ထိုသားအမိနှစ်ယောက်ကိုကြည့်ရင်း ခေတ်ဟန်ပါမျက်ရည်ဝဲလာသည်။‌မေမေသည် အသက်ရှင်နေသည့်တိုင် ခေတ်ဟန်အား ဘယ်တုန်းကမှချစ်သည်ဟု မခံစားခဲ့ရဖူးပေ။ရေသေလိုတည်ငြိမ်နေတတ်သော မေမေ့မျက်နှာတွင် ခေတ်ဟန်လိုချင်သော မေတ္တာတရားများမရှိပေ။မေမေလည်း သူ့အားတစ်ခါလေးမှမပွေ့ဖက်ဖူးသလို သူကိုယ်တိုင်ကလည်း မေမေ့အား ပွေ့ဖက်ဖို့ကိုပင်မဝံ့ရဲခဲ့။သူဆယ်တန်းကို ဂုဏ်ထူးခြောက်ဘာသာဖြင့် အောင်ခဲ့စဉ်ကပင် သူ့အားချီးကျူးစကားမပြောခဲ့။မိတ်ကပ်သာလိမ်းတတ်ပြီး တည်ငြိမ်နေတတ်သော မေမေ့မျက်နှာအား သနပ်ခါးလိမ်းကာ အေးချမ်းစေချင်သည်။မေမေ့၏ပြုံးနေသော မျက်နှာလေးအားကြည့်ချင်မိသည်။မေမေ့အား ချစ်ကြောင်း ပြောပြဖူးချင်ပါသည်။



"သားကြီး စိတ်မကောင်းမဖြစ်နဲ့နော်၊မေမေတို့ရှိတယ်"


                ဒေါ်နှင်းပြည့်ရာသည် ခေတ်ဟန်ပုခုံးလေးအားခပ်ဖွဖွပုတ်ကာပြောရှာသည်။ရာရာက ခေတ်ဟန်၏အင်္ကျီစလေးအားကိုင်ကာ ငိုမဲ့မဲ့လေးဖြင့်ကြည့်နေသည်။



"ကျွန်တော်ဘာမှမဖြစ်ပါဘူး မေမေရဲ့၊အသေးလေးကလည်း ငိုမဲ့မဲ့လုပ်မနေနဲ့၊ကိုယ်ဘာမှမဖြစ်ဘူး ဟုတ်ပြီလား"



                သူချော့မှ ရာရာ့မျက်နှာလေးပုံမှန်ပြန်ဖြစ်သွားသည်။ရာရာက သူ့ဆရာမဆီသွားချင်သည်ဟုဂျီနေသဖြင့် ခေတ်ဟန်ကလိုက်ပို့ရသည်။မေမေက သူလုပ်စရာရှိသည်ဟုဆိုကာ ပြန်သွားနှင့်‌ပြီ။


"ဦး ကျွန်တော့်ကိုဘာပေးမှာလဲ"


"ကလေးကဘာလိုချင်လို့လဲ"


               သူမေးသောအခါ ကလေးက မျက်လုံးလေးထောင့်ကပ်ပြီးစဉ်းစားနေသည်။ခဏအကြာမှ....


"မောင်မောင့်ဆီသွားမယ်၊လိုက်ပို့ပေး နော် ဦး"


"ဟုတ်ပါပြီဗျာ၊ကိုယ်အားတဲ့ရက်လိုက်ပို့မယ် နော် အသေးလေး"


"ဘာသေးတာလဲ၊မသေးဘူးဗျ ကြီးနေပြီ"


              သူ့အားအသေးလေးဟုပြော၍ ထအော်တော့သည်။ရာရာက သူ့အားအသေးလေးဟုခေါ်လျှင် နည်းနည်းလေးမှမကြိုက်ပေ။ခေတ်ဟန်ကလည်း မကြိုက်လျှင်ပိုစချင်သည်။

ချစ်ခြင်းတည်စေWhere stories live. Discover now