ခင်ထွေးမွန် လှိုင့်ဘက်ကိုလှည့်ကြည့်လိုက်သည် ။ လိုက်လို့ရမလားဟူသော အကြည့်မျိုးနှင့်ဖြစ်သည် ။

" မင်း လိုက်ချင်ရင် လိုက်သွားလေ ၊ ထွေးငယ် ။ မင်းလည်းပျင်းနေရောပေါ့ "

" ဟုတ် ။ ဒါဆို ထွေး လိုက်သွားဦးမယ်နော် "

" အင်း "

ခင်ထွေးမွန် ဒေါ်မြမော်နှင့် အပြင်ကိုလိုက်သွားသည် ။ ဒေါ်မြမော်ကိုယ်တိုင် မောင်းလာတဲ့ကားက ခြံတစ်ခြံရှေ့ရောက်တော့ ရပ်သွားသည် ။ ခြံစောင့်ဖြစ်ဟန်တူသော အသက်ကြီးကြီးအမျိုးသားတစ်ယောက်က ခြံတံခါးကို လာဖွင့်ပေးသည် ။

" မော်ရောက်လာပြီလား "

" ဟုတ်တယ် နုရေ ။ တို့ ပြောထားတဲ့က​လေးမလည်း ပါလာတယ် "

ခင်ထွေးမွန် နုဆိုသည့်အမျိုးသမီးကို ကြည့်လိုက်သည် ။ ထိုအမျိုးသမီးက လှသည် ၊ တည်ကြည်သည် ။ ကျက်သရေလည်းရှိပြန်သည် ။

" အေးအေး ။ အိမ်ထဲဝင်ခဲ့လေ သမီး ။ မော်ရောပဲ ၊ အိမ်ထဲကို ဝင်ထိုင်ကြဦး "

ဧည့်ခန်းထဲရောက်တော့ ဒေါ်မြမော်က နုကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည် ။ မျက်ဝန်းတို့ဟာလည်း ဝမ်းနည်းနေသယောင်ရှိသည် ။

" ခင်ထွေးမွန်ဆိုတာ ဒီက သမီးလား "
နုက ထွေးကို ကြည့်ကာပြောလိုက်သည် ။

" ဟုတ်ပါတယ် အန်တီ " ထွေးကတော့ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်နေသည် ။

" သမီး ကံ့ကော်ကလေးကို တကယ်ပဲချစ်သလား "

" ဟုတ်ကဲ့ ။ ထွေး မမလှိုင်ကို တကယ်ချစ်မြတ်နိုးတာပါ "

" ဒါဆို အန်တီ မင်းကို သတိပေးစရာလေးတွေရှိတယ် ။ ကံ့ကော်ကလေးကို သေချာဂရုစိုက်ပါ ။
သူ့ရဲ့စိတ်အခြေအနေကလေ ... "
နု စကားကို ဆက်မပြောဘဲ ရပ်လိုက်မိသည် ။

" မင်းကို ပြောရမှာ အန်တီ အားတော့နာပါတယ်ကွယ် ။ မေဆုံးသွားပြီးတော့ ကံ့ကော်ကလေးရဲ့စိတ်တွေက ပုံမှန်အခြေအနေမှာ မရှိခဲ့ဘူး ။ အမေဖြစ်သူကို သိပ်ချစ်တာကြောင့်ရော ၊ အဖေဖြစ်သူကို မုန်းတီးတာကြောင့်ရော ၊ နောက်ပြီး ပတ်ဝန်းကျင်ဆီက ကြားရတဲ့စကားသံတွေကြောင့်ရော...အို ဒီကလေး ဘယ်ခံနိုင်ရည်ရှိခဲ့မလဲ "
နု စကားကို ဆက်တိုက်မပြော ။ ထိုစကားတို့ကိုပြောရသည်မှာ စိတ်ပင်ပန်းရပေသည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောTempat cerita menjadi hidup. Temukan sekarang