-------------------------------
Jeno အတန်းတက်ဖို့လာရင်း မိမိတို့ department ရဲ့ မျက်နှာစောင်းထိုးမှာ တည်ရှိနေတဲ့ art department ထဲကို ဝင်သွားတဲ့ Renjun ကို လှမ်းမြင်လိုက်ရသည်။
သူက မဟုတ်မှလွဲရော ပန်းချီမေဂျာ ယူတာများလား
Jeno အတွေးတွေကို ရပ်လိုက်ပြီး အတန်းထဲသို့သာ သွားလိုက်သည်။ နေ့လည်စာ စားချိန်မှာတော့ Haechan, Jaemin တို့ department နဲ့ ဝေးသည်မို့ Jeno တစ်ယောက်တည်းသာ နေ့လည်စာ စားဖို့ ကန်တင်းကို လာလိုက်သည်။
ကန်တင်းထဲရောက်လို့ နေ့လည်စာ စားနေတုန်း ဝင်လာတဲ့ ပုံရိပ်လေးတစ်ခုဟာ RenJun ပါပင်။ Jeno မသိချင်ယောင်ဆောင်ဖို့ ကြိုးစားပေမယ့် အလိုက်ကန်းဆိုး နားမလည်တဲ့ မျက်လုံးတွေဟာ ခိုးကြည့်မိလိုက်သည်။
အကြည့်ချင်းဆုံတော့ သူခိုးလူမိသလို မြန်မြန်ရှောင်လွှဲရတာလည်း ကိုယ်ပါပဲလေ။ Jeno ရင်ထဲက အဆက်မပြတ် တုန်လှုပ်နေတဲ့ နှလုံးသားဟာ အရင်လို Renjun ကို မြင်ရင်း လတ်ဆတ်စွာ ရင်ခုန်နေဆဲပဲ။
ဘာလဲ ဘာလို့ အသားကျမယ်ဆိုတိုင်း မျက်စိရှေ့ ပြန်ပေါ်လာရတာလဲ
Jeno နေ့လည်စာ စားပြီးတာနဲ့ အတန်းချိန်လည်း မရှိသည်မို့ အဆောင်ကိုသာ ပြန်လိုက်သည်။ အဆောင်ဆိုလို့ Renjun လည်း uni နဲ့ သူ့အိမ်နဲ့ဆို ဝေးသည်ကို အဆောင်မနေဖူးလားဟု တွေးမိသေးသည်။
မေဂျာမတူတဲ့ Jeno တို့ သုံးယောက်အတွက် အတန်းချိန်တွေက သူအား၊ ငါမအားဆိုပေမယ့် သောကြာနေ့ကတော့ ခြွင်းချက်ပင်။
သောကြာနေ့ဆို မနက်ပိုင်း အတန်းချိန် ၁ ချိန် ၂ ချိန်သာ ရှိကြသည်မို့ သောကြာနေ့ဆိုလည်း မနက်ပိုင်း အတန်းချိန်ပြီးတာနဲ့ လျှောက်သွားတာ၊ အတူတူ ကစားကြတာတွေ လုပ်လေ့ရှိကြသည်။
ဒီနေ့တော့ ရေသွားကူးကြရအောင်ဆိုတဲ့ Jaemin ရဲ့အဖော်ညှိတဲ့စကားအတိုင်း သူတို့ ရေသွားကူးကြမည်ဖြစ်သည်။ ရေကူးကန်ရောက်လို့ ရေတစ်ဖြတ်ကူးပြီး နားတဲ့အချိန် သူတို့စကားတွေ ပြောဖြစ်ကြသည်။
Renjun ဆီက အငြင်းခံရတဲ့ နေ့ကစလို့ လုံးဝ Renjun အကြောင်းဆို အစကိုမဖော်တော့တဲ့ Jeno ကို ဒီနေ့တော့ Haechan တို့က စကား စလာလေသည်။