နာရီကိုငုံကြည့်တော့ ငါးနာရီထိုးဖို့ ဆယ့်ငါးမိနစ်လောက်လိုသေးတယ်။ အင်တာနက်အကူအညီနဲ့ ကမ္ဘာ့ရွာကြီးကိုလည်း မပတ်ချင်တော့ဘူး။ သူများတွေက အပျင်းပြေဆိုပြီး ဂိမ်းကစားကြတယ်။ ကိုယ်ကျတော့ အသက်၂၀မတိုင်ခင်ကတည်းက မျက်စိမူးလို့ မကစားနိုင်ဘူး။ စာဖတ်ရင်ကောင်းမလားဆိုပြီး တွေးမိပေမဲ့ ကိုယ့်မျက်လုံးနဲ့ရသစာတွေဆိုသည်မှာလည်း ငါ့ကိုဖတ်တိုင်း နင်အိပ်ပျော်ပါစေလို့ ကျိန်စာတိုက်ခံထားရတဲ့အတိုင်းပဲ။ အိပ်ပျော်သွားမှာ စိုးရိမ်ရတယ်။ ဗဟုသုတရတဲ့စာအုပ်တွေကျတော့ တအားတတ်သိနေမှာစိုးလို့ မဖတ်ချင်ပြန်ဘူး။ စာကျက်ခဲ့ရတာတောင် မဖြစ်မနေမို့။ အလွန်တတ်ကျွမ်းတော့လည်း အတက်ကြူးရင် ဘီလူးဖြစ်တယ်လို့ ကြားဖူးနားဝရှိတာပဲ။

လက်ပတ်နာရီကို နောက်တစ်ခေါက်ငုံ့ကြည့်တော့ ငါးမိနစ်လိုသေးတယ်။ ဘာလုပ်ရမှန်းမသိတာနဲ့ ဖုန်းထဲက အနာဂတ်ရဲ့ငါ့ကောင်လေးဆိုတဲ့ contactကို ဖွင့်ကြည့်မိတယ် ။ တစ်ပတ်တိတိ စာမပြန် စကားမပြောဘဲ ကောက်ချင်တိုင်းကောက်နေဆဲဖြစ်တဲ့ ဆက်သွယ်မှုလေးပေါ့ဆိုပြီး အသည်းယားသလိုလိုနဲ့။

ငါးနာရီထိုးပြီးလို့ ငါးမိနစ်စွန်းတဲ့အထိ ဘတ်စ်ဂိတ်မှာ လွင့်ကိုမမြင်ရတော့ နေလို့မကောင်းတော့ဘူး။ ဘတ်မှန်ကတစ်ဆင့် ဘတ်စ်ဂိတ်ကိုစိုက်ကြည့်ရင်း ရေဘူးကိုမော့သောက်လိုက်ပေမဲ့ ရင်ထဲမှာရှိတဲ့ သောကအပူရှိန်လေးက တငွေ့ငွေ့နဲ့ ပိုပြီးအူလာတယ်။

အခုတစ်ခေါက်ရဲ့ရန်ကုန်အပြန်ခရီးက ရာသီဥတုသိပ်မကောင်းလို့ အဆင်ပြေချောမွေ့မှုနည်းခဲ့တာတောင် ကိုယ့်မှာ လွင့်ကိုတွေ့ရလိမ့်မယ်ဆိုတဲ့စိတ်နဲ့ ပေါ့ပါးခဲ့ရတယ်။ အိမ်ပြန်နေရင် လွင်အလုပ်ဆင်းချိန်ကို မမီမှာစိုးလို့ ကားထဲမှာအင်္ကျီလဲဝတ်ပြီး ဒီနေရာကိုရောက်လာမိတယ်။ လွင်က ကိုယ့်ကိုမြင်တာနဲ့ စိတ်ဆိုးလိမ့်မယ်လို့တွေးထားပေမဲ့ လွင့်ကိုမတွေ့ရင်လို့ မတွေးထားမိတော့ ရင်ထဲမှာ ပိုပြီးထိခိုက်လာတယ်။

စတီယာရင်ကို လက်ညှိုးနဲ့တောက်ရင်း ဒီနေ့မှမတွေ့ရလည်း တစ်နေ့နေ့တွေ့မှာပေါ့ကွာလို့ စိတ်ဖြေနေတုန်းမှာ ဝါညိုရောင်ဆံပင်နဲ့ ဖုန်းကိုငုံ့ကြည့်ရင်း လမ်းလျှောက်လာတဲ့ ကောင်လေးကို မျက်ဝါးထင်ထင် လှမ်းမြင်ရတော့တယ်။အချိန်ကတော့ ငါးနာရီထိုးပြီး မိနစ်နှစ်ဆယ်ဖြစ်နေပြီ။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now