" အို... ကလေးရယ် ။ တို့တွေ ကြိုးစားရမှာပေါ့ ။ မင်းအမေလက်ခံလာအောင် ၊ အတူနေလို့ရအောင် ကြိုးစားမှဖြစ်မှာပေါ့ ။ လောကမှာ ဘယ်အရာမှလွယ်ကူမနေဘူးလေကွယ် "

" တကယ်ကြိုးစားရင် အဆင်ပြေလာမှာပါနော် မမလှိုင် "

" ပြေမှာပါကွယ် ။ မနက်ဖြန် ဆေးခန်းသွားမယ်မဟုတ်လား ။ တို့ မင်းကို လာတွေ့မယ် "

" ဟုတ် ။ မမလှိုင်က ဆေးခန်းနေရာကို သိလို့လား "

" မင်းနဲ့ပတ်သတ်တဲ့အရာတွေကို တို့မသိဘဲနေပါ့မလား ။ ကဲပါ မနက်ကျ တို့လာခဲ့မယ် ။ မင်းက ဒီညစောစောအိပ်နော် "

" ထွေးတော့အိပ်ပျော်ဦးမယ်မထင်ဘူး "

" တို့အိပ်ဆိုအိပ်လိုက်ပေါ့ကွယ် ။ မင်းမျက်နှာချောင်ကျနေတာမြင်ရင် မင်းအမျိုးသမီးဝမ်းနည်းရလိမ့်မယ် "

" ဟုတ် "

" ဒါဆို တို့ဖုန်းချလိုက်တော့မယ် " 

" ငါက လူကြီးပဲ ။ ငါ သတ္တိတော့ရှိရမှာပေါ့လေ "
လှိုင် စိတ်ထဲကနေတွေးလိုက်သည် ။

ထွေး ဖုန်းပြောပြီးသည်နှင့် လှိုင့်စကားကိုနားထောင်ကာ စောစောအိပ်ဖို့ပြင်လိုက်သည် ။
စိတ်ပူပန်မှုများနေသည့်အချိန်မျိုးမှာ အိပ်ပျော်ဖို့ကြိုးစားရသည်မှာလည်း လွယ်တော့မလွယ်ကူလှပေ ။

********************************

မနက်ခင်းစောစောမှာ လှိုင် အပြင်ကိုသွားဖို့ပြင်ဆင်နေသည် ။ မှန်တင်ခုံရှေ့ကိုထိုင်တာ နှုတ်ခမ်းနီရဲရဲတို့ကိုစိုးနေသည် ။ ဝါလွင်လွင်အဝတ်အစာကိုဝတ်ဆင်ထားသောလှိုင်က ဆံသားတို့ကိုလည်း အဝါရောင်ဖဲကြိုးစနှင့် ခပ်လျော့လျော့လေးစည်းလိုက်ပြန်သည် ။ ထို့နောက် လှိုင် လက်ကိုင်အိတ်နဲ့ကားသော့ကို ယူကာ အောက်ထပ်ကိုဆင်းသွားလိုက်သည် ။

ဧည့်ခန်းထဲမှာထိုင်နေတဲ့သူဇာတစ်ယောက် လှိုင့်ကို အားကျစွာပင်ကြည့်နေလိုက်သည် ။ သူဇာက မှုံနေအောင်မလှသော်ငြား ကြည့်ပျော်ရှုပျော်ရှပ်ရည်ရှိသော မိန်းကလေးတစ်ယောက်ပင်ဖြစ်သည် ။ ဆံပင် ပုခုံးကျော်ကျော်လောက်သာရှိပြီး အရပ်ကလည်း မပုလွန်းမရှည်လွန်း ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now