"ဟေး ငါမသေသေးဘူးနော် "

အသံဩရှရှနဲ့လူကသူ့ရဲ့ပတ်ဝန်းကျင်တစ်ဝိုက်ကိုကြည့်ရင်းပြောလာသည်။အနောက်ကလိုက်လာတဲ့လူတွေအကုန်လုံး နောက်မှာကျန်ခဲ့ပြီဆိုတာသေချာသွားတဲ့အခါ ကျွန်တော်ဆိုင်ကယ်ကိုအရှိန်လျှော့လိုက်သည်။ ကျွန်တော်မောင်းလာတဲ့ဒီလမ်းကရှုပ်ယှက်ခက်နေပြီးတော့ သာမန်ဆိုင်ကယ်တွေအတွက်တော်တော်လေးမောင်းရခက်တဲ့လမ်းဖြစ်နေတာကြောင့် ဘယ်သူကမှလိုက်မီနိုင်မှာမဟုတ်ဘူး။ ကျွန်တော်အိမ်ရှေ့မှာဆိုင်ကယ်ကိုရပ်ပြီးတာနဲ့တပြိုင်နက်သက်ပြင်းမောချလိုက်မိသည်။

"ဒါကဘယ်နေရာလဲ?"

ဒီဝန်ထုတ်ဝန်ပိုးကြီးကိုအိမ်ကိုခေါ်မလာချင်တာကတော့တကယ်ပါ။ ဒါပေမဲ့လည်း အခုလိုအရေးပေါ်အခြေအနေမှာ ကျွန်တော်အကျွမ်းကျင်ဆုံးလမ်းကဒီပတ်ဝန်းကျင်မှာပဲရှိနေတော့လည်း ကျွန်တော်ကိုယ်တိုင်တောင်မသိလိုက်ဘဲ ဒီအိမ်ကိုဦးတည်ပြီးတော့မောင်းလာမိတာပဲ။

"အထဲဝင်လေ မင်းမျက်နှာကိုဆေးကြောပြီးတော့ခြေလက်သန့်စင်လိုက်ဦး "

သူက အခုမှပဲ ငရဲကနေလွတ်ကင်းရာကိုတွေ့တဲ့ပုံစံမျိုးနဲ့ စိတ်သက်သာရာရသွားတဲ့သက်ပြင်းမောကြီးကိုချလိုက်ရင်း ကျွန်တော့်နောက်ကနေအိမ်ထဲကိုလိုက်ဝင်လာခဲ့သည်။

"နေဦး"

ကျွန်တော်အရှေ့ကနေရပ်ရင်းပြောလိုက်သည်။ ကျွန်တော်သူ့ဘက်ကိုပြန်လှည့်မကြည့်ဘဲ အိတ်ထဲကစီးကရက်တစ်လိပ်ကိုထုတ်လိုက်ပြီး မီးညှိလိုက်ရင်း ဆေးလိပ်ငွေ့တွေလေထဲလွင့်တက်လာသည်အထိ တစ်ရှိုက်ဖွာလိုက်သည်။

သူကဘာမှမပြောဘဲ ကျွန်တော့်ကိုကြည့်နေရင်း မေးစရာမေးခွန်းတွေရှိနေတဲ့ပုံစံနဲ့မျက်ခုံးပင့်ပြလာသည်။

"ငါးသောင်း"

ကျွန်တော်စီးကရက်ကိုလက်ကြားထဲမှာညှပ်ထားရင်းပြောလိုက်ပြီး သူ့ဘက်ကိုလှည့်ကြည့်လိုက်သည်။

" ဟင် "

သူကမယုံကြည်နိုင်တဲ့ပုံစံနဲ့လည်ချောင်းကိုတစ်ချက်ရှင်းလိုက်သည်။

HereWhere stories live. Discover now