွဲဖြစ်နေခဲ့ပြီး “လွန်ခဲ့တဲ့တစ်လကျော်ကျော်လောက်က အနောက်ပင်လယ်ကဆူးမိုယဲ့တစ်ယောက် ဦးလေး၄ကို သောက်ဖို့ဖိတ်ခေါ်ခဲ့တယ် ငါလဲ ဦးလေးကို ငါ့ကိုခေါ်သွားဖို့ ပူဆာခဲ့တာ ငါတို့ လူပြည်ကို ဖြတ်သွားတော့…” သူမ ခဏလောက် စကားစရပ်ပြီးမှ ဆက်ပြောလေသည်။ “ချင်းထီသေဆုံးပြီးတဲ့နောက် ကျင်းတိုင်းပြည်ကြီး ပျက်သုန်းသွားတာ ၇နှစ်ရှိနေပြီ” သူမ တုံ့ဆိုင်းလျက် “ဒီလိုဖြစ်တော့မယ်မှန်း အစကတည်းက သိနေခဲ့တယ်”ဟု ဖြည့်စွက်ပြောလေသည်။

    ဖုန်းကျို သက်ပြင်းထပ်ချပြန်၏။ ပြီးနောက် လက်ဖက်ရည်ငှဲ့ဖို့ နောက်ကိုလှည့်ရင်း ပါးစပ်ကလဲ တစ်တွတ်တွတ်ဖြင့် “ဆူးမိုယဲ့ဆီမှာ လက်ဖက်ခြောက်အသစ်တစ်မျိုး ရှိတယ်တဲ့ ဘာနာမည်ပါလိမ့် အာ မျောလွင့်နေတဲ့ရေပြာစမ်းချောင်းလေးဆိုတာ အဲ့ဒါ အရမ်းကောင်းတယ် ငါ့အတွက် ဝါးခြင်းတောင်းလေး ရက်ထားပေးဦး နောက်တစ်ခါ အနောက်ဘက်ပင်လယ်ကိုသွားဖြစ်ရင် ငါ…”

   ဖုန်းကျို ခေါင်းမော့လိုက်တာနဲ့အတူ ဆက်ပြောမည့်စကားတွေလဲ လည်ချောင်းထဲမှာပဲ ပိတ်မိသွားတော့သည်။ နောက်တော့ ရုတ်တရက်ကြီး ဟန့်ချောင်းတွေ ဆိုးလာတယ်။ ချောင်းတော်တော်ဆိုးပြီးတဲ့နောက် ဖုန်းကျို ကိုယ့်ကိုကိုယ် ပုံစံပြောင်းထိုင်ပြီး လက်ဖက်ရည် ဆက်ငှဲ့လေသည်။ နေ့တစ်ဝက်လောက် သူမဆီက ဘာစကားမှ ထွက်မလာတော့ပေ။

   သုံဟွာ သူ့ရဲ့လက်ချောင်းသွယ်သွယ်လေးတွေကို မိုးပြာရောင်ကြွေခွက်လေးပေါ် တင်ထားလိုက်တယ်။ ကြွေခွက်ဖုံးပေါ်က လက်ချောင်းလေးတွေဟာ နေရောင်အောက်မှာ ရွှန်းစိုတောက်ပနေ၏။ သူ့ရဲ့ စိတ်မဝင်စားသလိုမျက်ဝန်းလေးတွေက ဖုန်းကျိုရဲ့ စွန်းထင်းနေတဲ့အင်္ကျီလက်စဆီမှာ ကပ်ငြိတွယ်လို့ နေတယ်။ ထို့နောက် ချောင်းဆိုးလွန်းလို့ ကြက်သွေးရောင်လို နီမြန်းပြီး ရှက်သွေးဖြာနေတဲ့ သူမမျက်နှာဆီသို့ သူ့အကြည့်တွေ ရွေ့လာသည်။ ဖုန်းကျိုရဲ့မျက်နှာတစ်ခုလုံးက ရွက်လှပန်းလေးတွေလို နီမြန်းလို့နေ၏။

   ဖုန်းကျို အရှက်ပြေအဖြစ် ဖြည်းဖြည်းချင်း မျက်နှာပေါ်မှာ အပြုံးလေးဆင်မြန်းလိုက်တယ်။ ပုံမှန်အပြုံးလေးတော့မဟုတ်ဘူး ရှက်ပြုံးလေးပဲပေါ့။ ထို့နောက် ယဉ်ကျေးပျူဌာသံနှင့် “အရှင်သီကျွင်း ဒီမှာရှိနေမှန်း ဖုန်းကျို မသိခဲ့ဘူး ဘယ်လောက်တောင် နမော်နမဲ့နိုင်လိုက်လဲနော် ကျွန်မက ချင်းချူက ဖုန်းကျိုပါ ဂါဝရပြုနှုတ်ဆက်တာကို လက်ခံပေးပါ”ဟု ဆိုလေသည်။

   သုံဟွာ သူမရဲ့နှုတ်ဆက်စကားကို နားထောင်ပြီး သူမကို တော်တော်ကြာအောင် ငေးစိုက်ကြည့်နေမိ၏။ ဖုန်းကျိုခေါင်းငုံဂါဝရပြုပြီး ပြန်ထိုင်တဲ့အထိစောင့်ပြီးမှ “ငါနဲ့တွေ့ဆုံရတာက ဒီလောက်ထိ အံ့သြစရာကောင်းလား?”ဟု အေးဆေးတည်ငြိမ်စွာ မေးလေသည်။

   သူမရဲ့ခြေလှမ်းတိုင်းက လုံးဝကိုတွက်ချက်ပြီးသားပါ။ ဖုန်းကျို နှုတ်ခမ်းလေးကို အံ့သြဟန်ပန် ရွေ့လိုက်ပုံက ပညာသားပါလှ၏၊ ထပ်ပြီး သူ့ကို ယဉ်ကျေးပျူဌာဖွယ် ပြုံးပြပြန်သည်။ “ကျွန်မ အရှင့်ကိုထပ်တွေ့ဆုံရတယ်ဆိုတာက မယုံနိုင်စရာပါပဲ ကျွန်မ ဘယ်လောက်ပျော်လဲဆိုတာ စကားလုံးတွေနဲ့တောင် စာဖွဲ့လို့မရပါဘူး ဒါပေမဲ့ အရှင်ကတော့ ကျွန်မကိုတွေ့ရတာ သဘောမကျပုံပဲ”

   သုံဟွာ ခေါင်းတစ်ချက်ညိမ့်လိုက်ပြီး “သူမ၏စကားလုံးအသုံးအနှုန်းတွေက အရမ်းကို ကောင်းမွန်နေတယ်”ဟု စိတ်ထဲကတွေးမိနေတယ်။ သူမ,ပြောတဲ့ပျော်ရွှင်မှုဆိုတာကို ဒီလို မချိပြုံး ပြုံးနေတဲ့ သူမမျက်နှာပေါ်ကနေ ခန့်မှန်းနိုင်ဖို့ခက်၏။  သုံဟွာ လက်တစ်ဖက်မြှောက်ပြီး လက်ဖက်ရည် နောက်တစ်ခွက် ငှဲ့လေသည်။

   သူတို့နှစ်ယောက် အဲ့ဒီနေရာမှာပဲ ရှိုးတိုးရှန်းတမ်း ဆက်ထိုင်နေကြ၏။ မကြာမီ ဖုန်းကျို ရေနွေးကုန်အောင် သောက်လိုက်ပြီး အိုးထဲမှရေနွေးများကို ခွက်ထဲသို့ ထူးဆန်းသောအနေအထားနဲ့ ငှဲ့လိုက်တယ်။ သုံဟွာ ဖျတ်ခနဲတစ်ချက်သာမော့ကြည့်ပြီး တစ်စက်ပြီးတစ်စက် သွန်ကျနေသောခွက်ကိုသာ ဆက်လက် ငေးမောနေမိသည်။ ခွက်ပြည့်သွားသောအခါ ရေနွေးပူများလျှံကျလာကာ သူမ၏အဖြူရောင် ဂါဝန်လေးပေါ်သို့ ဖိတ်ကျကုန်သည်။ ပေါက်စီကြော်လို သူမရဲ့အသားလေး ရဲခနဲ နီလာခဲ့၏။

   သုံဟွာတစ်ယောက် လက်လေးတွေကိုကျောက်သားစားပွဲပေါ် တင်ထားရင်း သူမလေးကိုသာ စိတ်ဝင်တစား စောင့်ကြည့်နေမိတယ်။

   အစကတော့ ညနေဆည်းဆာကို လွမ်းဆွေးတွေးငေးနေတဲ့သူမလေးကို စိတ်ဝင်စားမိတာ။ နောက်တော့ ဒီလို မြင်ကွင်းလေးဟာ အရင်ကနှင့်လုံးဝမတူ လွမ်းမောဖွယ်ကောင်းတယ်ဟု တွေးမိသည်။ ဒါကြောင့် သူမက ကိုယ့်ကိုထိုင်ဖို့ပြောသောအခါ မငြင်းမိခဲ့ပေ။ ခုတော့ သူမ ဒီလိုအမှားမှားအယွင်းယွင်းတွေ တမင်လုပ်ပြနေမှန်း သိရက်သားနဲ့ ရုတ်တရက်ကြီး ပြုံးမိတော့သည်။ သူမကတော့ ကိုယ်က အောင်သွယ်တော်မှ မိတ်ဆက်ပေးသောလူတွေထဲက တစ်ယောက်ဟု ထင်ချင်ထင်ပေလိမ့်မယ်။ သို့သော် သူမက ကိုယ့်ရဲ့နောက်ခံကို သိနေသောကြောင့် ရှေ့ကနှစ်ယောက်ကို လုပ်ခဲ့သလိုတော့ လုပ်ရဲလိမ့်မည် မဟုတ်ပေ။ သူမက ဒီအခြေအနေကို လှလှပပလေးရှောင်လွှဲနိုင်ဖို့အတွက် ကိုယ့်ကိုကိုယ်ကိုပင် စိုရွှဲအောင်လုပ်ဖို့ တွန့်ဆုတ်မနေတဲ့သူဖြစ်တယ်။ ဖိတ်ကျထားသောရေနွေးများဟာ သူမ၏ဂါဝန်ပေါ်တွင် အငွေ့တထောင်းထောင်းထနေဆဲဖြစ်ရာ ဘယ်လောက်ပူလဲဆိုတာ သိသာစေသည်။ သူမကတော့ ဒီလိုကိစ္စကြီးကို အပင်ပန်းခံပြီး လုပ်နေ၏။

   သုံဟွာ ပါးလေးကို လက်ဝါးနဲ့ထောက်ပြီး သူမ,ထွက်ပြေးဖို့ ကြိုးစားပုံကို အံ့အားသင့်နေမိ၏။ သူမက ပြန်လို့ရတော့မယ်ဆိုပြီး ပျော်နေတဲ့စိတ်ကလေးကို ဝှက်ပြီး နူတ်ဆက်စကားလေးကို ယဉ်ကျေးလေးစား နောင်တရပုံ ရောထွေးနေသောအမူအယာဖြင့် ဆိုလေသည်။ “လက်ဖက်ရည်တွေဖိတ်ကျကုန်ပြီ ကျွန်မကအရမ်းကို နမော်နမဲ့နိုင်တာပဲ ကျွန်မအရမ်းကိုညစ်ပတ်နေလို့ သီကျွင်းက ကျွန်မကို သွားခွင့်ပြုပါဦး နောက်နေ့မှ သီကျွင်းနဲ့ဘာသာရေးအကြောင်း ဆွေးနွေးဖို့ လာပါဦးမယ်”
   အဖြူရောင်ကြာပန်းလေးတွေရဲ့မွှေးရနံ့လေးတွေကို လေပြေလေးက သယ်ဆောင်လာသည်။ သုံဟွာ မျက်လွှာပင့်ကြည့်ရင်း သူမလက်ထဲသို့ ရေနွေးအိုးကြီးထည့်ပေးကာ ပေါ့ပေါ့ပါးပါးဆိုလာ၏၊ “ရေနွေးတစ်ခွက်လေးနဲ့ ဘာမှဖြစ်မသွားပါဘူး ဒီအိုးကို မင်းသုံးသင့်တာ ငါ အိုးကို နောက်ဆုံး ကိုင်ထားတုန်းကတောင် ရေနွေးတွေက အေးနေတာ ဒီရေနွေးအကုန်လုံး မင်းအပေါ်ထပ်ဖိတ်ကျမှ တကယ်ညစ်ပတ်တယ်လို့ ပြောလို့ရမှာ”

   “…”

   သုံဟွာသီကျွင်းဆိုတာ မိုးနတ်မင်းရာထူးကနေ နုတ်ထွက်ပြီးတဲ့နောက် ထိုက်ချန်နန်းတော်မှာပဲ သီးသန့်တံခါးပိတ်နေတာ။ ဒါကြောင့် နတ်ငယ်လေးတွေကတော့ သူ့ရဲ့နှုတ်ရေးအကြောင်းကို မသိလိုက်ရဘူး ဒါပေမဲ့ နတ်မင်းကြီးတွေအတွက်ကတော့ မမေ့နိုင်လောက်အောင်ပါပဲ။ အရှင်သီကျွင်းက စကားများများ ပြောတတ်တဲ့သူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူပြောလိုက်ပြီဆိုရင်လဲ စကားလုံးတွေက သူ့လက်ထဲက ဓားသွားလိုပဲ တိကျပြတ်သား ထိမိတယ်။

   ဒဏ္ဏာရီအရပြောရမယ်ဆိုရင် သုံဟွာသီကျွင်းရဲ့ ဂုဏ်သတင်းအကြောင်းကိုကြားမိတဲ့ နတ်ဆိုးမျိုးနွယ်စုက ခပ်တုံးတုံးသခင်လေးတစ်ယောက်ရှိခဲ့သည်။ သူက တစ်နှစ်မှာ သုံဟွာသီကျွင်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် နတ်ပြည်ကို စွမ်းစွမ်းတမံ ကျူးကျော်ဝင်ရောက်လာတယ်။ ဒါပေမဲ့ သိပ်မကြာလိုက်ဘူး သူ ထိုက်ချန်နန်းတော်ရဲ့တံခါးဝရောက်ရောက်ချင်းပဲ အစောင့်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်။

   အဲ့အချိန်မှာ သုံဟွာက ကြာဖြူကန်ဘေးမှာ တစ်ယောက်တည်း ကျားထိုးနေတာ။

   အတင့်ရဲတဲ့နတ်ငယ်လေးက ဖမ်းဆီးထားတဲ့အချုပ်အနှောင်တွေကြားကနေ သုံဟွာထွက်လာဖို့ကို မုန်တိုင်းသံလို အသံကျယ်ကြီးနဲ့ အော်ပြောခဲ့သည်။ သုံဟွာလည်း အသံကြားရော သူ့အစောင့်တွေကို ခေါ်မေးတယ်။ အဲ့အချိန်မှာပဲ သူက အသံကျယ်ကြီးနဲ့ “နတ်ပြည်ဆိုတာ တန်ခိုးအရှိန်အဝါနဲ့ တင့်တယ်တယ်လို့ နာမည်ကြီးတာ တကယ်လို့ သုံဟွာ့မှာသာ အရှက်သိက္ခာလေးနည်းနည်းကျန်သေးရင် ငါ့လိုတစ်ယောက်တည်းသမားကို အုပ်စုဖွဲ့ အနိုင်ယူမယ့်အစား တစ်ယောက်ချင်းယှဉ်ဖို့ ထွက်လာပါလား” စသည်ဖြင့် အော်ပြောလေသည်။

   သုံဟွာ လက်ထဲမှာစစ်တုရင်သေတ္တာလေးကိုကိုင်ပြီး ဖြတ်လျှောက်ရင်းကနေ နောက်ကို ခြေလှမ်း ၂လှမ်းလောက်ဆုတ်ပြီး မြေပြင်ပေါ်ကနတ်ငယ်လေးကို “ဘာလဲ…မင်းဘာပြောတာလဲ?”ဟု မေးလိုက်၏။

   နတ်ငယ်လေးက အံကြိတ်သံနဲ့ “အရှက်သိက္ခာ! အရှက်သိက္ခာကိုပြောတာ!”ဟု ပြန်ဖြေရာ သုံဟွာ ဖိနပ်ကိုပြန်ပြင်စီးရင်း “အဲ့ဒါ ဘာလဲ? တစ်ခါမှမကြားဖူးဘူး” ဟုပြောကာ ဆက်လျှောက်လေသည်။

   နတ်ငယ်လေးဆို စိတ်ဆိုးလွန်းပြီး အသက်ပြင်းပြင်း ရှုရင်းကနေ အဲ့နေရာမှာတင် သတိမေ့ လဲကျသွားတော့သည်။

   သုံးရက်ကြာပြီးတဲ့နောက် ဖုန်းကျိုတစ်ယောက် ချင်းယွင်နန်းတော်မှာ ဒေါ်ဒေါ်က သူ့သားတော်မောင်လေးကို ပြောဆိုဆုံးမနေတာကို စောင့်ကြည့်နေရင်းမှ ဒီပုံပြင်လေးအကြောင်းကို ကြားသိခဲ့ရတယ်။

    ချင်းယွင်နန်းတော်ဆိုတာ ပိုင်ချန်နဲ့ ရဲ့ဟွာရဲ့အချစ်ဆုံးသားလေး စံမြန်းရာနန်းဆောင်ဖြစ်သည်။ သူလေးကို မုန့်လုံးလေးလို့လဲ ချစ်စနိုးခေါ်ကြတယ်။ သူကတော့ မင်းသားလေး အားလီပါပဲ။

   အဝါရောင်တောက်တောက်ဝတ်စုံကိုဝတ်ထားတဲ့ မင်းသားလေးအားလီက သူ့မယ်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေခဲ့၏၊ သူက လူကြီးခုံမှာထိုင်နေတော့ ခြေထောက်လေးတွေက လေပေါ်မှာ တွဲလွဲကျနေတော့သည်။ အားလီလေးခင်ဗျာ သူ့ခြေထောက်ကို မြေကြီးပေါ်ချဖို့ အကောင်းဆုံး ကြိုးစားပေမဲ့လည်း သူက အရပ်ပုလွန်းပြီး ထိုင်ခုံက ရှည်နေလွန်းတယ်။ သူ နေ့တစ်ဝက်လောက်ထိ ကြိုးစားကြည့်တယ် ဒါပေမဲ့ ခြေထောက်ကိုမြေကြီးနဲ့ထိအောင် မလုပ်နိုင်သေးဘူး။ နောက်ဆုံးတော့ အားလီလေးတစ်ယောက် ခါးခါးသီးသီးနဲ့ပဲ လက်လျှော့လိုက်ရပြီး မယ်တော်ရဲ့သင်ခန်းစာတွေကို ခေါင်းလေးပုကာ နားထောင်ပါတော့သည်။

   “မင်းခမည်းတော် ငယ်ငယ်တုန်းကဆို ပိဋကတ်ကျမ်း ကောင်းကင်သြဝါဒတွေ သံတမန်ကျမ်းတွေကို အလွတ်ဆိုပြနိုင်ခဲ့တယ်လို့ ကြားထားတာ မင်းကတော့ ငါတို့အလိုလိုက်ထားတော့ ပျက်စီးနေတာ ခုဆို သက်တော် ၅၀၀တောင်ရှိနေပြီ ဟူးလင်ကျမ်းလေးကိုတောင် အလွတ်မရသေးဘူး ကောင်းပြီ ဒါလေးနဲ့က အဆုံးသတ်မဟုတ်သေးဘူး ဒါပေမဲ့လည်း မင်းခမည်းတော်နဲ့မယ်တော်ကိုတော့ မျက်နှာပန်းလေး လှအောင် စာတွေအလွတ်ရအောင် ကျက်မပေးနိုင်ဘူးလား?” ဟု ပိုင်ချန်ကတော့ သူ့သားကိုသူ ပြင်းပြင်းထန်ထန် ဝေဖန်ပါတော့သည်။

   မုန့်လုံးလေး သည်းတွားပြီး အချက်ကျကျပြန်တုံ့ပြန်လိုက်ပုံကတော့ “သားတော်လဲ ဒီလိုမဖြစ်စေချင်ပါဘူး ဒါပေမဲ့ သားရဲ့ထက်လွန်းတဲ့ဦးနှောက်က ခမည်းတော်ဆီက ဆက်ခံလာတာမှမဟုတ်တာ မယ်တော်ဆီက ဆက်ခံလာတာပဲ!”

   ဖုန်းကျို အားလီလေးရဲ့စကားကိုကြားရော ပါးစပ်ထဲကရေနွေးကြမ်းတွေတောင် ပြန်ပန်းထွက်လာတယ်။ ပိုင်ချန်က မျက်လုံးလေး ဆွေစောင်းကြည့်လာတော့ ဖုန်းကျိုတစ်ယောက် အရယ်လေးရပ်ကာ ဖြေရှင်းဟန်နဲ့ လက်ကလေးဝှေ့ယမ်းလိုက်၏။ “ဘာမှ မဖြစ်ပါဘူး ခုတစ်လော ဗိုက်မကောင်း ဖြစ်ဖြစ်နေတာ ဆက်ပြောကြပါ ပြောကြပါ…”

   ပိုင်ချန်မျက်လုံးလေးတွေ မုန့်လုံးလေးဆီ ပြန်လှည့်သွားပြီးတဲ့နောက်မှာ ဖုန်းကျိုတစ်ယောက် သုံဟွာသီကျွင်း နတ်ဆိုးမျိုးနွယ်ကသခင်လေးကို ရူးသွားအောင်လုပ်လိုက်တဲ့အကြောင်းကို ရုတ်တရက် ပြန်သတိရလာပါလေရော။ လက်ဖက်ရည်တစ်ခွက်သောက်ရင်းနဲ့ သူမကိုယ်တိုင်တောင် သတိမထားမိဘဲ ပြုံးနေမိတယ်။ သို့သော် သူမရဲ့ဝမ်းနည်းခြင်းဝတ်စုံကို ငုံ့ကြည့်မိလိုက်တာနဲ့ သူမ၏အပြုံးလေးတွေဟာ ရေငွေ့လေးတွေလို ပျောက်ကွယ်သွားတော့သည်။ လျောကျနေတဲ့ဆံနွယ်လေးတွေကို သိမ်းဆည်းဖို့ သူမ လက်ကလေး မြှောက်လိုက်တယ်။

   ဘဝမှာကြုံရတဲ့အခက်အခဲတွေက သူမခေါင်းပေါ်က ဆံပင်တွေလိုပဲ မရေမတွက်နိုင်အောင်ပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၇၀၀၀ကို ဘယ်လိုကျော်လွှားခဲ့လဲ မမှတ်မိတော့ဘူး။ ကိစ္စတွေအများကြီး ဖြစ်ပွားခဲ့တယ်။ သူမ မှတ်မိတဲ့အရာတွေရှိသလို မေ့ချင်ယောင်ဆောင်ထားတဲ့အရာတွေလဲ ရှိခဲ့တယ်။ မေ့ချင်ယောင် ဆောင်ထားတာနဲ့အမျှ တစ်ချို့ကိစ္စတွေဟာ အချိန်ကြာလာတာနဲ့အမျှ သူမရဲ့မှတ်ဉာဏ်ထဲကနေ တကယ်ပဲ ပျောက်ကွယ်သွားပုံတူ၏။ ချင်းချူဟာ လွန်ခဲ့တဲ့နှစ်၂၀၀အတွင်းမှာ မငြိမ်းချမ်းခဲ့ဘူး။ ဒါကြောင့် သုံဟွာ့အကြောင်းတွေးဖို့ အချိန်သိပ်မရှိခဲ့ဘူး။ သို့သော် ခု ကောင်းကင်ဘုံကိုလာတဲ့အချိန်မှာတော့ သူ့အကြောင်းကို မကြာခဏတွေးမိလို့နေ၏။ သူကတော့ ဖုန်းကျိုကို မမှတ်မိပုံပါပဲ။ သူ မမှတ်မိတာကလဲ သူမရဲ့ချစ်မျက်လုံးလေးတွေထဲမှာ ဆိုးဆိုးဝါးဝါးဖြစ်ပျက်သွားတဲ့အရာတစ်ခုမှ မဟုတ်တာ။

   ဖုန်းကျိုနဲ့သုံဟွာဟာ လောကသတ်မှတ်ချက်အရ မဖြစ်နိုင်ဘူး။ သို့သော် ‘မဖြစ်နိုင်ဘူး’လို့ ပြောကြတာကလည်း မရေရာတဲ့စကားပဲလေ။ သူမတို့ကို ကျိန်စာသင့်ကံတရားလို့ပဲ ပြောရတော့မယ်။

   လန်ရှန်းပန်းပွဲတော်ရဲ့နောက်ဆုံးနေ့ကို ရောက်ရှိလာခဲ့ပါပြီ။ အစဉ်အမြဲကျင်းပခဲ့သလိုပဲ ဒီနေ့မှာ ပန်းမျိုးစုံဟာ ကျက်သရေရှိရှိ တင့်တယ်သောအရောင်အဆင်းနဲ့အတူ တစ်ပြိုင်နက်တည်း ဖူးပွင့်လာခဲ့ကြ၏။ အနောက်ဘက်ကောင်းကင်ဘုံက ရှေးကျသောဘုရားရှင်များကတောင် လန်ရှန်းဆီက ရှားပါးတဲ့ ပန်းမျိုးစိတ်များကို ယူဆောင်ဖို့ ပန်းပွဲတော်ကို တက်ရောက်လာခဲ့ကြသည်။ ကောင်းကင်ဘုံတစ်ခုလုံး ပွဲတော်နဲ့ စည်ကားလို့နေ၏။ နတ်မင်းကြီးတွေကနေ နတ်ငယ်လေးတွေအထိ အကုန်လုံး ပွဲတော်ကို လာရောက်ဆင်နွှဲခဲ့ကြသည်။

   ဖုန်းကျိုကတော့ ပန်းတွေ မြက်ခင်းပြင်တွေနဲ့ပွဲတော်ကို လုံးဝစိတ်မဝင်စားဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သေမျိုးတိုင်းပြည်ကနေရောက်ရှိလာတဲ့ နတ်ငယ်တစ်ပါးဟာ အိမ်ရှေ့စံမင်းသားရဲ့ လက်ထပ်ပွဲအတွက် ထူးထူးခြားခြားပြဇာတ်လေးတစ်ပုဒ်ကို တင်ဆက်ပေးခဲ့တယ်။ ထိုအချိန်၌ ခုနှစ်ထပ်မြောက်ကောင်းကင်ဘုံရဲ့ချိန်ထျန်းကြည့်စင်မှာ မင်ဂူကတော့ “စစ်သူကြီးနဲ့ သူ၏ကြင်ယာတော်”ပြဇာတ်ကို ကပြဖို့ ပြင်ဆင်နေခဲ့သည်။

   ဖုန်းကျိုတစ်ယောက် အိတ်ကပ်လေးထဲမှာ ဖရဲစေ့တစ်အိတ် သယ်လာပြီး ကောင်းကင်ဘုံရဲ့ခုနှစ်ထပ်မြောက်မှာ ပြဇာတ်ကြည့်ဖို့ မုန့်လုံးလေးကို ခေါ်လာခဲ့တယ်။

   နူးညံ့ပြီးဖြူဖွေးတဲ့ဒီကလေးလေးက သူမရဲ့တစ်ဦးတည်းသော ဝမ်းကွဲမောင် မုန့်လုံးလေး အားလီလေးပဲပေါ့။

   ခုနှစ်ထပ်မြောက် ကောင်းကင်တံတိုင်းကြီးရဲ့တစ်ဘက်မှာတော့ မီးရှုးမီးပန်းများက ပရိသတ်ထုကို ဖြတ်ပြီး တောက်ပနေချိန်မှာ သုံဟွာသီကျွင်းကတော့ ကြီးကျယ်ခမ်းနားတဲ့ပန်းပွဲတော်အခမ်းအနားကနေ တိတ်တဆိတ်လေး လစ်ထွက်လာခဲ့ပါတော့သည်။ မြောင်ဟွားမှန်နားမှာ သီကျွင်းတစ်ယောက်တည်း   လက်ဖက်ရည်သောက်ရင်း စာအုပ်တွေကို ပြန်လှန်လှောကြည့်နေခဲ့တယ်။

   မြောင်ဟွားမှန်ဟာ ခုနှစ်ထပ်မြောက်ကောင်းကင်ဘုံရဲ့အထွတ်အမြတ်ထားရာ နေရာတစ်ခု ဖြစ်သည်။ ‘မှန်’လို့ ခေါ်ကြပေမဲ့ အမှန်တကယ်ကတော့ ရေတံခွန်တစ်ခုသာ ဖြစ်သည်။ ကမ္ဘာပေါင်းဘီလျံမှာ တိုင်းပြည်တွေသိန်းသန်းချီ ရှိသည်။ တကယ့်အရည်အချင်းရှိသူကတော့ ထိုတိုင်းပြည်တွေရဲ့ဖြစ်ပေါ်လာမှု ကျဆုံးမှုတို့ကို မှန်ထဲကနေကြည့်ရှုနိုင်သည်။

   ဒီလိုမျိုး ရေတံခွန်ရဲ့စွမ်းအားတွေက ပြန့်နှံ့လို့နေ၏။ ဒီစွမ်းအားတွေကို ကျော်လွှားနိုင်တဲ့နတ်မင်းတွေက နည်းပါးလွန်းလှသည်။ ရှေးနတ်မင်းကြီးတွေတောင် ဒီကိုရောက်လာရင် ခေါင်းမူးခေါင်းကိုက် ဝေဒနာ ခံစားကြရ၏။ ဒါကြောင့် ဒီနေရာကို အပန်းဖြေရာနေရာအဖြစ် သုံဟွာတစ်ဦးတည်းကသာ အသုံးပြုလာတာ အချိန်အတော်ကြာနေပြီ။

   ဖုန်းကျို ဂိတ်တံခါးကနေဖြတ်ပြီး မုန့်လုံးလေးကို ဦးဆောင်ခေါ်လာခဲ့ကာ “ဒီဘက်မှာပဲနေနော် မြောင်ဟွားမှန်နားကို မသွားရဘူး သူ့ဆီက စွမ်းအားတွေကြောင့် ဒဏ်ရာမရအောင် သတိထားနေ”ဟု ဆုံးမပါသည်။

   မုန့်လုံးလေးတစ်ယောက် စကားကို လိမ်လိမ်မာမာနားထောင်ပြီး အလှမ်းဝေးဝေးမှာသာ နေတော့၏။ ပြီးနောက် ကျောက်စရစ်ခဲလေးတွေကို ကန်ရင်း ပွစိပွစိ စကားဆိုလာခဲ့သည်။ “ခမည်းတော်က အရမ်း ကပ်စေးနှဲတယ် မနေ့ညက အားလီ မယ်တော်ရဲ့ချန်ရှန်းနန်းတော်မှာ အိပ်စက်နေတာကို ကောင်းကောင်းကြီး မှတ်မိတယ် ဒါပေမဲ့ ဒီနေ့မနက် အိပ်ရာကထတော့ ချင်းယွင်နန်းတော်ကို ပြန်ရောက်နေတာ ခမည်းတော်က အားလီလေး အိပ်ရင်း လမ်းလျှောက်ပြန်တာလို့ ညာပြောတယ်” အကူအညီမဲ့တဲ့ပုံနဲ့ ပုခုံးလေးတွန့်ပြပြီး “ခမည်းတော်က မယ်တော့်ကို တစ်ယောက်တည်း သိမ်းထားချင်လို့ အားလီလေးအိပ်ပျော်သွားတော့ ချီပြီး နန်းဆောင်ပြန်ပို့တာ သိသာနေတာပဲ ဒါပေမဲ့ ကိုယ့်သားအရင်းကိုကိုယ် လိမ်တယ်ဆိုတာ အရမ်း ရက်စက်တာပဲ”

   ဖုန်းကျို ဖရဲစေ့တွေကို လေထဲ လွှင့်ပစ်ရင်း “ဒါဆို မင်း ဘာလို့ ချန်ရှန်းနန်းတော်ကို ပြေးပြီး ငိုမပြတာလဲ? အဲ့ဒါ မင်းအမှားပဲ”ဟု ပြောကြားလိုက်တယ်။

   မုန့်လုံးလေး ဆတ်ခနဲ တုန်လှုပ်သွား၏။ “မိန်းကလေးတွေပဲ ငိုတာ ရန်ဖြစ်တာ တွဲလွဲခိုတာ လုပ်နိုင်တာလို့ သိထားတာ ယောက်… ယောက်ျားလေးတွေရော အဲ့လိုလုပ်လို့ …လုပ်ရတယ်ပေါ့ …ဟုတ်လား?” ဟု ထစ်ထစ်အအနဲ့ မေးပါတော့သည်။

   ဖုန်းကျိုတစ်ယောက် ပြန်ကျလာတဲ့ဖရဲစေ့တွေကိုဖမ်းရင်း “ရတာပေါ့ ရတာမှသိပ်ရတာပေါ့ ကလေးလေးရာ ကောင်းကင်ဘုံရဲ့စည်းမျဉ်းတွေမှာ ငါတို့ဘိုးဘေးဘီဘင်ကတည်းက ညီတူညီမျှ ခံစားခွင့်ရှိတယ်လို့ ရေးသားထားတာပဲ”ဟု မျက်နှာသေနဲ့ ပြန်ဖြေလေသည်။

   သုံဟွာတစ်ယောက် ပါးလေးကို လက်နဲ့ထောက်ပြီး ဖုန်းကျိုတို့နှစ်ယောက်ရဲ့အရိပ်လေး ပျောက်သွားသည်အထိ ငေးစိုက်ကြည့်နေမိ၏။ သူ့လက်ထဲမှာလဲ စာအုပ်လေးတစ်အုပ်နဲ့ပေါ့။ မြောင်ဟွားမှန်ဟာ စစ်ရေးနဲ့ပတ်သက်ပြီး တိုင်းပြည်ကြီးတွေရဲ့တိုးတက်ပြောင်းလဲမှုမှန်သမျှကို ပြောပြနိုင်သည်။ ထိုအကြာင်းလဲပြီးသွားရော ခေတ်တစ်ခေတ်ရဲ့အစနဲ့အဆုံးသတ်ကို ပြန်ပြောပြတယ်။ ထိုအချိန် ကျောက်စားပွဲပေါ်၌ လက်ဖက်ရည်တောင် ဆူပွက်လို့လာသည်။

   အဝင်ပေါက်ကနေ ချိန်ထျန်းကြည့်စင်ကိုရောက်ဖို့က အဝေးကြီးကို လိုနေသေး၏။

    သူမတို့ ကျောက်ခတ်ပင်တွေနား ရောက်တဲ့အခါ မုန့်လုံးလေးက အနားယူဖို့အတွက် ညည်းညူ ပြောဆိုတော့သည်။ သူမတို့ထိုင်ချလိုက်တော့ ကောင်းကင်ပေါ်ကနေ မျက်စိကျိန်းလောက်အောင်       လင်းလက်နေတဲ့ငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့တယ်။ အလင်းတန်းရဲ့အလယ်ဗဟိုမှာ      မြင်းရထားတစ်စီး ဒုန်းစိုင်းမောင်းနှင်လာ၏။ မြင်းရထားရဲ့ဘီးတွေက တိမ်စိုင်ကိုခွင်းပြီးနောက် တိမ်အစိုင်အခဲလေးတွေကိုအနောက်မှာ ကျန်ရစ်စေခဲ့သည်။ ဝါဂွမ်းစလေးတွေလို တိမ်တွေ အဝေးလွင့်သွားတဲ့အခါ တောရိုင်းပန်းနံ့လေးများ လေထဲမှာ ကြာရှည်စွာမွှေးပျံနေတော့၏။

   ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းလေးတစ်ခုပါပဲ။ မြင်းရထားလုံးဟာ တိုင်းပြည်ငယ်တစ်ခုကနေ          ကောင်းကင်ဘုံပန်းပွဲတော်ကို လာတက်တဲ့နတ်သမီးတစ်ပါးရဲ့မြင်းရထား ဖြစ်၏။

   လျှပ်တစ်ပြက်အချိန်လေးတွင်းမှာပဲ ရထားလုံးက ပျောက်ကွယ်သွားခဲ့သည်။ ၈ထပ်မြောက်            ကောင်းကင်ဘုံကို မောင်းနှင်နေတဲ့ရထားလုံး ဖြစ်ဟန်တူ၏။ ကျောက်ခတ်ပင်တွေရဲ့အနောက်မှာတော့                   အစေခံကောင်မလေး၂ယောက်ရဲ့အတင်းပြောသံတွေနဲ့ ဆူညံနေတော့သည်။

   “မြင်းလှည်းထဲကတစ်ယောက်က အရှင်သုံဟွာသီကျွင်းကို ပြုစုစောင့်ရှောက်ခဲ့တဲ့ သူ့ရဲ့ညီမ မင်းသမီး ကျစ်ဟောလား?”လို့ အစေခံတစ်ယောက်က မေးလိုက်သည်။

   “တယ်ကြွားဝါတတ်တာပဲ”လို့ ကျန်တစ်ယောက်က လေးလေးပင်ပင်နဲ့ပြန်ပြော၏။ “ဒါပေမဲ့ အချိန်ကုန်တာ ဘာလို့ ဒီလောက်မြန်ရတာလဲ သူမက လူ့ပြည်မှာ နှစ်ပေါင်းသုံးရာနေဖို့ အပြစ်ပေးခံခဲ့ရတာလေ”

   “ဘာလို့ မင်းသမီးကျစ်ဟောက ပြည်နှင်ဒဏ်ခံခဲ့ရတာလဲ? အဲ့တုန်းက နင် ၁၃ထပ်မြောက် ကောင်းကင်ဘုံမှာ ခစားခဲ့ရတာလေ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ နင် ငါ့ကို ပြန်ပြောပြပါလား?”

   အစေခံက အချိန်အတော်ကြာ တွေးတောနေပြီး နောက်ဆုံး လေသံတိုးတိုးလေးနဲ့ ပြန်ပြောပြ၏။ “ငါလဲ သေချာတော့ မသိဘူး ဒါပေမဲ့ အဲ့ဒီနှစ်တုန်းက တကယ့်ကို ဒုက္ခရောက်တဲ့အချိန်ကာလပဲ သူတို့ပြောကြတာတော့ နတ်ဆိုးမျိုးနွယ်စုရဲ့အကြီးဆုံးမင်းသမီးက ထိုက်ချန်နန်းတော်နဲ့လက်ဆက်ရတော့မှာ ဒါပေမဲ့ မင်းသမီးကျစ်ဟောက သုံဟွာသီကျွင်းကို ချစ်နေတော့ မင်္ဂလာပွဲပျက်အောင် လုပ်ခဲ့တယ်လေ မိုးနတ်မင်းကြီးက အဲ့သတင်းကိုကြားတော့ အရမ်းဒေါသထွက်ပြီး မင်းသမီးကို အဆင့်နှိမ့်ချပြီး လူ့ပြည်ဆီ နှင်ထုတ်ခဲ့တယ်”

   ပထမမေးတဲ့တစ်ယောက်က မေ့လဲမတတ် လန့်သွားခဲ့သည်။ “နင်ဘာပြောလိုက်တာလဲ? ထိုက်ချန်နန်းတော်နဲ့ လက်ဆက်တယ် ဟုတ်လား?  ဘာလို့ ဒီကောလဟာလသတင်းကို တစ်ခါမှ မကြားဖူးတာလဲ? အရှင်သီကျွင်းက ဘယ်တော့မှ လောကီကိစ္စတွေမှာ ဝင်မပါဘူးလို့ ထင်နေတာ”

   ခဏတော့ စကားသံတွေတိတ်ဆိတ်သွားပြီး အခြားတစ်ယောက်က ပြန်ပြောခဲ့တယ်။ “နတ်ဆိုးမျိုးနွယ်စုနဲ့ ကောင်းကင်ဘုံပေါင်းစည်းရေးအတွက် စီစဉ်တဲ့အဲ့အချိန်မှာ ကောင်းကင်ဘုံမှာ သခင်လန်ရှန်းနဲ့ အရှင်သီကျွင်းကပဲ လက်မထပ်ရသေးတာ အဲ့ဒါလည်း ငါတို့အလုပ် မဟုတ်ပါဘူးလေ ဒါ့အပြင် အရှင်ကလဲ ကောင်းကင်စည်းမျဉ်းတွေကလွဲပြီး တစ်ခြားဘာကိုမှ စိတ်မဝင်စားတာ မိန်းမယူတယ်ဆိုတာ ဘာလဲဆိုတာကိုတောင် သိမှာမဟုတ်ဘူး”

   ပထမနတ်သမီး သက်ပြင်းချပြီးတဲ့နောက် စကားစရပ်ချင်သေးပုံ မပေါ်သေးဘဲ တခြားအကြောင်းကို ဆက်ပြောလေသည်၊ “ဒါနဲ့ လွန်ခဲ့နှစ်ပေါင်း၃၀၀လောက်က အရှင်သီကျွင်းနဲ့ တွေ့ဆုံခဲ့တာကို သွားသတိရတယ် အဲ့တုန်းက အရှင့်ဘေးမှာ မြေခွေးနီလေးတစ်ကောင် ရှိနေခဲ့တာ ထိုက်ချန်နန်းတော်ထဲက အကြီးအကဲတွေ ပြောကြတာကတော့ အရှင်သီကျွင်းက အဲ့မြေခွေးလေးကို အရမ်းချစ်ပြီး သွားလေရာကို ခေါ်သွားလေ့ရှိတယ်တဲ့ ဒါပေမဲ့ လွန်ခဲ့ရက်က အိမ်ရှေ့စံမင်္ဂလာပွဲမှာတော့ ဘာလို့ မြေခွေးနီလေးကို ငါမတွေ့မိတာပါလိမ့်?”

   အကြာကြီး ငြိမ်သက်သွားပြီးတဲ့နောက် တခြားနတ်သမီးတစ်ပါးက သက်ပြင်းချပြန်၏၊ “အဲ့မြေခွေးလေးက တကယ်ပဲ အရှင်သီကျွင်းရဲ့အချစ်တော်လေးပဲ ဒါပေမဲ့ ထိုက်ချန်နန်းတော်က အရှင်ရဲ့မင်္ဂလာပွဲအကြောင်း ကြေညာပြီးတဲ့နောက် သိပ်မကြာခင်ပဲ မြေခွေးလေး ခြေရာလက်ရာမကျန်ဘဲ ပျောက်ဆုံးသွားတယ် အရှင်သီကျွင်းဆို  နတ်ပြည်၃၆ထပ်လုံးမှာ သူ့ကိုရှာဖို့ စစ်သည်တွေ စေလွှတ်ခဲ့တယ် ဒါပေမဲ့ အဆုံးထိအောင် မြေခွေးလေးကို ရှာမတွေ့ခဲ့ကြဘူး”

   ဖုန်းကျို ကျောက်တုံးကြီးပေါ်မှီရင်း ဖရဲစေ့အိတ်ကို လေပေါ်မြှောက်လိုက် ဖမ်းလိုက်နဲ့ ဆော့ကစားနေခဲ့၏။ နောက်ဆုံးတစ်ခေါက်မှာတော့ အားတော်တော်သုံးပြီး အိတ်ကို ကြာကန်လေးရဲ့ဘေး ကျောက်ခက်ပင်တွေ ကြားကို လွှင့်ပစ်လိုက်တယ်။ အစေခံနတ်သမီးတွေ ထိတ်ထိတ်ပြာပြာဖြစ်ကုန်ပြီး ထွက်ပြေးသွားကြ၏။ သူတို့ခြေသံတွေ တဖြည်းဖြည်း တိုးသွားတာနဲ့အမျှ တော်တော်ဝေးဝေးကို ရောက်သွားမှန်း သိသာစေသည်။

   မုန့်လုံးလေး ဒေါသကြောင့် မျက်နှာလေးနီရဲမလာခင် သူ့ကိုယ်သူ ပြန်ထိန်းလိုက်တယ်။ ကြာကန်ထဲက ရေလှိုင်းလေးကို ငေးကြည့်ရင်းကနေ “ပြဇာတ်သွားကြည့်ရင် သားတို့ ခုဘာစားကြရမှာလဲ?”ဟု ငိုသံလေးစွက်ကာ မေးလေသည်။

   ဖုန်းကျို အင်္ကျီပြန်ပြင်ပြီး ထွက်သွားဖို့ ထရပ်လိုက်၏။ မုန့်လုံးလေးက ခေါင်းငုံ့ကာ ငြိမ်သက်၍ နေတော့သည်။ “ဒီမှာ မြေခွေးလေးရှိတာကို ဘာလို့ သားက မသိရတာလဲ?” ပြီးနောက် မုန့်လုံးလေးက သိချင်စိတ်ဖြင့် “အဲ့မြေခွေးလေးကရော ဘယ်ကိုထွက်သွားတာလဲ?”ဟု တစ်ယောက်တည်း ရေရွတ်နေတော့သည်။

   ဖုန်းကျိုတစ်ယောက်ကတော့ လမ်းဆက်မလျှောက်ဘဲ နောက်မှာငြိမ်သက်၍ကျန်နေခဲ့သော အားလီကို ရပ်စောင့်ရပါတော့သည်။

   မနက်ခင်း နေမင်းကြီးရဲ့ပထမဆုံးအလင်းတန်းများက နတ်ပြည်၇ထပ်မှာ ရွှေရောင်အလင်းတန်းလို ဖြန့်ကြဲနေပုံရှုခင်းက ပန်းချီဆရာတောင် လက်မှိုင်ချရမယ့်ရှုခင်းမျိုးပါပဲ။

   ဖုန်းကျိုတစ်ယောက် မျက်နှာကို ရွှေရောင်အလင်းတန်းတွေဆီမှ ကာရင်း “သူ့အိမ်သူ ပြန်သွားတာနေမှာပေါ့”ဟု ပြန်ဖြေလိုက်တယ်။ ထို့နောက် မုန့်လုံးလေးကို လည်ပြန်လှည့်ပြီး စူးစိုက်ကြည့်လိုက်သည်။ “ဟေး ဂျပုလေး မြန်မြန်မလျှောက်နိုင်ဘူးလား”

   မုန့်လုံးလေး ဇွတ်ခေါင်းခါပြပြီး “မလျှောက်နိုင်ဘူး”ဟု ပြန်ဖြေလေသည်။

   ချိန်ထျန်းကြည့်စင် အဝင်ဝကိုရောက်တော့မှသာ ကောင်းကင်ပေါ်မှ အရုဏ်ဦးမြင်ကွင်းဟာ မနက်ခင်းနေမင်းကြီးရဲ့ နှင်းဆီရောင်တိမ်များကြားက ဖြာထွက်လာတဲ့အလင်းတန်းများကြောင့် မဟုတ်ကြောင်း ဖုန်းကျိုတစ်ယောက် သိရှိသွားတော့၏။

   ချိန်ထျန်းကြည့်စင်ရဲ့ မီတာ၁၀၀အကွာမှာ မတ်တပ်ရပ်ရင်း ဖုန်းကျိုတစ်ယောက် ရေခဲတုံးကြီးတစ်တုံးလို သတိမေ့နေတော့သည်။

   လက်တစ်လှမ်းအကွာက ရေခဲကျောက်တွေနဲ့ပြုလုပ်ထားတဲ့ မီတာ၁၀၀လောက်ရှည်လျားသော ချိန်ထျန်းကြည့်စင်ကို မီးပင်လယ်ကြီးက ဝန်းရံထားလျက်ရှိသည်။ အကယ်၍ မင်ဂူသာ အကာကွယ်တံတိုင်းတစ်ခု မြန်မြန်ဆန်ဆန် မလုပ်ခဲ့ရင် ဒီမီးတွေဟာ အခုဆို အဆ်ိုတော်တွေနဲ့ အကမယ်လေးတွေကို ဝါးမြိုပြီး ဖြစ်ပါလိမ့်မယ်။ စောစောက ပြောခဲ့တဲ့ အလှမယ်လေးရဲ့ ခြေမြန်တော်မြင်းလှည်းဟာ မျက်စိတစ်မှိတ်အတွင်း မီးတွေရှေ့မှာ ရပ်တန့်သွား၏။
   ဟုန်းဟုန်းတောက်လောင်နေတဲ့မီးလျှံတွေနောက်ကနေ ရုတ်တရက် စူးစူးဝါးဝါး အသံကြီး ထွက်ပေါ်လာခဲ့သည်။

   ဖုန်းကျိုတစ်ယောက် မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး နောက်ဆုံးတော့ ဒီမီးပင်လယ်ဖြစ်စေတဲ့သူကို တွေ့ရှိသွားတော့သည်။ ချီရန်မီးတောက်ဌက်ဟာ မီးပင်လယ်ကြားမှာ အတောင်ပံခတ်လျက်ရှိသည်။ သူ့ရဲ့သွေးဆာနေတဲ့ပါးစပ်ထဲကနေ မီးတောက်တွေ ပစ်ခတ်နေ၏။ ကြေးဝါရောင်ခေါင်းလောင်းကြီးကို ပတ်၍ မီးပင်လယ်ကို တစ်ခေါက်ပြန်လာကာ မင်ဂူရဲ့အကာကွယ်တံတိုင်းကို ရန်လိုစွာနဲ့ တိုက်ခိုက်လေ၏။ အကာအကွယ်တံတိုင်းဟာ စတင်ပြီးအက်လာပါတော့သည်။ အကမယ်တွေရဲ့မျက်နှာမှာဆ်ို ကြောက်ရွံ့မှုတွေ စိုးမိုးလျက်ရှိကြ၏။ ကြောက်လွန်းလို့ ငိုကြွေးနေဟန်တူ၏။ သို့သော် အကာကွယ်တံတိုင်းကြောင့် အသံတွေကို အပြင်က မကြားနိုင်ပေ။ ရေခဲပန်းချီကားလို ထိတ်လန့်ခြောက်ခြားဖွယ် အခြေအနေတစ်ခု ဖြစ်လာခဲ့ပါသည်။

   မင်းသမီးကျစ်ဟောရဲ့ ကောင်းကင်ဘုံကို ပြန်လာရတဲ့အကြောင်းပြချက်က သိသာလွန်းလှ၏။ တစ်ဖက်မှာ သူမက သခင်လန်ရှန်းရဲ့ပန်းပွဲတော်ကို တက်ရောက်ဖို့လာခဲ့တယ်။ အခြားတစ်ဖက်မှာတော့ ဒီအခွင့်အရေးကိုသုံးပြီး သူမနှလုံးသားက တောင့်တနေတဲ့ သူမရဲ့အကိုတော် သုံဟွာသီကျွင်းနဲ့ တွေ့ဆုံဖို့ ဖြစ်သည်။ အရင်တုန်းက ပြဇာတ်ပွဲအတွက် နတ်မင်းကြီးပိုင်ချန်ကိုပေးရမယ့်အကြွေးကို ကောင်းကင်ဘုံကို ပြန်လာဖို့အခွင့်အရေးအဖြစ် အသုံးချခဲ့သည်။ ပိုင်ချန် ပြဇာတ်ကြိုက်တာကို သိတဲ့ကျစ်ဟောက ပိုင်ချန်အတွက် သူမရဲ့အဆိုပညာရှင်၊အကမယ်လေးများနဲ့တင်ဆက်ဖို့ ပြင်ဆင်ခဲ့တယ်။ ဒီအကြောင်းပြချက်ကြောင့် ပြဇာတ်ဖျော်ဖြေမှုကိုကြီးကြပ်သူအဖြစ် ကောင်းကင်ဘုံမှာထွက်ပေါ်လာနိုင်ခဲ့တာ ဖြစ်သည်။

   သူမက ဘာကြောင့်မှန်းမသိ မကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ တစ်ယောက်တည်း ခံစားနေမိ၏။  တစ်ယောက်ယောက်က ချီရန်မီးတောက်ဌက်ရဲ့ ပိတ်ပင်ထားတဲ့အနှောင်အဖွဲ့ကို ဖြည်ပေးခဲ့ပြီး သူမရဲ့စစ်ရထားလုံး ပြဇာတ်နေရာကိုရောက်တဲ့အချိန်၌ မီးလောင်မှု ဖြစ်ပွားခဲ့တော့သည်။

  ကျစ်ဟောက အမှန်တကယ်တော့ ရေနတ်သမီးဖြစ်သည်။ထိုက်ချန်နန်းတော်မှာနေထိုင်တုန်းက သူမဟာ သမုဒ္ဒရာလေးခုရဲ့ရေနတ်ဘုရား အနောက်ကုန်းမြေတွေအတွက် မိုးကိုခေါ်ပေးတဲ့အရှင်လန်ရှန်းရှန်းကျွင်းရဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့၏။ ဒါက ကောင်းကင်ဘုံကနတ်သမီးတွေအတွက် ရှားပါးလှတဲ့အခွင့်အရေးတစ်ခု ဖြစ်တယ်။ ထိုအကြောင်းပြချက်ကြောင့် သူမကို အဆင့်နှိမ့်ချပြီး သေမျိုးတိုင်းပြည်ငယ်ဆီ ပို့ဆောင်ခံရသော်လည်း သူမဟာ ရေနတ်ဘုရားအဖြစ် တည်ရှိနေခဲ့တာဖြစ်သည်။

   သို့သော် အခုအချိန်မှာတော့ သူမရဲ့မိုးခေါ်နိုင်တဲ့ စွမ်းရည်ဟာ အနည်းငယ် အသုံးဝင်မယ်ဆိုတာ သိနေခဲ့တယ်။ သူမက ရှေ့ကမီးတောက်ဌက်ကြီးရဲ့ပြိုင်ဖက် မဟုတ်ဘူး။ သူမ အကူအညီကိုရှာဖွေဖို့ စဉ်းစားနေတုန်း အကာကွယ်တံတိုင်းထဲက နတ်သားတစ်ပါးဟာ သူမကို တစ်ခုခု အော်ပြောနေခဲ့တယ်။ သူက ဒီပြသနာကိုဖြေရှင်းနိုင်မယ့်ပုံပေါ်၏။ နောက်ပြီး သူ အော်ဟစ်ပြောဆိုနေပေမဲ့ သူမ ဘာအသံမှ မကြားခဲ့ရဘူး။

   မှုန်ဝါးတဲ့အဖြူရောင်အaလင်းတန်းလေး သူမရဲ့မျက်စိရှေ့ကဖြတ်သွားတော့ ကြောက်ရွံ့ထိတ်လန့် နေခဲ့၏။ လေထဲမှာတော့ အဖြူရောင်ပိုးစနဲ့ခြေညှပ်ဖိနပ်လေးက ရှေ့ကို ညင်ညင်သာသာ ရွေ့လျားနေပြီး လူးလွန့်နေတဲ့အင်္ကျီလက်လေးများက ပူလောင်နေတဲ့ လေထဲမှာလွင့်ကာ  ပဒုမ္မာကြာပန်းပွင့်ဖတ်လေးများ ပျံ့လွင့်နေပုံနဲ့တောင် တူသည်။

   ကျစ်ဟောတစ်ယောက် ခြေညှပ်ဖိနပ်လေးကနေ အပေါ်သို့မော့ကြည့်လိုက်ရာ နူးညံ့ပါးလွှာသောဂါဝန်ကိုတွေ့ပြီး ရင်တလှပ်လှပ်ခုန်သွားခဲ့တယ်။ သူမရဲ့မှတ်ဥာဏ်ထဲမှာ ဒီမျက်နှာလေးကိုတွေ့ဖူးနေသလို ရှိနေ၏။ အေးစက်လှတဲ့နှုတ်ခမ်းတစ်စုံ၊ ဖြောင့်စင်းတဲ့နှာတံ၊ မက်မွန်ပွင့်လေးနဲ့တူတဲ့မျက်လုံး၊ ကြော့ရှင်းတဲ့မျက်ခုံးနဲ့ အတူ လှပလှတဲ့နဖူးလေးရဲ့အလယ်မှာ ဖီးနစ်ပန်းပုံ အမှတ်အသားလေးရှိနေသည်။

   ဒါပေမဲ့ သူမ မှတ်မိတဲ့ဒီကောင်မလေးက ထိုက်ချန်နန်းတော်ကအစေခံတစ်ယောက်ပဲ။ အပျိုပေါ်ဝင်စ အရွယ်တုန်းက အဲ့ကောင်မလေးကို အရမ်းမနာလိုဖြစ်ခဲ့ရသည်။ သုံဟွာတောင် ဒီကောင်မလေးရဲ့အလှကို မြင်ပြီး သူမလေးရဲ့ညှို့ဓာတ်မှာ ကျရှုံးသွားမှာကို ကြောက်လွန်းလို့ သူတို့နှစ်ယောက်သား မတွေ့မိစေဖို့ အတွက် သူမ လုပ်နိုင်တာမှန်သမျှ အကုန်လုပ်ခဲ့တယ်။ ဒီအစေခံကောင်မလေးကို လျှို့ဝှက်ပြီး ဒုက္ခတွေပေးခဲ့တယ်။ တစ်ခါတစ်လေ တမင်သက်သက်ကို ရက်ရက်စက်စက် သင်ခန်းစာတွေပေးခဲ့တယ်။

   “မင်းက…”ဟု သူမ မရေမရာရေရွတ်လိုက်၏။

   သို့သော် သူမရှေ့မှာ ရပ်နေတဲ့ကောင်မလေးဆီက အရင် စကားသံထွက်လာတယ်။ အေးစက်တဲ့အသံနဲ့ “ရေနတ်သမီးတစ်ပါးဖြစ်ပြီး ဘာလို့မီးလောင်နေတုန်း မိုးမခေါ်ရတာလဲ? ဘာကြောင့်များ နတ်မင်းတွေက မင်းကို  ရေနတ်သမီးဖြစ်အောင် လုပ်ပေးခဲ့ကြတာလဲ?”ဟု အပြစ်တင် ပြောလာခဲ့သည်။

   ကျစ်ဟောပြောမယ့်အဖြေကိုတောင် မစောင့်တော့ဘဲ သူမရဲ့ခါးက ပုလွေလေးကို ထုတ်ယူလိုက်ပြီး မီးတောက်တွေဆီကို တိုက်ရိုက်ဦးတည်ပါတော့သည်။

   နှစ်တွေကြာလာတာနဲ့အမျှ ဖုန်းကျိုတစ်ယောက်ဟာ ကိစ္စရပ်နှစ်ခုမှာ သိသိသာသာ ထူးချွန်လာပါတယ်။ တစ်ခုက အချက်အပြုတ်ဖြစ်ပြီး နောက်တစ်ခုကတော့ အတိုက်အခိုက်ပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀လုံး ရန်ပွဲတစ်ပွဲမှ မဆင်နွှဲဘဲ ချင်းချူမှာ ဘုရင်မတစ်ပါးဖြစ်တဲ့အလျှောက် ရသေ့ကြီးတစ်ပါးလို သိက္ခာတော်ကြီးနဲ့ နေထိုင်ခဲ့ရသည်။ တကယ့်ကို ပျင်းစရာကောင်းတဲ့ဘဝကြီးပဲ။ ခုတော့ ချီရန်မီးတောက်ဌက်က ရုတ်တရက် ပြဿနာလာရှာနေတယ်။ သူမ ဒီဌက်ကို တိုက်ခိုက်ဖို့ ဆိုင်းတွနေသည်ဆိုလျှင် လိမ်ရာကျတော့မည်။

   မီးပင်လယ်ထဲမှာ အဖြူရောင်ပိုးစလေးက ကပြဖျော်ဖြေနေသဖွယ်ရှိနေ၏။ သူမရဲ့ပုလွေလေးဆီမှ တေးသံသာလေးက လေထဲမှာ ဝှေ့နေပြီး မိုးကိုခေါ်လျက်ရှိသည်။

   မီးတောက်တွေကြားက သူမရဲ့လွမ်းဆွေးဖွယ်တေးသံလေးက ဝှေ့ကာ ကောင်းကင်ဆီသို့တက်သွားပြီး ငွေရောင်မြစ်ကို ဖိတ်ခေါ်လျက်ရှိသည်။ နတ်ပြည်၃၆ထပ်မှ ငွေရောင်မြစ်ရေတွေ လျှံကျလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာ မိုးတွေလို ရွာသွန်းလာသည်။ မိုးရေတွေက အခု မီးတွေကို ငြိမ်းသတ်နေသော်လည်း ချီရန်မီးတောက်ဌက်အဖို့တော့ ဒေါသတွေ ပိုထွက်လာစေကာ ဆူပူထကြွ လာပါတော့သည်။ မီးတောက်ဌက်ဟာ ယခင်ပစ်မှတ်ဖြစ်တဲ့ မင်ဂူရဲ့အကာကွယ်တံတိုင်းကို ပစ်ထားခဲ့ပြီး ဖုန်းကျိုဆီသို့ မီးလုံးတွေ တည့်တည့်မတ်မတ်ထုတ်လွှင့်လေသည်။

   ဒါက ဖုန်းကျိုလိုချင်နေတဲ့ ကျားကိုဂူထဲကထွက်စေတဲ့နည်းဗျူဟာလေ။ မင်ဂူနဲ့ အကမယ်တွေကို ကယ်ဖို့အတွက်သာ မဟုတ်ရင် သူမရဲ့စရိုက်နဲ့သာဆိုလျှင် ဒီဌက်ကို သူမရဲ့ထောင်းကျူဓားနဲ့ သတ်ပြီး ဖြစ်လိမ့်မည်။ အမှန်တကယ်တော့ သူမရဲ့ပြိုင်ဖက်က သန်မာအားကောင်းတဲ့ဌက်ကြီးတစ်ကောင်ပါ။ သူ့ကိုသတ်ဖို့ဆိုတာက အချိန်တော်တော်ယူမှ ရလိမ့်မယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ဒီလို သရေကျမှာတော့ မဟုတ်ဘူး။

   ဖုန်းကျိုတစ်ယောက် အခုတော့ မသက်မသာဖြစ်လာပါသည်။ သူမတစ်ယောက်တည်းက နှစ်ခုလုံးကို မလုပ်နိုင်တော့ဘူး။ ဒီဌက်ကြီးကို စွမ်းစွမ်းတမံတိုက်ခိုက်နေတုန်း ပုလွေကိုဆက်မှုတ်ကာ မိုးခေါ်နေရတယ်။ ကျစ်ဟောကတော့ လုံးဝကို အသုံးမဝင်တာပဲ။ ခုတော့ ခြေတိုမုန့်လုံးလေးကပဲ နန်းတော်ကို မြန်မြန်ပြေးပြီး အကူအညီရှာလာဖို့ကို မျှော်လင့်စောင့်စားနေရတော့သည်။

   သူမ တွက်ချက်ထားသလိုပဲ ချီရန်မီးတောက်ဌက်ရဲ့မီးလုံးကြီးတွေကို ချင့်ချိန်ပြီး ရှင်းရှင်းလင်းလင်း ကာကွယ်ထားနိုင်သေးသည်။ သို့သော် သူမက ဝါးပုလွေလေးကိုသုံးပြီး မိုးခေါ်တာဆိုတော့ သူမအတွက် အကာကွယ်ကို မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် သူမရဲ့ခေါင်းကနေ ခြေအဆုံးထိ တစ်ကိုယ်လုံး စိုရွဲနေခဲ့သည်။  မိုးကတော့ ဆက်ကာ ရွာသွန်းနေပြီး ချိန်ထျန်းကြည့်စင်ကို ဝိုင်းထားတဲ့မီးတောက်တွေကို ငြိမ်းသက်လျက်ရှိ၏။ ချီရန်မီးတောက်ဌက်ဟာ သူ့ရဲ့နောက်က အကာကွယ်မရှိတော့တဲ့ကြည့်စင်ကို သတိမထားမိတော့ဘဲ ဖုန်းကျိုဆီကိုသာ တည့်တည့်မတ်မတ် ဦးတည်လာတော့သည်။ အကမယ်လေးတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးရင်း အားလုံး လွတ်မြောက်သွားကြတော့သည်။

   ဒီလိုမျိုး နေ့တစ်ဝက်လောက် ထိပ်တိုက်ရင်ဆိုင်လာရတော့ ဖုန်းကျိုတစ်ယောက် စပြီး မောပန်းလို့ လာပါတော့တယ်။ သူမ ဒီလောက်အကြာကြီး တစ်ခါမှ မတိုက်ခိုက်ဖူးဘူး…တစ်ကွက်တည်းနဲ့ ဒီပွဲကို ရှုံးရတော့မှာလား? သူမ ဒီလိုတော့ အဖြစ်မခံနိုင်ဘူး။ ဒီလိုသာဖြစ်ရင် ချင်းချူမှာ သူမရဲ့မျက်နှာကို ဘယ်သွားထားရတော့မှာလဲ? ပုလွေကိုဖယ်ပြီး ထောင်းကျူဓားကို ထုတ်သုံးရမယ့်အချိန်ရောက်ပြီလို့ သူမ တွေးမိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမကသာ အရှေ့ကနေ ဝင်တိုက်ရင် ဒီဌက်ကလွတ်ဖို့ အခွင့်အရေး များလိမ့်မယ်။ နောက်ကနေ ဝင်တိုက်မယ်ဆိုရင် တကယ်လို့သာ ဒီဌက်က လွတ်မြောက်ပျံသန်းသွားခဲ့ရင် သူမ ကိုယ်တိုင်အတွက် ရှောင်ပြေးဖို့တတ်နိုင်တော့မှာ မဟုတ်ဘူး။ သူမ အခု ဘာလုပ်ရမလဲ?

   ဖုန်းကျို ဖြစ်နိုင်ချေတွေကို စဉ်းစားတယ်။ ဒါပေမဲ့ အဖြေမရသေးခင်မှာပဲ အနောက်ကအေးစက်နေတဲ့ ဓားတစ်ချောင်းက ရုတ်တရက် တည့်တည့်မတ်မတ် ထိုးပေါက်ဝင်ရောက်လာ၏။

   ချီရန်မီးတောက်ဌက်က သူမဆီကို ဟုန်းဟုန်းထနေတဲ့မီးလုံးကြီးတွေ ထုတ်လွှင့်လိုက်သည်။ ဒီအချိန်မှာ သူမ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူး။ ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားနေတုန်း လက်တစ်ဖက်က သူမကို လွတ်မြောက်ရာသို့ ခေါ်ဆောင်သွားသည်။

   သူမရဲ့အင်္ကျီလက်စလေးဘေးက ရွေ့လျားနေတဲ့ဓားကနေ လေတွေတိုက်ခတ်လာ၏။ လေတွေက အရမ်းကိုပြင်းထန်လွန်းပြီး ဧရာမမီးလုံးတွေကိုကာကွယ်ဖို့အတွက် မမြင်နိုင်တဲ့အကာကွယ်တံတိုင်းကြီး ဖြစ်သွားဟန်တူသည်။ ငွေရောင်အလင်းတန်းလေး တစ်ချက်နောက်မှာ ဟုန်းဟုန်းထနေတဲ့မီးလုံးကြီးက ချီရန်မီးတောက်ဌက်ဆီသို့ ပြန်လည်ကာဦးတည်သွားသည်။

   သူမ စိတ်တွေရှုပ်ထွေးနေတုန်း ခရမ်းရောင်ဝတ်ရုံတစ်ထည်က သူမရဲ့ခန္ဓာကိုယ်ပေါ်ကို လွှမ်းခြုံသွား၏။ ထိုဝတ်ရုံအောက်ကနေတွားသွားပြီး ထွက်လာခဲ့ကာ ဓားကိုင်ထားတဲ့ သူရဲကောင်းရဲ့နောက်ကျောကို တစ်ချက်ကြည့်မိသွားတယ်။ သူက တော်ဝင်ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံနွယ်တွေက ချင်းချူက နှင်းတွေလိုဖြူဖွေးနေတော့သည်။

   ထိုက်ချန်နန်းတော်ထဲမှာဆိုရင် ဒီသွယ်လျလှပတဲ့လက်ချောင်းလေးတွေက ဘုရားကျမ်းဂန်တွေကိုသာ ကိုင်လေ့ရှိပြီး အခု နန်းတော်ပြင်ပမှာတော့ ချန်ဟယ်ဓားကို ဆုပ်ကိုင်ထားသည်။ သူ ဘာပဲကိုင်ထားထား ကြည့်ကောင်းနေတာကတော့ အသေအချာပါပဲ။

   ချိန်ထျန်းကြည့်စင်မှာ သွေးတွေဖုံးလွှမ်းသွားသည်။ သုံဟွာ ဘယ်လိုလုပ်လိုက်တာလဲ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေမဲ့ ငွေရောင်အလင်းတန်းလေးတစ်ချက်နောက်မှာ ချီရန်မီးတောက်ဌက်ဟာ ကြောက်မက်ဖွယ်အသံကြီး အော်မြည်လျက် မိုးကုတ်စက်ဝိုင်းဆီသို့ ပျံပြေးလေသည်။ ရိုက်ချက်နှစ်ချက်ခံရပြီးတဲ့နောက် လေပေါ်ကနေ အရှိန်ပြင်းပြင်းနဲ့ပြုတ်ကျပြီး ချိန်ထျန်းကြည့်စင်မှာ ငလျင်အသေးစားလေးသဖွယ် လှုပ်ခတ်သွားသည်။

   သုံဟွာ ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်တယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ သွေးလေးတစ်စက်တောင် မစွန်းခဲ့ဘူး။

   မင်းသမီးကျစ်ဟောကတော့ မြင်းရထားကိုမှီရင်း မျက်နှာက သွေးမရှိတော့သလို ဖြူဖျော့လာတော့သည်။ သူမ သုံဟွာနား သွားချင်သော်လည်း ကြောက်စိတ်ကြောင့် နောက်ဆုံးတော့ လက်လျော့လိုက်ရပါတယ်။

   ဖျော်ဖြေရေးသမားတွေအကုန် လွတ်မြောက်သွားသော်လည်း ဒီလို ထိတ်လန့်ဖွယ်ကိစ္စနဲ့ ကြုံတွေ့ခဲ့ရတော့ လန့်လျက်ရှိကြ၏။ တစ်ချို့ဆို ငိုတောင်ငိုနေကြသည်။

   မင်ဂူက ဖုန်းကျိုကို ချိန်ထျန်းကြည့်စင်ခြေရင်းက ကျောက်ခုံလေးမှာ ထိုင်စေသည်။ သူမလေးကို ပြုစုရင်း တစ်ချိန်တည်းပဲ ဆုံးမလို့နေမိ၏။ “မစဉ်းစားမဆင်ခြင်ဘဲ ဘာလို့မီးတောက်ဌက်ကို သွားတိုက်ခိုက်ရတာလဲ တကယ်လို့ အရှင်သာ မင်းကို အချိန်မီလာမကယ်ခဲ့ရင် ဘယ်လိုတွေ ဆက်ဖြစ်မလဲ? …ငါ သေသွားတာက အရေးမကြီးဘူး ဒါပေမဲ့ မင်းသာ တစ်ခုခုဖြစ်သွားရင် ဒေါ်ဒေါ်ကို ငါ ဘာပြန်ပြောရမလဲ?”

   “အားလုံး အဆင်ပြေသွားတာပဲမလား?”ဟု ဖုန်းကျို တိုးတိုးလေး ရေရွတ်နေမိသည်။
   သုံဟွာကို အလွန်ကျေးဇူးတင်မိသော်လည်း သူ မလာရင်လည်း ဒေါ်ဒေါ်နဲ့ဦးလေးတို့က လာကယ်မည်ဟု ခံစားနေရသည်။ ဒါက ပြဿနာကြီးမှ မဟုတ်တာ သူမ အသက်အန္တရာယ်မှ မရှိတာပဲ။ သုံဟွာ ဓားကိုင်လျက် လျှောက်လှမ်းလာတာလည်းမြင်ရော သူ မင်းသမီးကျစ်ဟောဆီ သွားမည်ဟု ထင်မှတ်၍ ဖုန်းကျို ထိုင်ခုံမှထပြီး စားပွဲဘေးကိုကပ်ပေးကာ လျှောက်လမ်းလုပ်ပေးလေသည်။ သူမရဲ့ကိုယ်ပေါ်မှာ သူ့ရဲ့ဝတ်ရုံရှိနေသေးတာကို သတိထားမိကာ “နင့်အင်္ကျီချွတ်ပြီး ငါ့ကိုဌား”ဟု မင်ဂူကို အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။

   မင်ဂူ နှာတစ်ချက်ချေလိုက်ပြီး သူမရဲ့ကိုယ်ပေါ်က ခရမ်းရောင်ဝတ်ရုံကို တစ်ချက်ကြည့်ကာ “မင်းမှာ တစ်ထည် ရှိပြီးသားပဲမလား?” ထို့နောက် စကားရှာကာ “အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီမလား? နှစ်ပေါင်း၂၀၀လုံး ဒီအကြောင်းကိုမတွေးခဲ့ဘဲ ဘာလို့ ဒီနေ့မှ ဒီလိုကိစ္စလေးကို ဂရုစိုက်နေရတာလဲ?”ဟု ထပ်ပြောလေသည်။ ပြီးနောက် သူ့အင်္ကျီကိုသူ ခပ်တင်းတင်း ဝတ်ထားပြီး မဌားဖို့ ဆုံးဖြတ်လိုက်တယ်။

   ဖုန်းကျို ဝတ်ရုံကိုချွတ်ကာခေါက်ပြီး ပိုင်ရှင်ဆီသို့ ပြန်ပေးလေသည်။

   သို့သော် သူမလေး ခေါင်းကိုမော့လိုက်ချင်းပဲ နောက်ကို သတိနဲ့ ပြန်ဆုတ်သွားမိ၏။

   သုံဟွာတစ်ယောက် လက်ထဲမှာချန်ဟယ်ဓားကို ကိုင်ထားလျက် သူမရဲ့ရှေ့ကို ရောက်ရှိလို့နေပါသည်။ သူက သူမကို တည်တည်ငြိမ်ငြိမ်ပဲ စိုက်ကြည့်လို့နေသည်။

   သူမ တစ်ကိုယ်လုံးက စိုရွဲလို့နေ၏။ ရေစက်ကြီးတွေ တောက်လျှောက်ကျနေပြီး ခြေထောက် ပတ်ပတ်လည်မှာ ရေအိုင်ငယ်လေး ဖြစ်ထွန်းလို့သွားသည်။ သူမ တကယ့်ကိုပဲ ရှက်စရာကောင်းလှပါသည်။ ရေတွေ တစ်စက်စက်ကျနေရင်း သူ့ကို ပြန်ကြည့်မိလိုက်တယ်။ အခြေအနေက တဖြည်းဖြည်း ထူးဆန်းလာသည်။ သူမ ရင်ထဲမှာ ရှက်တာရော ထူပူလာတာရောနှင့် မျိုးစုံ ဗလောင်ဆူနေတော့သည်။ နောက်ဆုံးတွေ့ဆုံခဲ့တာကို သွားသတိရကာ ကြောက်လာပြန်၏။ သူမ ဒီလိုမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ ဒီနတ်မင်းသုံဟွာသီကျွင်းကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ခုထိမသိသေးဘူး။ သူနဲ့ တွေ့ဆုံတိုင်း အမှားတွေချည်းလုပ်မိနေတော့ သူ့ကို မတွေ့အောင် ရှောင်နေတာက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်။ မကြာသေးခင်ကလဲ ဝေးဝေးပုန်းကာ သူ့ကိုရှောင်ရတယ်။ ဒါပေမဲ့ သူမက သူ့ကို ရှောင်လေလေ နှစ်ယောက်သား ပိုတွေ့လေလေ ဖြစ်နေတာ ဘာကြောင့်လဲဆိုတာ လုံးဝ နားမလည်တော့ဘူး။

   သုံဟွာ သူမလေးကို ခေါင်းအစခြေအဆုံးထိ လိုက်ကြည့်ပြီး နောက်ဆုံးတော့ သူမလက်ထဲမှာ သပ်သပ်ရပ်ရပ် ခေါက်ထားတဲ့ခရမ်းရောင်ဝတ်ရုံဆီ အကြည့်ရောက်သွားတယ်။ သုံဟွာ အသံကျယ်ကျယ်နှင့် “ငါ့ဝတ်ရုံခြုံရတာကို မနှစ်မြို့ဘူးလား”လို့ သူမကို မေးလာခဲ့သည်။

   နှစ်ယောက်သားရပ်နေတာက အရမ်းနီးကပ်နေတယ်လို့ ထင်တယ်၊ စန္ဒကူးအနံ့လေးကို ရှုရှိုက်ရင်း သူမ ခေါင်းမူးလို့လာ၏။ ဒါကြောင့် သူမ နောက်ဆုတ်လိုက်ကာ နှစ်ယောက်သားကြားမှာ နည်းနည်း အလှမ်းကွာသွားသည်။ သင့်တင့်တဲ့အကွာအဝေးရောက်တော့မှ အပြုံးလေးပြုံးပြပြီး “မဟုတ်ရပါဘူး ဒါပေမဲ့ တကယ်လို့သာ အခု အရှင့်ရဲ့ဝတ်ရုံတော်ကို ကျွန်မဌားလိုက်ရင် အဲ့ဒါကို လျှော်ပြီး ပြန်ပေးရမယ် ဒီလိုနဲ့ ကျွန်မတို့ ထပ်တွေ့ကြရမယ် အာ ကျွန်မ ဆိုလိုတာက အရှင့်ကို ထပ်အနှောင့်အယှက်ပေးမိမှာကိုပါ”ဟု ပြန်ဖြေလိုက်၏။ သူ့မျက်နှာ တည်တည်ကြီးဖြစ်သွားကို မြင်ပြီး စကားစရပ်လိုက်ကာ “အရှင် ငြိမ်းငြိမ်းချမ်းချမ်းနေတာကို အနှောင့်အယှက်ပေးမိမှာ စိုးရိမ်လို့ပါ”လို့ ထပ်မံဖြည့်စွက်ပြောခဲ့သည်။

   သုံဟွာတစ်ယောက် ချန်ဟယ်ဓားကို ကျောက်တုံးစားပွဲပေါ်မှာ ‘ချွင်’ခနဲ မြည်အောင် တင်လိုက်တယ်။

   မင်ဂူ ချောင်းအကျယ်ကြီး ဟန့်ပြီး “အထင်မလွဲပါနဲ့ အရှင်သီကျွင်း ဘုရင်မလေးဖုန်းကျိုက အရှင့်ကို မတွေ့ချင်တာ မဟုတ်ပါဘူး အရှင်က အရမ်းကြီးကျယ်ခမ်းနားတော့ အရှင့်ကို နေ့တိုင်းတွေ့ခွင့်မရရင် စိတ်ပျက်မိမှာ စိုးလို့ပါ…”ဟု ဖျန်ဖြေပြောလေသည်။ ဖုန်းကျိုတစ်ယောက် သူ့ခြေထောက်နားမှာ မြန်မြန်ဆန်ဆန်ကြီး ဒူးထောက်လိုက်တော့ သုံဟွာ ဆက်ပြောမယ့်သူ့စကားလုံးလေးတွေကို ရင်နာနာနဲ့ပဲ ပြန်မြိုသိပ်လိုက်ရပါတော့တယ်။

   သုံဟွာ ဖုန်းကျိုကို ငုံ့ကြည့်ကာ နားလည်သွားပြီး “တကယ်လို့ အဲ့လိုသာဆိုရင် ငါမင်းကို လက်ဆောင်အဖြစ်ပေးလိုက်မယ် ပြန်ပေးစရာ မလိုတော့ဘူးလေ”

   ဖုန်းကျိုရဲ့မျက်နှာပေါ်က ရှိရင်းစွဲအပြုံးလေး လုံးဝပျောက်ဆုံးသွားတယ်။ “ဒီလိုဆိုလိုတာ မဟုတ်ပါဘူး”

   သုံဟွာ ဖြည်းဖြည်းချင်း ထိုင်လိုက်၏။ “ဒါဆိုလဲ လျှော်ပြီး ပြန်ပေးလေ”

   ဖုန်းကျိုရဲ့ဟန်ဆောင်အပြုံးက ရေခဲတုံးကြီးတစ်တုံးလို မပီပြင်ဘဲ ဖြစ်နေသော်လည်း သူမ ပြုံးနေခဲ့ပါသည်။ ဒါပေမဲ့ ဒီလိုရေခဲတုံးအပြုံးတောင် သူမရဲ့ဒေါသတွေကြောင့် အရည်စပျော်နေပါပြီ။ သူမ လျှာလေးကိုတရွတ်ဆွဲပြီး ပြန်ပြောလိုက်သည်က “ဒီနေ့ ရာသီဥတုက ပူနေတာပဲ ကျွန်မ အေးတယ်လို့ မခံစားရပါဘူး” ပြီးနောက် “ကျွန်မ ဒီဝတ်ရုံကို မဌားချင်ဘူး ဟုတ်ပြီလား?”လို့ ဗြောင်ပဲ ပြောလိုက်ပါတော့သည်။ ဒီလိုခါးခါးသီးသီးပြောပြီးတဲ့နောက်မှာ ဖုန်းကျို စိတ်ထဲလေးလံလာသလို ခံစားနေရ၏။ သူမ တကယ်ပဲ အရမ်းလွန်သွားပြီဟု တွေးမိတယ်။ ပြန်ဖျန်ဖြေစေရန်အလို့ဌာ အခြားစကားလုံးကို ရွေးချယ်ပြီး နောက်ဆုံးတော့ “ဒီဝတ်ရုံကို ကျွန်မ မဌားဘဲနေလို့မရဘူးလားရှင်?” ဟု ချိုချိုသာသာလေး ပြောလိုက်ပါသည်။ သူမ ပြောနေတုန်းပဲ လေလေးတစ်ချက် တိုက်ခတ်သွားတော့ ချမ်းတုန်လို့လာတော့၏။

   သုံဟွာက မင်ဂူခစားတဲ့လက်ဖက်ရည်ကို လက်ခံပြီး တစ်ငုံသောက်ကာ “မရဘူး”ဟု ဖြေလေသည်။

   ဖုန်းကျိုတစ်ယောက် သူမရဲ့ဒေါသတွေကို ရေခဲတုံးတစ်တုံးလို ထိန်းထားခဲ့တာကြာပါပြီ ဒါပေမဲ့ နောက်ဆုံးတော့ သူမရဲ့မျက်နှာပြင်ပေါ်က အပြုံးတွေတောင် ဘယ်ဆီလွင့်ကျနေခဲ့ပြီလဲ မသိတော့ပါဘူး။ ဘာဆက်ပြောရမလဲ မသိတော့ဘဲ မတုန်မလှုပ်နဲ့ “ဘာလို့ မရရတာလဲ?”ဟု ပြန်မေးလိုက်တော့သည်။

   သုံဟွာ လက်ဖက်ရည်ခွက်ကို ပြန်ချပြီး ဖြည်းဖြည်းချင်း မျက်လုံးလေးပင့်ကာ ကြည့်တော့၏။ “ငါ မင်းကို ကယ်ခဲ့တာပဲ ပုံမှန်သူတွေဆို ဒီလိုကယ်ခဲ့တဲ့အတွက် သူတို့ဘဝကိုတောင် ပြန်ပေးဆပ်ဖို့ အသင့်ရှိနေကြတာကို ဝတ်ရုံလေးတစ်ခု လျှော်ရတာ အရမ်းခက်ခဲနေလို့လား?”

   ဖုန်းကျို အတိတ်ကိုပြန်တွေးမိကာ သူအရင်တုန်းက ဒီလို အနိုင်မကျင့်တတ်ပါဘူးလို့ သတိရမိ၏။ ဒါပေမဲ့ သူ အနိုင်ကျင့်တတ်တဲ့အကြောင်းကို သူမကို ပေးမသိစေတာလဲ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တွေးမိပြန်ပါလေရော။ သူမတစ်ယောက်တည်း အတွေးတွေနဲ့ပြည့်နှက်နေပြီး မချိပြုံးလေးပြုံးပြကာ “အရှင်က ဘာလို့ ကျွန်မကိုခက်ခဲအောင် လုပ်နေရတာလဲ?”

   သုံဟွာ လက်ဖက်ရည်ခွက်လေးကို အသာအယာပုတ်လိုက်ပြီး သူမလေးကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။ “အဲ့ဒါ ငါ့အကျင့်ပဲလေ”

   ဖုန်းကျိုတစ်ယောက် ငိုရမလား ရယ်ရမလားတောင် မသိတော့ပါဘူး။ “အရှင် အရှင်က တကယ်ပဲ…”

   သုံဟွာ လက်ဖက်ရည်ခွက်ကို နောက်တစ်ဖန် ပြန်ချထားလိုက်သည်။ လက်ကလေးပေါ် မေးထောက်ကာ သူမလေးကို အေးအေးဆေးဆေးပဲ ကြည့်နေမိတယ်။ “ငါက ဘာဖြစ်လို့လဲ?” ဖုန်းကျိုလေး အသံတိတ်နာခံနေတာကိုကြည့်ပြီး သုံဟွာ့မျက်လုံးလေးမှာ အမှေးမှိန်ဆုံးအပြုံးလေးတစ်ခု ဖြစ်ထွန်းသွား၏။ “မင်း သူတို့ကို ဘာလို့ ကယ်ချင်ရတာလဲ? ပြောစမ်းပါဦး”

   အမှန်တော့ ဖုန်းကျိုဟာ အသံတိတ်နာခံနေတာ မဟုတ်ပါဘူး။ အဲ့အချိန်တုန်းက သူ့ရဲ့မျက်နှာထားဟာ အရင်ကနဲ့ အရမ်းကိုတူနေလွန်းလို့ သူမ မတ်တပ်ရပ်လျက် ငေးမောနေမိတာပါ။ သူမ ဘာမှပြန်မဖြေရသေးခင်ဘဲ သူ စကားလမ်းကြောင်း ပြောင်းသွား၏။ ဒါပေမဲ့ “မင်း သူတို့ကို ဘာလို့ ကယ်ချင်ရတာလဲ?”ဆိုတဲ့မေးခွန်းကိုတော့ ကောင်းကောင်း ကြားလိုက်ရတယ်။ သူမကိုယ်တိုင်လဲ ဘာလို့ကယ်ခဲ့မိလဲ အစကတော့ နားမလည်ခဲ့ပါဘူး။ သူမက တစ်ခြားသူတွေရဲ့အသက်ကို စောင့်ရှောက်တတ်တဲ့သူတော့ မဟုတ်ပါဘူး ဒါပေမဲ့ ဒီလိုကယ်ခဲ့ရခြင်းဟာ လူတစ်ယောက်ရဲ့တစ်ချိန်က ပြောစကားကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ အချိန်အကြာကြီး ငြိမ်သက်ပြီးတဲ့နောက်မှာ “ကျွန်မရဲ့ဆုံးပါးသွားတဲ့ ခင်ပွန်းက အားနည်းသူတွေကို အားအင်ကြီးမားတဲ့သူတွေက ကာကွယ်ပေးရမယ်လို့ တစ်ခါက ပြောဖူးတယ် တကယ်လို့သာ ကျွန်မက သူတို့ကို မကယ်ရင် ကျွန်မကိုယ်တိုင်ကလဲ အားနည်းသူပဲ ဖြစ်နေမှာပေါ့ ဒါဆို ကျွန်မ လက်အောက်ငယ်သားတွေကို ဘယ်လို ကာကွယ်နိုင်တော့မလဲ?”ဟု ညင်ညင်သာသာလေး ပြန်ဖြေလိုက်တယ်။

   နှစ်ပေါင်းတော်တော်ကြာတဲ့အထိ သုံဟွာတစ်ယောက် ဖုန်းကျိုရဲ့စကားကို မမေ့နိုင်ဖြစ်နေခဲ့ရသည်။ သူမရဲ့စကားတွေက ဘာကိုဆိုလိုချင်မှန်း သေချာမသိခဲ့ဘူး။ သူသိတာကတော့ ဒီကလေးမလေးကို ဘယ်သူမှန်း သူ မမှတ်မိသော်လည်း စိတ်ထဲ၌ အရမ်းရင်းနှီးနေတာပဲ ဖြစ်သည်။ သူ့မှတ်ဉာဏ်ထဲမှာတော့ သူမလေးကိုစတွေ့ချိန်ဟာ ချင်းချူရဲ့ဝမ်ရှန်ကန်ဘေးမှာပဲ ဖြစ်သည်။ ပင်လယ်မှော်လိုနက်မှောင်နေတဲ့ ရေစိုဆံနွယ်တွေနဲ့ လှိုင်းစီးကာ ကမ်းခြေကိုရောက်လာခဲ့သည်။ ဒါပေမဲ့ သူမလေးဘယ်လိုပုံရှိမှန်း သူ မမှတ်မိဘူး။ ထိုနည်းတူပဲ အဲ့ဒီနေ့က နေကြာပန်းတွေ ဘယ်လိုပွင့်ခဲ့ကြလဲဆိုတာကိုလည်း မမှတ်မိဘူး။

   ဒီနေ့ဖြစ်ပွားခဲ့တဲ့မတော်တဆအကြောင်းက ပုံပြင်လေးသဖွယ် ကောင်းကင်ဘုံနေရာအနှံ့ကို ပျံ့နှံ့သွားခဲ့သည်။ ပြောရမယ်ဆိုရင် ပျံ့နှံ့နေတဲ့သတင်းတွေက အမျိုးမျိုးပဲ။ စက္ကန့်ပိုင်းလေးအတွင်းမှာ သုံဟွာ့အကြောင်းက ထာဝရရှင်သန်ရာဘုရားကျောင်းတွေကနေ မီတာ၁၀၀ကျော်ရှိတဲ့ လူပြည်အထိပါ ပျံ့နှံ့သွားသည်။

   ပြောကြတာကတော့ ချီရန်မီးတောက်ဌက် ချိန်ထျန်းကြည့်စင်မှာ အပြင်းအထန်တိုက်ခိုက်နေတဲ့အချိန်မှာ သုံဟွာဟာ ဘုရားကျမ်းစာမှတ်စုတွေရေးနေခဲ့တယ်။ သူ့ညီမတော် မင်းသမီးကျစ်ဟော မီးပင်လယ်ထဲမှာ ပိတ်မိနေတယ်လို့ကြားတဲ့အခါ ပြေးသွားပြီး မီးတောက်ငှက်ကိုနှိမ်နင်းကာ သူမကိုကယ်တင်ခဲ့သည်။ အဲ့ဒါကိုကြည့့်မယ်ဆိုရင် သုံဟွာဟာ သူ့ညီမတော်ကို တစ်ခြားသူတွေနဲ့မတူစွာ ဆက်ဆံတာကိုတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် တစ်ခြားတစ်ယောက် ပြန်ပြောတာကတော့ ချိန်ထျန်းပွဲကြည့်စင် မီးလောင်နေစဉ် သုံဟွာ လမ်းလျှောက်ဖြတ်သွားတာနဲ့ကြုံတယ် အဲ့ချိန်မှာ ကောင်းကင်ဘုံကမိန်းမပျိုလေးတစ်ယောက်ဟာ    ချီရန်မီးတောက်ငှက်ကို သေလုနီးပါးတိုက်ခိုက်နေတာ တွေ့ခဲ့ရတယ်။ သူမလေးရှုံးလုဆဲ ဖြစ်နေတဲ့အတွက် ဆက်ပြီးကြည့်မနေနိုင်တော့ဘဲ သူမလေးကိုကူညီဖို့ သူ့ဓားကို ဆွဲထုတ်ပြီး တိုက်ခိုက်ခဲ့သည်။ မိုးနတ်မင်းကြီးကတော့ သီကျွင်းကို လိုအင်ဆန္ဒမရှိတဲ့နတ်တစ်ပါးလို့ အမြဲယူဆခဲ့တယ်။ မိုးနတ်မင်းကြီး မှားတဲ့အခါလည်း မှားမှာပေါ့နော်။ ပုံပြင်လေးကတော့ ဆက်လက်၍ပျံ့နှံ့နေဆဲပဲ။

   လန်ရှန်းတစ်ယောက် ထိုပုံပြင်အကြောင်း သတင်းကြားပြီးနောက် ထိုက်ချန်နန်းတော်ကိုလာပြီး သုံဟွာနဲ့ စစ်တုရင်ကစားရင်း ဝိုင်သောက်ဖို့လာခဲ့တော့သည်။ တစ်ချိန်တည်းမှာပဲ သုံဟွာ့ဆီက အတည်ပြုချက်ယူဖို့အတွက် အမှန်တိုင်းဝန်ခံလာအောင်လုပ်ရန် လာခဲ့ခြင်းဖြစ်၏။ “ချိန်ထျန်းပွဲကြည့်စင်မှာ အလှပိုင်ရှင် နတ်သမီးလေးနဲ့ မီးတောက်ဌက်တို့တိုက်ခိုက်နေတာကို မင်းသွားဝင်ပါပြီးတော့ သူမလေးကို ကယ်လိုက်တယ်ဆိုတဲ့ ကောလဟာလတွေကို ငါ တကယ်ပဲ မယုံကြည်ပါဘူး”ဟုပြောရင်း အဖြူရောင် ကျောက်တုံးလေးကိုနေရာချပြီး ဆက်လက်၍ “ဒါပေမဲ့ မင်းသိလား တစ်ကယ်လို့ တစ်နေ့မှာ မိဖုရားတစ်ပါးနဲ့ လက်ဆက်ဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ချခဲ့မယ်ဆိုရင် ကျစ်ဟောက မဆိုးဘူးပဲ မင်းအတွက် ခမည်းတော်ကို စကားကောင်းပြောပေးပြီး ကျစ်ဟောကို ကောင်းကင်ဘုံဆီပြန်ခေါ်ပေးဖို့ ကူပြောပေးရဦးမလား?”

    သုံဟွာ ဝိုင်ခွက်ကို ကိုင်လိုက်၏။ သူ လေးလေးနက်နက် စဉ်းစားပြီး စစ်တုရင်ခုံကို ကြည့်ရင်း ပြန်ပြောလိုက်တာက “အလှပိုင်ရှင်နတ်သမီး သူတို့က သူမလေးကိုလှတယ်လို့ထင်ကြတာလား?”

   “ဘယ်လို?”

   သုံဟွာ အနက်ရောင်ကျောက်တုံးလေးကို စိမ်ပြေနပြေ နေရာချပြီး အဖြူရောင်ကျောက်တုံးရဲ့ ရွှေ့လျားမှုကို ပိတ်ဆို့လိုက်ရင်း “သူတို့ အမြင်ကောင်းကြတာပဲ”ဟု ဆိုလာပြန်သည်။

   လန်ရှန်း ဇဝေဇဝါ ဖြစ်သွားတော့သည်။ နောက်တော့မှ ယပ်တောင်လေးကိုပိတ်ကာ အံ့ဩဟန်နဲ့ “မင်း တကယ်ပဲ ချိန်ထျန်းပွဲကြည့်စင်မှာ အလှပိုင်ရှင်လေးကို တွေ့ခဲ့တာလား”လို့မေးလိုက်၏။

   သုံဟွာက စစ်တုရင်ခုံကိုပဲကြည့်နေခဲ့ပြီး “မင်း တကယ်ပဲ စစ်တုရင် ကစားဖို့လာခဲ့တာလား?”ဟု ပြန်မေးလိုက်တော့သည်။

   လန်ရှန်း  ပြန်မပြောနိုင်တော့ဘဲ ဟက်ဟက်ပက်ပက်သာ ရယ်မောနေလေသည်။

   သုံဟွာသီကျွင်းရဲ့အကောင်းဆုံးသူငယ်ချင်း အရှင်လန်ရှန်းကတောင် ဒီကောလဟာလတွေကို မယုံကြည်ခဲ့ဘူး။ ၇ထပ်မြောက်ကောင်းကင်ဘုံက သူတွေကလွဲလို့ အပြင်ကနတ်မင်းတိုင်းဟာ ဟာသတစ်ခုလို့ပဲ ယူဆမှာ အသေအချာပဲပေါ့။ သူတို့က မင်းသမီးကျစ်ဟောရဲ့စိတ်ပျက်စရာကောင်းတဲ့နေ့တွေ နောက်ဆုံး အဆုံးသတ်ပြီး သူမ ကောင်းကင်ဘုံကို ပြန်လာရကာ သီကျွင်းနဲ့ ကြည်နူးဖွယ်ရာကောင်းတဲ့တစ်ခုခု ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ခန့်မှန်းကာ ထင်ကြေးပေးနေကြသည်။

   ကောင်းကင်ဘုံဟာ မသေမျိုးတွေရဲ့စိတ်ခံစားချက်၇ချက်နဲ့ လိုအင်ဆန္ဒ၆ခုတို့ကို ဖယ်ရှားရမယ့် စည်းမျဉ်း ရှိတဲ့နေရာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အဲ့စည်းမျဉ်းတွေက နတ်သားနတ်သမီးတွေကနေ မွေးဖွားမလာတဲ့သူတွေအတွက်ပဲ သက်ရောက်မှုရှိတယ်။ မသေမျိုးဖြစ်ရန်အတွက် တစ်မူထူးခြားတဲ့ထုံးစံဖြစ်၏။ အဲ့ဒါ မသေမျိုးဖြစ်ဖို့ သဘာဝအလျောက်ပေးရသော အခကြေးဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ပင်လယ်ပြာမှာ ယင်နဲ့ယန် နှစ်ပိုင်းကွဲကတည်းက သုံဟွာက တည်ရှိနေခဲ့တယ်။ သူဟာ ကောင်းကင်နဲ့မြေကြီးက မွေးဖွားလာတဲ့ စစ်မှန်တဲ့ နတ်တစ်ပါးဖြစ်တယ်။ သူက အဲ့လိုစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာစရာ မလိုဘူး။ သူ့အတွက်တော့ မိဖုရားတစ်ပါးကိုယူခြင်းက ပြည့်စုံတဲ့အကြောင်းပြချက်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Jan 11, 2023 ⏰

Add this story to your Library to get notified about new parts!

Three lives three world the pillow book 1 မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now