ရက်စွဲ (၉)

Start from the beginning
                                    

ဆောင်းရိပ်လေး ကျနေသော်လည်း နေသာ ထားသဖြင့် အလင်းရောင်လေးရနေဆဲပင်။တောင်ပေါ်လေးကနေ အောက်ကို လှမ်းကြည့်မိလိုက်ကြသည်။ မြို့သေးသေးလေးဟာ အရမ်းမလှပသော်လည်း၊ ကြည့်ရတာ ကြည်နူးဖို့ကောင်းသည်။ ပြီးတော့ မြို့သေးသေးလေးကိုလည်း သဲသဲကွဲကွဲ မမြင်ရပါ။ မြူလိုလို တိမ်လိုလို အငွေ့များက တောင်ပတ်လည် ဖုံးထားသဖြင့် မသဲကွဲပါ။ အများစားကြီးတော့ မဟုတ်ပါဘူး။ တိမ်မျှင်ပါးပါးလေးတွေက ဟိုတစ်ကွက် ဒီတစ်ကွက်နှင့် မြို့ နှင့်တောင်ကြား နေရာယူကာ တိမ်ပင်လယ် အဖြစ်သို့ အမည်ခံယူနိုင်ရန်ကြိုးစားနေခြင်းဖြစ်သည်။ တောင် စောင်းနားမှာတော့ စူးကျယ်အောင်နှင့် အဒီး တို့နှစ်ယောက် ဒိုးနတ် ထိုင်စားနေကြသည်။ စင်စစ်အားဖြင့် အဒီးက ကချင်ပီပီ အစပ် အချဉ် ကြိုက်သည်။အရမ်းချိုလျှင်မကြိုက်ပါ။ စူးကျယ်အောင်ကတော့ အချို ကြိုက်ပုံမှာ ကလေးတစ်ယောက်လိုပင်။ အဒီးသည် အချို မကြိုက်သော်လည်း စူးကျယ်အောင် ကြိုက်သောကြောင့် သူပါ တစ်ခဏ လိုက်ကြိုက်ပေးမိသည်။ အရာရာဟာ စူးကျယ်အောင်ထက် ဘယ်မှာ ပိုချိုလိမ့်မည်နည်းဟု ခံယူထားပေသည်လားမသိ။

"မင်း ရန်ကုန်မှာ ပျော်ခဲ့လား"
"မပျော်ပါဘူးကွာ၊ ငါ လူကသာ ရန်ကုန်မှာ ငါ့စိတ်က နမ္မတီးမှာဘဲ အရမ်းပြန်ချင်နေတာကြီးရော်"
"အင်း ငါတော့ ရန်ကုန်မှာ ပျော်တယ်"
"ရန်ကုန် သည်လောက် ညစ်ပတ်ကြီးရော မောင်"
"ဒါပေမယ့် အဲ့မှာ ငါစားချင်တာနဲ့ လိုချင်တာတွေ ကို ဝယ်လို့ရတယ်ရော်"

"အင်း အဲ့တာတော့ဟုတ်တယ်"
သူတို့နှစ်ယောက်က စကားတစ်ဝိုင်း၊ အပါကြီးနှင့် တောင်ပေါ်က ဆရာတော်က စကားတစ်ဝိုင်း၊ မြို့လေးနှင့် တောင်လေးကလဲ စကားတစ်ဝိုင်း၊ စူးကျယ်အောင်လက် မှာ ဒိုးနတ်မှ အချို နည်းနည်းပေနေသည်။ အဒီး သူ့ကျောပိုးအိတ်ထဲမှ တစ်သျှူးစိုလေး ထုတ်ကာ စူးကျယ်အောင်လက်လေးကို သုတ်ပေးဖို့ ဟန်ပြင်ကာ လက်လေးကို ကောက်ဆွဲလိုက်သည်။
"ရပါတယ်ဟ၊ ကိုယ့်ဘာသာ သုတ်တတ်ပါတယ်"

ဟုဆိုကာ အဒီးလက်ထဲမှ တစ်သျှူးကို ယူကာ သုတ်လိုက်သည်။ အဒီး အလိုက်သိတတ်ပုံမှာ လွန်လှပါလေစွ။ ဒါစားလျှင် ဒီလိုပေ မည်ဆိုတာ ကြိုသိနေသဖြင့် တစ်သျှူးကြိုဆောင်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် အဒီး အိတ်ထဲမှ တစ်ခုခုထုတ်နေသည်။ စူးကျယ်အောင်၏ဘယ်ဘက်လက်ကို ဖမ်းယူလိုက်ကာ ဝတ်ပေးလိုက်သည်။ နာရီအဖြူလေး တစ်လုံး။စူးကျယ်အောင် ပျော်ရွှင်သွားသည်။
"အလား ထင်မထားဘူးရော်၊ အဟီး"
"မင်းပျော်တယ်မလား"
"ပျော်တာပါ့အေ့၊ ငါ လိုချင်နေတာ ကြာပြီ၊ ဒီမြို့မှာ ခုလိုလှတာလေး မရှိလို့"
"သိတယ်လေ အဲ့တာကြောင့် ဝယ်ခဲ့ပေးတာ"
"ဘယ်လိုသိတာလဲရော်"
"ရော်ဟေ့ ၊မေ့တတ်ပါရော မောင်၊ မင်းဟိုတစ်ခါပြောဖူးတယ်ရော်"
"ဘာဘဲဖြစ်ဖြစ် ကျေနပ်တယ်"

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now