အနောက်တောင်မှ လေဆိပ်သို့ ကားမောင်းရန်ကြာချိန်မှာ နှစ်နာရီခန့်ဖြစ်သည်။ အစပိုင်းတွင် ရွှမ်းကျီးမှာ အချိန်ဖြုန်းရန်အလို့ငှာ သူ့ဖုန်းထဲရှိဂိမ်းများကိုကစားရန်ရည်ရွယ်ထားသော်လည်း သူ၏လက်ချောင်းများမှာမူ သူ့ဆန္ဒကိုသစ္စာဖောက်သွားပြီး သူ့တို့ဘာသာအလိုအလျောက်လှုပ်ရှားရင်း သူ့ထံသို့ လောင်ဝမ် ပေးပို့ခဲ့သောဗီဒီယိုကို ပြန်လည်ဖွင့်ကြည့်လိုက်လေတော့သည်။ ထိုဗီဒီယိုအား ခုနစ်ကြိမ် ရှစ်ကြိမ်ခန့်ကြည့်ပြီးနောက်တွင်မူ ၎င်းမှာ အသိစိတ်ပြန်ကပ်လာပြီး စိတ်ရှုပ်ရှုပ်ဖြင့် သူ့မျက်နှာကိုဖုန်းဖြင့်ပိတ်ရိုက်ပစ်လိုက်လေသည်။

ဒါက ဘာရောဂါထနေတာလဲ? ကုရာနတ္ထိဆေးမရှိလို့ နောက်ဆုံးအဆင့်ရောက်နေတဲ့ အချစ်နာကျတဲ့ရောဂါလား?

၎င်းမှာ တစ်ယောက်တည်းပြိုလဲကြေကွဲနေခိုက်မှာပင် သူ၏အသိစိတ်အာရုံအတွင်း၌ တစ်စုံတစ်ခုကို ရုတ်တရက်အာရုံခံစားလိုက်ရသည်။

ဟင်?

ရွှမ်းကျီးက ဘေးဘီဝဲယာသို့လှည့်ပတ်ကြည့်ရှုလိုက်သည်__အနောက်ဘက်.....ဌာနချုပ်ရှိတဲ့နေရာလား?

သို့သော် ယခုအချိန်၌ ၎င်းမှာ DCO အဆောက်အဦးတည်ရှိသော အနောက်တောင်သဘာဝထိန်းသိမ်းရေးနယ်မြေမှ အတော်လေးအလှမ်းကွာဝေးသောနေရာသို့ရောက်ရှိနေပြီဖြစ်သည်။ ကျေးလက်ဒေသရှိလမ်းမကြီးများမှာ ချောမွေ့ပြန့်ပြူးလှသောကြောင့် ဘတ်စ်ကားမှာ ဒုံးကျည်ကဲ့သို့အမြန်နှုန်းဖြင့်မောင်းနေခြင်းဖြစ်သည်။ အချိန်ခဏလေးအတွင်းမှာပင် (၆) ကီလိုမီတာ (၇) ကီလိုမီတာလောက်ဝေးလံသောနေရာသို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ရွှမ်းကျီးမှာ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဦးနှောက်ကိုအလုပ်ပေးလိုက်သည်။ လွန်ခဲ့သောရက်ပိုင်းအတွင်း ကောင်းကောင်းမအိပ်စက်ခဲ့ရသောကြောင့် ထင်ယောင်ထင်မှားဖြစ်နေခြင်းများလားဟု သူတွေးလိုက်မိ၏။ ဤမျှလောက်ဝေးသောအကွာအဝေးလောက်မှပင် DCO အတွင်း၌ လှုပ်လှုပ်ရှားရှားဖြစ်နေမှုများကိုခံစားနိုင်သည်ဆိုပါက မိမိသည်ကား လူသားဆက်သွယ်ရေးတာဝါတိုင်တစ်တိုင်ဖြစ်သွားတာပဲဖြစ်ရမည်။

သောကမီးလျှံWhere stories live. Discover now