အခန်း ၂

1.7K 198 3
                                    

_၂_

အခန်းထဲကို ခြေချမိတာနဲ့ တစ်နေကုန်ပင်ပမ်းလာသမျှ ယူပစ်သလို ပျောက်ကွယ်သွားတယ်။ အရင်လို အလုပ်ပင်ပမ်းလာသမျှ ခြေပစ်လက်ပစ် အိပ်စက် အနားယူလိုက်ဖို့ စိတ်ကူးမရှိ‌တော့။ လပြည့်ဝန်းက ထိန်ထိန်သာတဲ့ ဒီလိုညမျိုးမှာ ကျွန်မရဲ့ ကြည်နူးခြင်း လမင်းလေးကို ခိုးကြည့်ဖို့သာ စိတ်ကူးမိတယ်။

အရင်ကဆို တစ်နေကုန် နှာဖူးကချွေး ခြေမကျအောင် အလုပ်ပြီးပြန်လာတာနဲ့ အိပ်ရာပေါ် ဗိုင်းခနဲ ပစ်လှဲပြီး အိပ်ပျော်သွားတာပဲ။ ကြုံရာကျပန်း အလုပ်ကို မငြီးမညူလုပ်ရင်းနဲ့ ပိုက်ဆံရှာရတာမို့ ပြန်လာတဲ့အချိန်ဆို သိပ်ပင်ပန်းတယ်။ ဒီနေ့လည်း ဆန်ပွဲရုံတစ်ခုမှာ ကျွန်မ ဆန်အိတ်ထမ်းခဲ့ရတယ်။ မိန်းမသားတစ်ယောက်ဖြစ်လျက်နဲ့ ချွေးသံရွှဲရွှဲ ယောက်ျားသားကြီးတွေနဲ့ တန်းတူ မနားမနေ အလုပ်လုပ်ခဲ့ရတာ။

အဖေ့က ကျွန်မကို မုန့်ဖိုးမပြောနဲ့ စားဖို့သောက်ဖို့ ထမင်းဖိုးတောင် သိပ်ပေးချင်တာမဟုတ်ဘူးလေ။
ကျွန်မ ဒီနေ့ထမင်းစားရရဲ့လားဆိုတာကို သူ့မိန်းမတွေရဲ့ နှုတ်ခမ်းက ဆိုးဆေး အရောင်တွေလောက်‌တောင် စိတ်ဝင်စားတာမဟုတ်ဘူး။ ကျွန်မလည်း သူ့ကို ဂရုမစိုက်ပါဘူး။ ကိုယ်စားဖို့ ကိုယ့်ဘာသာ ရအောင်ရှာတယ်။ ရှာမရလို့ ငတ်သွားပါစေဦး သူ့ဆီက အောက်ကျခံပြီး တောင်းနေဖို့တော့ စိတ်ကူးမရှိဘူး။ ဒါပေမဲ့ သေလောက်အောင် ပင်ပန်းတယ်ဆိုတာတော့ ဝန်ခံရပါလိမ့်မယ်။

အခုအချိန်မှာတော့ ကျွန်မရဲ့ စိတ်ပျက်စရာ နေ့စဉ်ဘဝထဲမှာ ကံကောင်းခြင်းတစ်ခုရှိလာခဲ့ပြီ။ အိမ်ပြန်ချိန်ရောက်တိုင်း သူ့ကို တွေ့ရမယ်ဆိုတဲ့ စိတ်က ကျွန်မကို ပျော်ရွင်စေပါတယ်။

အေးစက်နေတဲ့ ရေတွေကို ခေါင်းပေါ်က လောင်းချိုးလိုက်ပြီး ရှိသမျှ အင်္ကျီတွေကို မွှေနှောက်ရှာဖွေမိတယ်။ အလတ်ဆုံးလို့ ထင်ရတဲ့ တီရှပ်တစ်ထည်ကို ကောက်စွပ်ရင်း တိုနှံ့နှံ့ဆံပင်ကို ဆီလိမ်းတယ်။

အဲဒီနောက်မှာတော့ အိမ်ခေါင်မိုးပေါ်သို့ ပေါ့ပါးသွက်လက်စွာ တတ်လိုက်ပြီးနောက် အမှောင်ရိပ်မှာ တိတ်တဆိတ် နေရာယူလိုက်တယ်။ ကျွန်မတို့အိမ်ရဲ့ ခေါင်မိုးသွပ်ပြားက သိပ်မခိုင်လှဘူး။ တစ်ချက်နင်းလိုက်တိုင်း ကျွံဝင်တော့မလိုပဲ တကျွီကျွီမြည်သွားတယ်။

My Sweet Candy Where stories live. Discover now