ခန့်ညားသည်ဆို၍ ဖြာသွားသည့်ပီတိက နောက်ဆက်တွဲစကားကြောင့်လွင့်ခနဲ။ ပါးချိုင့်၊ သွားတက်စသည့် ထူးထူးခြားခြားများ မိမိထံမရှိသည့်တိုင် အသားညို၍ မျက်ဆန်နက်ကာ ညီညာစွာရှိနေသည့် သွားများက ရယ်လိုက်တိုင်းအတန်းလိုက်အစီအရီပေါ်လာကာ ထိုအရာကပင် ဆွဲဆောင်မှုရှိသည်ဟု တင်စားခြင်းခံရသည်မှာ ၁၄ ၁၅ အရွယ်ကတည်းကပင် ဖြစ်သည်။

"သွားကြရအောင်ပါ စစ်သူကြီး"

နေထိုင်ရာအိမ်မှ စထွက်လိုက်သည်နှင့် ဈေးကဲ့သို့ ပစ္စည်းရောင်းချနေသူများနှင့် စည်ကားရာလမ်းမကြီးဖြစ်ပြီး ထိုလမ်းမကြီးအဆုံးက လှပထည်ဝါလွန်းသည့် မိုခီတာရဲတိုက်ကြီးဧ။် အဝင်ဝပင်ဖြစ်သည်။ အထပ်မြင့်များမရှိ၊ ရှုပ်ထွေးပွေလီလှသည့် ကားမျိုးစုံမရှိ၊ မီးရောင်စုံဖြိုးဖျက်နေသည့် LED board များမရှိပဲ တောတောင်အထပ်ထပ်ကြားက နေရာတခု၊ ဂဝံကျောက်များဖြင့် နေအိမ်အများစုကို ​ဆောက်လုပ်ထားပြီး မြင်းလှည်းနှင့် မြင်းတွေသာ ဖြတ်သန်းသွားလာသည့် လမ်းမကြီး​ပေါ် ဟိုဟိုဒီဒီ သွားလာနေကြသည့် သာမာန်အရပ်သားများဖြင့် တိတ်ငြိမ်းအေးချမ်းလွန်းသည့် ဤနေရာလေးကို ကောင်းယံနှစ်သက်မိသည်ကိုတော့ မငြင်းလို။

အမျိုးသမီး​တွေထဲ သာမာန်ပြည်သူများက ပိတ်သားကဲ့သို့သော ခြေမျက်စိရှည်လျားသည့် ဂါဝန်လက်ပွအရှည်များကို အများဆုံးဝတ်ဆင်တတ်ကြပြီး အမျိုးသားများကတော့ ပိတ်ဘောင်းဘီအရှည်​ပေါ်ကိုမှ ဒူးလောက်ရှည်သည့် အပေါ်ဝတ်စုံကိုဝတ်ဆင်ကာ ခါးမှခါးပတ်ဖြင့်ပတ်ထားကြသည်။ လုံလုံခြုံခြုံနှင့် ပေါ့ပါးသည့်ဝတ်စုံမျိုးပေ။

"Land"

"ဟုတ်ကဲ့ စစ်သူကြီး"

"ဒီနေ့ လမ်းပေါ်လူတွေပိုများနေသလိုပဲ"

"အရှင့်သားကို တိုင်းသူပြည်သားအကုန်လုံးက ချစ်ကြတယ် စစ်သူကြီး။ ​မွေး​နေ့ဆို​တော့ အကုန်​ပျော်​နေကြတာ။ အန်ချီတိုင်းပြည်ကဆို သူတို့ဆီက အလှဆုံးမြင်းဖြူကြီးကိုတောင် အရှင့်သားရဲ့မွေးနေ့တခုမှာ ပေးခဲ့တာ။ ညကျရင်လဲ.....စစ်သူကြီး အဲ့ဒါတွေပါ မမှတ်မိတော့ဘူးလား"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now