"မြန်မြန်ထိုင်__သူ့အတွက် လက်ဖက်ရည်သွားယူခဲ့"

မစ္စတာနျန်သည်ကား အလေ့အကျင့်ဖြစ်နေသည့်နှယ် ထောင့်ကျသောထိုင်ခုံတစ်ခုံ၌ရွေးချယ်၍ဝင်ထိုင်လိုက်သည်။ သူ၏ကျောပြင်မှာ သေနတ်ယမ်းထိုးတံတစ်ချောင်းပမာတောင့်တင်းနေလျက်ရှိသည်။ ၎င်းမှာ ရုပ်သေးရုပ်ထံမှလက်ကမ်းပေးလာသော လက်ဖက်ရည်ခွက်ကိုလှမ်းယူလိုက်ပြီး သောက်သုံးဟန်ပြုလိုက်သော်ငြား အမှန်စင်စစ် သူ့နှုတ်ခမ်းဖြင့်ထိတောင်မထိခဲ့ပါချေ။ ထို့နောက် လက်ဖက်ရည်ခွက်ကိုဘေးတစ်ဖက်သို့ချထားလိုက်ပြီး မှိုင်းညို့ညို့ သစ်သားတံဆိပ်ပြားတစ်ခုကို လှစ်ခနဲထုတ်ယူလိုက်သည်။

တံဆိပ်ပြားပေါ်တွင် ထူးဆန်းသောရုပ်ပုံတစ်ပုံကိုရေးဆွဲထား၏။ နဂါးဦးခေါင်း၊ ငှက်တောင်ပံ၊ မြွေခန္ဓာနှင့် ကျားအမြီးရှိပြီး မျက်လုံးများပေါက်ထွက်မတတ် ဒေါသအမျက်ချောင်းချောင်းထွက်နေသော ရုပ်ပုံတစ်ပုံပင်။ မစ္စတာနျန်သည်ကား အနှီတံဆိပ်ပြားကို ပြောင်းပြန်လှန်ကာ စားပွဲပေါ်သို့ ဘုန်းခနဲမြည်အောင်ရိုက်ချလိုက်၏။ တံဆိပ်ပြား၏နောက်ကျောဘက်တွင် 'ကောင်းကင်မီးလျှံ' ဟူသည့် သွေးစာလုံးနှစ်လုံးရှိနေသည်။

"ကျွန်တော်တို့ရဲ့လူတွေက ဘွားဘွားကို အရင်ကတည်းက ဆက်သွယ်ခဲ့သင့်တာပါ၊ ဒါက ကျွန်တော့်ရဲ့တံဆိပ်ပြားပါ၊ ကျွန်တော့်ရဲ့စစ်မှန်မှုကိုသက်သေပြဖို့အတွက်ပါ"

ယွိဘွားဘွား၏အကြည့်များမှာ အဆိုပါတံဆိပ်ပြားပေါ်တွင် တဒင်္ဂမျှရစ်ဝဲနေပြီးနောက် သူမက ဖြည်းညင်းစွာပြောလာသည်။

"ဖုန်လိုင်ညီလာခံရဲ့တံခါးကိုဒီလိုမျိုး တိုက်ရိုက်လာခေါက်ရဲတာ....မင်းတို့အုပ်စုက အတော်လေးကိုရဲတင်းလွန်းကြတာမဟုတ်ဘူးလား?"

မစ္စတာနျန်က တစ်ချက်ပြုံးလိုက်သည်။ ၎င်းမှာ များသောအားဖြင့် သန်မာကြံ့ခိုင်သောအရှိန်အဝါမျိုးရှိသူတစ်ဦးဖြစ်သော်ငြား သူ၏သွားတန်းလေးများမှာမူ သာမန်လူများထက်စာလျှင် ပို၍သေးငယ်ကျဉ်းမြောင်းလှသည့်အတွက် နုနုရွရွပုံစံမျိုးပေါက်နေတော့သည်။ သူပြုံးလိုက်ချိန်တိုင်းတွင် စကားလုံးများဖြင့်ဖော်ညွှန်းခြင်းငှာမတတ်သာသော အပြစ်ကင်းဖြူစင်သည့်အရိပ်အယောင်မျိုးထွက်ပေါ်လာတတ်သည်။ ကြည်လင်သောဖန်သားတစ်ချပ်ပမာ။ သို့ပေသိ ယခုအချိန်တွင်မူ ၎င်းမှာအမှောင်ထုထဲတွင်ထိုင်နေရသည့်အတွက် အဆိုပါကြည်လင်သောဖန်သားပြင်မှာ အမှောင်ရိပ်များဖြင့်ဖုံးလွှမ်းခံထားရရှာ၏။ ညစ်ညမ်းနောက်ကျိသွားသော နတ်ရေကန်တစ်ကန်ကဲ့သို့နှယ်။ သူက စကားဆို၏။

သောကမီးလျှံWhere stories live. Discover now