"လူတွေအများကြီး လျှောက်ကြမှာသေချာတယ်။ ငါတော့မျှော်လင့်ချက်တောင် မထားရဲတော့ဘူး"

"စစ်မရောက်ခင် မြှားမကုန်စမ်းပါနဲ့ ငါတို့ရဲ့ ရူပါ​တွေကိုလဲ ကြည့်ပါဦး။ ဝင်းဝါတဲ့အသားအရည်၊ နက်မှောင်တဲ့ဆံကေသာ၊ အညိုရောင်မျက်ဝန်း...အဲ...မင်းကတော့စိမ်းဖန့်ဖန့်ပေါ့။ ငါ့မှာလဲ အပြစ်ပြောစရာဆိုလို့ မဆိုသလောက်လေးအဆီအစ်နေတာပဲရှိတယ်"

ပြုံးစိစိမျက်နှာပေးနဲ့ပြောနေတဲ့ နိုရာကို ​ကောင်းဆက် ​ခေါင်းတခါခါနှင့် စိတ်ပျက်သလိုကြည့်လိုက်သည်။ ထို့နောက် သူပြောခဲ့သည့်စကားကို အစပြန်ကောက်ကာ...

"မင်း ခုနပြောတဲ့ ငါ့မှာလဲအပြစ်ပြောစရာဆိုလို့ အဆီအစ်တာပဲရှိတယ်ဆိုတာလေ။ ငါ့မှာလဲဆိုကတည်းက ငါ့ကိုပါထည့်ပြောတာလား။ စိမ်းဖန့်ဖန့်မျက်လုံးက အပြစ်လား။"

"မဟုတ်ပါဘူးကွ။ မင်းကိုငါ့သူငယ်ချင်းမို့မြှောက်ပြောတာ မဟုတ်ဘူး။ ငါ​ ​တွေ့ဖူးတဲ့ ကပြားတွေထဲ မင်း အချောဆုံးပဲ၊ မျက်လုံးတွေက ဖန်ဂေါ်လီလုံးလိုပဲ အရမ်းလှတယ်။ တခါတလေဆိုမင်းကိုငါ စိုက်မကြည့်ရဲဘူး။"

"ဘာဖြစ်လို့လဲ။"

"အဲ့ဒီမျက်လုံးတွေကို ကြည့်ရင်းကြည့်ရင်း ဘာလို့ဒီလိုတောက်ပပြီးလှနေတာလဲဆိုပြီး ဇွန်းနဲ့ကော်ထုတ်ကြည့်ချင်စိတ် ဖြစ်ဖြစ်လာလို့။"

"ညနေကျရင် မုန့်ဝယ်ကျွေးပါမယ်။ အခုတော့ စလိုက်ကြရအောင် နိုရာ။ ရူပါကိစ္စခေါင်းထဲကထုတ်လိုက် ဂိမ်းကစားပေးရမယ့် နေရာအတွက်လာလျှောက်တာနော် ငါတို့အခွက်ဘယ်သူမှမကြည့်ဘူး သွားမယ်.."

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

"ဒီနေ့...တခါတည်းအင်တာဗျူးဝင်ဖို့ အဆင်ပြေမလား..."

ကောင်တာမှအစ်မကြီး မေးသံနောက်မှာ ​ကောင်းဆက်တို့မှာ အချင်းချင်းပြန်ကြည့်​နေမိသည်။ မဟုတ်ရင် ဘယ်အချိန်ခေါ်မယ်မှန်းမသိတဲ့၊ ခေါ်မှာလားလည်း မသေချာတဲ့ အခြေအနေမှာ ချက်ချင်းအင်တာဗျူးမယ်ဆိုတော့ အစွမ်းကုန်ရယ်ပြကာ ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်တော့သည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now