ကောင်းကင်မိစ္ဆာဓား၏ဓားသွားကိုယ်ထည်မှာ ဖျက်ဆီးခံလိုက်ရပြီးနောက်တွင် ဘာရယ်ကြောင့်မှန်းမသိဘဲ ထိုနှစ်တုန်းက ဓားထဲ၌အတင်းအဓမ္မချိပ်ပိတ်ခံခဲ့ရသည့် မီးလျှံငှက်ပေါက်စလေး၏ဓားဝိညာဉ်မှာ မီးခိုးပြာမှုန့်များအဖြစ် ပျောက်ကွယ်ပျက်စီးမသွားခဲ့ပါချေ။ မိမိမှာ မိစ္ဆာမဟုတ်၊ သရဲတစ္ဆေမဟုတ်သောဘဝသို့ကျရောက်သွားကြောင်းကို ရွှမ်းကျီးမှတ်မိနေခဲ့သည်။ ၎င်းမှာ အပေါ်ယံအခွံကင်းမဲ့သွားသောလိပ်ကလေးတစ်ကောင်ပမာ၊ အသက်ဝိညာဉ်နှင့်အသိဉာဏ်ပျောက်ဆုံးလျော့ပါးသွားပြီး ဘာဆိုဘာမှမမှတ်မိတော့ပါချေ။

အစပိုင်းတွင် သူသည် မသိလိုက်မသိဘာသာဖြင့် ရှန့်လင်ယွမ်းနောက်သို့တကောက်ကောက်လိုက်နေခဲ့ပြီး အူတီးအူကြောင့်ဖြင့်ပင် ထိုလူ၏အနီးအနားတွင်မျောလွင့်နေခဲ့လေသည်။ အချိန်မည်မျှကြာသွားမှန်းမသိလိုက်၊ ထိုအချိန်ရောက်မှသာလျှင် ၎င်းမှာ ဖြည်းဖြည်းချင်း အသိဉာဏ်အနည်းအကျဉ်းပြန်လည်ရရှိလာခဲ့ပြီး သူ့ကိုယ်သူမည်သူမည်ဝါဖြစ်ကြောင်းပြန်လည်မှတ်မိသွားခဲ့သည်။

သူသဘောပေါက်သွားသည်။ ကမ္ဘာပေါ်တွင် မည်သူကမှ သူ့ကိုမမြင်နိုင်၊ သူတည်ရှိနေကြောင်းကို မခံစားမသိရှိနိုင်တော့ပြီဆိုသည့်အချက်ပင်။ ၎င်းမှာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်း၏အပြင်ဘက်တွင်ရှိသော ဘုမသိဘမသိအရှုပ်ထုပ်တစ်ထုပ်အဖြစ်သို့ပြောင်းလဲသွားခဲ့လေပြီ။

ရွှမ်းကျီးက အသိစိတ်ကိုပြန်လည်စုစည်းလိုက်ပြီး ထိုအချိန်ပိုင်းလေးအတွင်း၌ သူမြင်တွေ့ခဲ့သမျှသမိုင်းရာဇဝင်အဖြစ်အပျက်များကို ကျန်လူများအား လိုရင်းတိုရှင်းပြန်ပြောင်းပြောပြလိုက်သည်။

ကောင်းကင်မိစ္ဆာဓားအား ရှင်းလင်းဖယ်ရှားလိုက်ပြီးနောက်ပိုင်းတွင် လူသားဧကရာဇ်သည်ကား တိုင်းသူပြည်သားများ၏မျှော်လင့်ချက်ကိုမပျက်သုဉ်းစေခဲ့ဘဲ တကယ့်ကိုပင် 'ပုံမှန်' ပြန်ဖြစ်သွားခဲ့လေသည်။ သူ၏စိတ်နှလုံးမှာ ရှေးယခင်ကအတိုင်း ပြန်လည်၍နွေးထွေးတည်ငြိမ်လာခဲ့သည်။ ဓားကိုချိုးဖျက်ရန် သူ့အားဝိုင်းဝန်းဖိအားပေးခဲ့သည့်ကိစ္စအပေါ်တွင်လည်း စုံစမ်းစစ်ဆေးခြင်းလုံးဝမပြုလုပ်ဘဲ သည်အတိုင်းလျစ်လျူရှုမျက်ကွယ်ပြုထားလိုက်လေသည်။ များမကြာမီမှာပင် ပွင့်ပွင့်လင်းလင်းဝန်ခံလာသေးသည်။ မိမိသည်ကား ယခင်က အိပ်မက်တစ်ခုမက်နေခဲ့တာဖြစ်ပြီး ဦးနှောက်အသိဉာဏ်မှာ ရှင်းရှင်းလင်းလင်းဖြစ်မနေသည့်အတွက် ရူးသွပ်မိုက်မဲပြီး ကျိုးကြောင်းဆီလျော်မှုမရှိသောကိစ္စအမြောက်အမြားပြုလုပ်မိခဲ့သည်ဟူ၍။

သောကမီးလျှံWhere stories live. Discover now