အဆိုပါ ‘ပါးဟက်’ ဖြင့်ဖုံးအုပ်ခံလိုက်ရသော လူများ၊ အကြီးအသေးအရွယ်အစားမျိုးစုံရှိသော ခရီးဆောင်သေတ္တာများနှင့် စက်လှေတို့၏ကိုယ်ထည်ပေါ်တွင် ပုလဲငွေမှင်ရောင်များပြိုးပြိုးပြက်ပြက်တောက်ပလင်းလက်လို့နေသည်။ ထို့နောက် လူများကိုတင်ဆောင်ထားသောစက်လှေသည်ကား ရေအောက်ထဲသို့နစ်မြုပ်သွားပြီး ရေမျက်နှာပြင်ပေါ်တွင် အရောင်အသွေးစုံလင်တောက်ပသောရေပူစီဖောင်းလေးများနှင့် သေးငယ်သောဝဲဂယက်ငယ်လေးများသာ ပလုံစီထလျက်ကျန်ရစ်ခဲ့လေတော့သည်။

စက်လှေမှာ ရေအောက်ထဲသို့နစ်မြုပ်သွားသည်နှင့်တစ်ပြိုင်နက် ရူပဗေဒဥပဒေသများနှင့် လုံးဝဥဿုံဆန့်ကျင်သွားတော့သည်။ ဖော့ဂုဏ်သတ္တိမှာလည်း သူတို့အပေါ်တွင်မည်သို့မျှသက်ရောက်မှုမရှိသည့်နှယ်။ စက်လှေပေါ်တွင်ရှိနေကြသောလူတိုင်းမှာ သူတို့၏မူလနေရာတွင်ပင် မြဲမြံစွာရှိနေကြ၏။ လူများမှာ လွတ်လပ်စွာလှုပ်ရှားနိုင်ပြီး မည်သည့်အနှောင့်အယှက်မှမရှိဘဲ အသက်လည်းကောင်းကောင်းရှူနိုင်ကြသည်။ ရေစီးကြောင်းများမှာ လေအလျင်ကဲ့သို့ပင် သူတို့၏အင်္ကျီကြယ်သီးပေါက်များနှင့်ရှူးဖိနပ်ကြိုးများအကြားမှစီးဆင်းသွားကြပြီး သူတို့၏အဝတ်အစားများမှာ စိုစွတ်သွားခြင်းမရှိကြပါချေ။

“ကျွန်မတို့စကားပြောလို့မရဘူးမလား?”

ရုပ်သေးရုပ်မိန်းမပျိုလေးက စမ်းသပ်၍စကားပြောကြည့်လာသည်။

လူတိုင်းက သူ(မ) ထံသို့လှည့်ကြည့်လာကြသည်။ ‘ခွင်းပါးဟက်’ ၏လွှမ်းခြုံထားမှုအောက်တွင် သူမ၏အသံမှာ ကမ်းစပ်ပေါ်တွင်ရှိစဉ်က အသံနှင့်ကွဲပြားခြားနားမှုမရှိပါချေ။ သူမ၏နားတစ်ဝိုက်တွင်စီးဆင်းနေသော ပလုံပလုံမြည်နေသည့်ရေသံများ၏နှောင့်ယှက်မှုအနည်းငယ်သာရှိသည်။

ရုပ်သေးရုပ်မိန်းမပျိုလေးမှာ အံ့ဩဘနန်းဖြစ်သွားရှာသည်___နောက်ဆုံးတွင်မူ သူမ ယုံကြည်သွား၏။ ခွင်းငါးတွေမှာ တကယ်ပဲ ပါးဟက်ရှိတာပဲ!

ငါးတစ်အုပ်သည်ကား သူမရှိရာဆီသို့ကူးခတ်လာကြပြီး ပရိတ်သတ်များသဖွယ် သူမ၏တင်ဆက်သရုပ်ဆောင်မှုအား စိတ်ဝင်တစားစူးစိုက်ကြည့်ရှုလို့နေသည်။ ဘာရယ်ကြောင့်မှန်းမသိဘဲ အဆိုပါဝိုင်းဖွဲ့ကြည့်ရှုနေသူများကြောင့် သူမမှာ အနည်းငယ်စိတ်ဂဏာမငြိမ်ဖြစ်သွားရှာတော့သည်။

သောကမီးလျှံWhere stories live. Discover now