"အရေးကြီးလို့လား သုတ"


                   လေးနက်တည်ကြည်သည့်အသွင်ဖြင့် မေးလိုက်သည့်အခါ သုတ၏မျက်နှာတွင်လည်း လေးနက်သည့်အသွင်၊စိတ်ပူပန်နေသည့်အသွင်တို့က အထင်းသား။ထို့နောက် အဂ္ဂအနားသို့တိုးကပ်လာကာ....

"ကျွန်တော်တို့ သီးသန့်စကားပြောမှဖြစ်မယ် အစ်ကိုငယ်"


               သုတသည် အဂ္ဂအားပြောပြီးပြီးချင်း မဟာ့ဘက်သို့ခေါင်းတစ်ချက်ညိမ့်ပြသည်။မဟာက အလိုက်တသိဖြင့် လွန်းထံလျှောက်သွားသည်။


"ကိုယ့်ညီလေးက ဒီနေ့လက်ထပ်ခွင့်အတောင်းခံလိုက်ရတာဆိုတော့ ခံစားချက်လေးတွေပြောပြပါဦးကွာ"



                  လွန်းသည် အဂ္ဂအား တစ်ချက်မျှခွင့်တောင်းသလိုလေးကြည့်ကာလိုက်သွားသည်။လွန်းတို့ထွက်သွားတာသေချာမှ သုတက သက်ပြင်းချကာပြောလာသည်။



"အစ်ကိုငယ် ဦးခွန်စဝ်သွေးနဲ့ဦးကျော်စွာထွဋ်ခေါင်ကိုသိလား"



              ထိုနာမည်နှစ်ခုကိုကြားသည့်အခါ အဂ္ဂ၏မျက်ခုံးတို့ကတွန့်ချိုးသွားသည်မှာသိသိသာသာ။ထို့နောက် "ဘာဖြစ်လို့လဲ ဆက်ပြော"ဆိုသည့်သဘောဖြင့် မေးတစ်ချက်ဆတ်ပြသည်။


"ကျွန်တော် သူတို့ကိုမြေအရောင်းအ၀ယ်စာချုပ်ချုပ်ကတည်းက သိပ်ပြီးမသင်္ကာလို့ သူတို့အကြောင်းလိုက်ပြီးစုံစမ်းနေခဲ့တာ"


"အင်း ငါပြောစရာရှိတယ် သုတ"


               သုတသည် မွေးစားညီဆိုသော်လည်း ငယ်ငယ်ကတည်းက အတူတူနေလာခဲ့ကြပြီး ညီအစ်ကိုရင်းပမာဖြစ်နေခဲ့၍ သူ့အကြောင်းမှန်သမျှမချွင်းမချန်ပြောပြနိုင်ခြင်းဖြစ်သည်။လောကတွင် သွေးရင်းမတော်စပ်သော်လည်း သွေးရင်းထက်ပို၍ရင်းနှီးပြီး ယုံကြည်ရသောသူရှိခြင်းသည်လည်း ကံကောင်းခြင်းတစ်ခုပင်ဖြစ်သည်။



"ငါ ဟိုနေ့ကဖိုင်တွဲတွေသိမ်းထားတဲ့အခန်းမှာ အဲ့နာမည်နှစ်ခုကိုတွေ့လိုက်တယ်၊တွေ့လိုက်တဲ့ဖိုင်က ငွေအလွဲသုံးစားမှုတွေကိုမှတ်ထားတဲ့ ဖိုင်ထဲမှာ.."



ချစ်ခြင်းတည်စေWhere stories live. Discover now