🌅 Sunset Glow 🌅
ကျွန်တော်က ညနေခင်းတွေမှာ နေဝင်ချိန်တွေကို ထိုင်ကြည့်ရတာ ကြိုက်တယ်။
ဘာလို့ကြိုက်လဲလို့တော့ အထူးအဆန်းလုပ်ပြီး ကျွန်တော့်ကို မမေးပါဘူးနော်။ နေဝင်ချိန်တွေဟာ ဘယ်လောက်လှတယ်ဆိုတာ လူတိုင်းသိပြီးသားပဲမလား။
အထူးသဖြင့် ပင်လယ်ကြီးထဲကို တဖြည်းဖြည်း နိမ့်ဆင်းငုပ်လျှိုးသွားတဲ့၊ ပုစွန်ဆီရောင် ရဲရဲတောက်နေ တဲ့ နေလုံးကြီးကို မြင်ဖူးတဲ့သူတိုင်းသိတယ်။ နေလုံးကြီးဟာ မပျောက်ကွယ်ချင်ပါဘဲ ပျောက်ကွယ်ရတော့မဲ့အတိုင်း အငြိုးနဲ့ကို အစွမ်းကုန် လှသွေးကြွယ်ပြတော့တာ။ သူတည်ရှိဖို့ ထိုက်တန်ပါသေးတယ်ဆိုတာကို ပြချင်တာပဲလား။ နောက်နေ့မှာ သူလှလှပပ ပေါ်ထွက်လာဦးမှာကို ထပ်တွေ့ရဖို့ စောင့်မျှော်နေစေချင်လို့လားပဲ။ အရှိန်အဝါကြီးစွာ လှပလို့နေတော့တယ်။
နောက်ပြီး မြစ်တစ်စင်းရဲ့ တစ်ဖက်ခြမ်းက တောင် တန်းတွေနောက် နိမ့်ဆင်းပုန်းလျှိုးသွားတဲ့ နေလုံးနီ ရဲရဲကို မြင်ဖူးရင်လည်း သိလိမ့်မယ်ဗျ။ မြစ်ရေဟာ ညိုညစ်ညစ်အရောင်လို့ပဲ အရင်ကသိထားတာမလား။ အဲဒါဆို ခင်ဗျားဟာ မြစ်ပြင်အကြောင်းကို အသေအချာမသိသေးတဲ့ လူပဲဗျ။ နေဝင်ချိန်တွေမှာ မြစ်ပြင်ဟာ ရွှေအိုရောင် တဖိတ်ဖိတ်တောက်နေတတ်တယ်။ တကယ်ဘုရားစူး . . . သိပ်လှတာပဲဗျာ။
ကုန်ကုန်ဗျာ . . . လေယာဥ်စီးနေတုန်း လေယာဥ်ပြတင်းပေါက်က မြင်နေရတဲ့ နေဝင်ချိန်ဟာ ဘယ် လောက်လှပနေသလဲဆိုတာကို သိတယ်မလား။ တိမ်တွေဟာ အဆုပ်လိုက်၊ အထွေးလိုက်နဲ့ အောက်ဘက်ဆီ မှာ၊ ဟိုး . . . မိုးကုတ်စက်ဝိုင်းအစွန်းမှာ သက်တံ့ရောင် ရောင်ပြေးလေးက အနားသတ်မျဥ်း၊ အပေါ်ဘက်က အာကာသဟင်းလင်းပြင်က မှောင်ရီသန်းတော့မဲ့အချိန်။ ခင်ဗျားပတ်ဝန်းကျင် တစ်ခုလုံးမှာက အဝါရောင်တွေချည်း။ အဝါရောင် တိမ်ပင် လယ်ကြီးထဲ ရောက်နေတဲ့ အခိုက်အတန့်မှာတော့ ခေါင်းထဲပြည့်ကျပ်လို့နေတဲ့ ဘာပြဿနာတွေပဲရှိရှိ၊ ရင်ထဲသယ်ပိုးထားရတဲ့ ဘာဝေဒနာတွေပဲရှိရှိ အဲဒီ့ အခိုက်အတန့်လေးကို ရပ်တန့်ထားချင်မိတယ်မလား။ ကျွန်တော့်ကို မညာပါနဲ့။
