ဤကိစ္စကိုမဖြေရှင်းပါက မိမိသည်ကား နောက်ပိုင်းတွင် ဌာန၌တရားဝင်ရာထူးတစ်နေရာရပြီး အမြဲတမ်းဝန်ထမ်းတစ်ယောက်ဖြစ်သွားလျှင်တောင်မှ သူ၏ဘဝလက်တွဲဖော်ကိုရှာဖွေရန်ခက်ခဲသွားနိုင်သည်ဟု ရွှမ်းကျီးတစ်ယောက်ခံစားလိုက်ရလေတော့သည်!

ရွှမ်းကျီးမှာ အလုပ်မှစောစောစီးစီးပြန်လာသောကြောင့် သူပြန်မည့်အချိန်၌ ဝန်ထမ်းကြိုပို့ဘတ်စ်ကားများရောက်မလာသေးပေ။ လော်ချွေ့ချွေ့သည်ကား သူ၏အထက်လူကြီးဖြစ်သူအား ကပ်ဖားရပ်ဖားလုပ်နိုင်မည့်အခွင့်အရေးကိုလက်လွှတ်မခံပါချေ။ သို့ဖြစ်ရာ ၎င်းမှာ စေတနာ့ဝန်ထမ်းလုပ်ကာ ရွှမ်းကျီးအား မြို့ထဲသို့ပြန်လိုက်ပို့ပေးပြီးနောက် သူလည်း အလုပ်မှစောစောဆင်းရန်ရည်ရွယ်ထားလေသည်။ ရွှမ်းကျီးကမူ သူသွားမည့်နေရာအား အခြားသူများကိုမသိစေချင်သည့်အတွက် 'လမ်းမကြုံဘူး' ဟူ၍အကြောင်းပြကာ တောင်ခြေရင်းတွင်ရှိသောဘတ်စ်ကားမှတ်တိုင်အထိသာ သူ့ကိုလိုက်ပို့ပေးရန်ပြောခဲ့သည်။ ထို့အပြင် လောင်လော်၏ခြေကုန်လက်ပန်းကျနေသောအမူအရာနှင့် သူ၏တစ်ပတ်ရစ်ကားအစုတ်လေးကိုကြည့်ကာ သူ့အတွက် ဓာတ်ဆီဖိုးထပ်ပြီးအကုန်မခံစေလိုသောကြောင့်လည်းဖြစ်သည်။

နှစ်ဦးသားမှာ လူမှုရေးကျင့်ဝတ်များအတိုင်း တစ်ယောက်နှင့်တစ်ယောက် သူသွားမည်၊ ငါသွားမည်ဟူ၍ ခေတ္တခဏကြာအောင် ဟန်ဆောင်ပန်ဆောင်ဖြင့် လောကဝတ်ပြုနေကြသေးသည်။ နောက်ဆုံးတွင်မူ လော်ချွေ့ချွေ့တစ်ယောက်တွေးလိုက်သည်ကား သူနှင့်ဒါရိုက်တာရွှမ်း၏အိမ်မှာ‌ တောင်တစ်နေရာ မြောက်တစ်နေရာစီဖြစ်နေရုံသာမက ညနေပိုင်းတွင်ဖြစ်လေ့ဖြစ်ထရှိသောယာဉ်ကြောပိတ်ဆို့မှုများကြောင့် သူ၏ဓာတ်ဆီဖိုးမှာ ယွမ် ၁၀၀ ကျော်ကုန်ကျသွားမည်ဖြစ်ကြောင်းတွက်ချက်တွေးတောလိုက်ပြီးသကာလဝယ် နောက်ဆုံးမှာတော့ ၎င်းမှာ ရွှမ်းကျီးအား သုံးကွက်အလျှော့ပေးလိုက်ပြီး သူ့ကို ဘတ်စ်ကားမှတ်တိုင်တွင်သာချပေးလိုက်ရန်သဘောတူလိုက်လေတော့သည်။

လော်ချွေ့ချွေ့သည်ကား ဓာတ်ဆီဖိုးကိုချွေတာခဲ့သော်ငြား သူ၏ 'အပြုအမူ' များကိုမူ ချွေတာလို့မဖြစ်ပေ။ သို့ဖြစ်ရာ ၎င်းမှာ ဘတ်စ်ကားရောက်လာသည့်အချိန်အထိ ရွှမ်းကျီးအား ကားမှတ်တိုင်တွင်အဖော်ပြုစောင့်ဆိုင်းနေပေးခဲ့ပြီး သူ့အား ကားပေါ်သို့သေသေချာချာလိုက်ပို့ပြီးနောက်မှသာလျှင် သူ့အိမ်သို့ကားမောင်းပြန်ခဲ့လေသည်။

သောကမီးလျှံWhere stories live. Discover now