၎င်းသည်ကား ထိုစကားကိုပြောကြားချိန်၌ အနည်းငယ်မှပင်ရှက်ရွံ့ကြောက်လန့်နေခြင်းအလျဉ်းမရှိပါချေ။ မသိလျှင် ထမင်းစားရန်ပိုက်ဆံမရှိသည့်ကိစ္စမှာ သူ့အတွက်ရယ်ရွှင်စရာကောင်းသောကိစ္စတစ်ခုသာဖြစ်ပြီး လုံးဝကိုရှက်စရာကောင်းသောကိစ္စတစ်ရပ်မဟုတ်သည့်နှယ်။

များသောအားဖြင့် ထိုကဲ့သို့သောလူမျိုးမှာ လူလိမ်တစ်ယောက် သို့မဟုတ် စိတ်မနှံ့သူတစ်ယောက်သာဖြစ်နိုင်သည်။ သို့သော် ဆိုင်ရှင်ဖြစ်သူသည်ကား ၎င်းအားအကဲခတ်ကြည့်ရှုလိုက်ချိန်တွင်မူ အနှီဧည့်သည်တော်၏စကားအပြောအဆိုမှာ အစီအစဉ်တင်ဆက်သူတစ်ဦးနှင့်တူလှပြီး သူ၏ပုံပန်းသွင်ပြင်မှာလည်း အတော်လေးကိုတမူထူးခြားကွဲထွက်နေကြောင်းတွေ့ရှိလိုက်ရသည်__အထူးသဖြင့် မျက်စိကျိန်းလောက်အောင် ရှည်လျားလွန်းသောဆံနွယ်များကြောင့်ပင်ဖြစ်သည်။ သို့ဖြစ်ရာ ဆိုင်ရှင်ဖြစ်သူမှာ ဖြစ်နိုင်ချေမရှိသောအကြောင်းရင်းများကိုပယ်ထုတ်လိုက်ပြီးနောက်တွင်တော့ နောက်ဆုံး၌ကောက်ချက်ချလိုက်သည်မှာ__ထိုသူသည်ကား 'Reality Show တစ်ခု၏အစီအစဉ်တင်ဆက်သူ' တစ်ဦးဖြစ်နိုင်သည်ဟူသတတ်!

ဤသည်ကား အခမဲ့ကြော်ငြာသကဲ့သို့ပင်။ အကယ်၍ အဆိုပါအစီအစဉ်နာမည်ကြီးသွားပါက တစ်နိုင်ငံလုံးရှိလူများသည်ကား သူတို့ကိုမြင်တွေ့သွားကြမည်ဖြစ်သည်။ ထိုကဲ့သို့သောအခွင့်အရေးမျိုးကို သူ နောက်ထပ်မည်သည့်နေရာတွင်ရှာတွေ့နိုင်ပါမည်နည်း?

သို့ဖြစ်ရာ ဆိုင်ရှင်ဖြစ်သူသည်ကား ပျော်တပြုံးပြုံးနှင့်ပင် သဘောတူလိုက်သည်။ သူ၏သဘောတူခွင့်ပြုချက်မှာ အလွန်တရာမြန်ဆန်လွန်းလှသောကြောင့် တည်းခိုမည့်ထိုသူသည်ပင် အမှန်တကယ်အံ့အားသင့်သွားခဲ့ရလေသည်။ ဒေသခံပြည်သူများမှာ ဤမျှလောက်သဘောကောင်းကြလိမ့်မည်မှန်း သူ ထင်မှတ်မထားသည့်နှယ်။

ရက်သတ္တပတ်တစ်ပတ်ခန့်ကြာပြီးသွားချိန်မှာတော့ ဆိုင်ရှင်ဖြစ်သူမှာ အနှီဧည့်သည်၏ရိုက်ကူးရေးအဖွဲ့သားများကို ယခုအချိန်ထိမတွေ့ရသေးသည့်အတွက် အနည်းငယ်ဇဝေဇဝါဖြစ်လာရလေတော့သည်။ သို့ပေသိ ၎င်းမှာ ထိုသူကိုတည်းခိုခွင့်ပြုပေးခဲ့ခြင်းအပေါ်တွင် နောင်တရခြင်းမျိုးမရှိပါချေ။ အဆိုပါဧည့်သည်မှာ သူ့ကိုမည်သည့်အနှောင့်အယှက်မှမပေးသောကြောင့်ပင်ဖြစ်သည်__ပထမဆုံးနေ့ ဆိုင်မဖွင့်ခင်နံနက်အစောပိုင်းမှာပင် ထိုသူသည်ကား ဆိုင်ရှင်၏အိမ်ထဲတွင်ရှိသော ဖုန် (၂) လက်မခန့်တက်နေသည့် မြေထည်ဖြင့်ပြုလုပ်ထားသော ရွှင်းတူရိယာကိုတွေ့ရှိသွားခဲ့သည်။ သူက ထိုအရာကိုယူကာ သန့်ရှင်းရေးပြုလုပ်လိုက်ပြီးသော် တံခါးပေါက်ဝ၌ထိုင်ကာ အသံစမ်းသည့်အနေဖြင့် တေးသီချင်းတစ်ပုဒ်စနှစ်ပုဒ်စကို အစမ်းတီးမှုတ်ကြည့်လိုက်သည်။ တိုက်ဆိုင်ခြင်းပင်လော သို့တည်းမဟုတ် ထိုသူမှာ မည်သို့သောနှစ်သက်ဖွယ်ရာအရိပ်အသက်များကိုသယ်ဆောင်ထားသည်မသိ၊ များမကြာမီပင် သူ၏တေးသီချင်းသံကိုနားဆင်ရန်အလို့ငှာ ကျေးငှက်သာရကာများသည်ကား လမ်းဘေးဝဲယာတစ်လျှောက်နှင့် အိမ်ခေါင်မိုးများပေါ်သို့အပြည့် ဆင်းသက်နားလာကြလေတော့သည်။

သောကမီးလျှံWhere stories live. Discover now