"ကိုကို့ မျက်နှာသစ်က ဒါနော်"

"အဲ့ဒါ Suncream လေ ... မျက်နှာသစ်က Avocado အစိမ်းရောင်လေး"

"အာ ဟုတ်"

သိုက်သည် မျက်နှာသစ်ကို လက်ဖျား၌ ညှစ်ချကာ သူ့မျက်နှာ အနှံ့ ပွတ်သုတ်ပေးသည်။ စိမ်းမြမြ ရနံ့ နှင့် အတွေ့ကြောင့် သူ့ ပါးပြင်များမှာ အေးသက်သွား၏။

မျက်နှာရှေ့မှာ ရေခွက်ခံပြီး သစ်ဆေးပေးရာ သူ့မှာ စောင်ပုံထဲက ခြေလက်ပင် လှုပ်စရာမလို။ ပြီး Toner ကို ဆက်လိမ်းပေးသည်။ ထို့နောက် Essence ။ Moisturizer ။ မျိုးစုံသော Step များကို လုပ်ပေးရင်း သိုက်သည် ရယ်ချင်စိတ်ကို ထိန်းကာ မျက်နှာပိုး သတ်နေဟန် ပြုံးသေး၏။

"အဆင့်တွေ များလိုက်တာဗျ"

"ငါက မင်းလို ပုံတုံးမှ မဟုတ်တာ"

"ကိုကိုနော်"

သိုက်က နှုတ်ခမ်းလုံးကို စုချွန်ပြီး သူ အကြည့်ရှိရာ မျက်လုံးရွဲများကို စိုရွှန်းစေသည်။ ဒီကောင်လေးနှယ်။ စောစောစီးစီး သမာဓိအားကို လာရိုက်ဖျက်ပြန်ပြီ။

"ကျွန်တော့်ကို ဘယ်အထိ ငေးနေအုံးမှာလဲ"

နောက်ဆုံး Step cream ကို လိမ်းရင်း ငေးကြည့်နေသည်ကို ဆုပ်ဖမ်းတော့ သူက ရှက်ရယ်ရယ်ဖို့သာ တတ်နိုင်၏။

"ချစ်ဖို့ကောင်းတာကို မင်းက"

"အဟင်း"

နှစ်ဦးသား ကလူကျီစယ်၍ ကိုယ်လက်သန့်စင် ပြီးသည်နှင့် အောက်ထပ်ကို တူတူဆင်းလာခဲ့သည်။ ထမင်းစားခန်းတွင် ဒေါ်လှ နှင့် သား။

သားသည် သူ့ကို မြင်လျှင် မြင်ချင်း မျက်မှောင်ကို မဲကျုတ်နေအောင် ကုတ်ပစ်၏။

"ဒယ်ဒီ့ကို လူမိုက်ကြည့်ကြည့်နေတယ် ဟုတ်လား"

သူသည် သားဘေး ဝင်ကာထိုင်ရင်း ကိုယ်လုံးထွေးကို ပေါင်ပေါ်သို့ ပင့်တင်လိုက်သည်နှင့် ဂိုဂိုးတစ်ကောင်မှာ လူးလားဆန်ခတ် ရုန်းပြေးတော့သည်။

"ဟော"

"ကိုကို ညက သားကို ရစ်ထားတယ်လေ ... အဲ့ဒါ စိတ်ကောက်နေတာနေမှာပေါ့"

သိုက်က ရယ်ပြောရင်း ကရားမှ ကော်ဖီကို သူ့ ဖန်ခွက်ထဲသို့ ငဲ့ထည့်ပေးသည်။ ညိုရင့်ရောင် အရည်များမှာ တလှုပ်လှုပ် ဘောင်ခတ် ငွေ့လှိုင်းထပြီး အခါးသက်မည့် သဘော ရှိသည်။

Swamping with Intimacy (Season2)Where stories live. Discover now