အပိုင်း ၁

Comenzar desde el principio
                                    

ဆေးကျောင်းသားဟူသော ဘဝတစ်ကွေ့ကိုဖြတ်ကျော်ပြီးသည့်နောက် တိရစ္ဆာန်ဆရာဝန်တစ်ယောက်ဖြစ်လာသောအချိန်၌ကား စာကြည့်မျက်မှန်အကူမပါဘဲ ဧယာ စာလုံးတွေကို ကွဲကွဲပြားပြား မြင်နိုင်စွမ်းမရှိတော့ပေ ။ ထို့ကြောင့် သွားလေရာတိုင်း စာကြည့်မျက်မှန်ကို ဆောင်သွားရ၏ ။

သူယခု ကလောကိုရောက်နေရသည့် အကြောင်းအရင်းမှာလည်း ဘဝတစ်ကွေ့တွင် ဆုံတွေ့ခဲ့ရသော သူငယ်ချင်းတစ်ယောက်၏ လက်ထပ်မင်္ဂလာပွဲသို့ တက်ရောက်ချီးမြှင့်ရန်ပင်ဖြစ်သည် ။ အရက်သေစာသောက်စားခြင်းကို မခုံမင်သော်လည်း ညကတော့ သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုကြောင့် အလိုက်သင့် ဘီယာတစ်ခွက်တော့ ကုန်အောင်သောက်ပေးခဲ့ရ၏ ။ ထို့ကြောင့်လည်း မနက်ရောက်တော့ ဧယာ အနည်းငယ်ထိုင်းမှိုင်း၍ ဤကဲ့သို့ မျက်မှန်ယူရန်မေ့ကျန်ခဲ့ခြင်း ဖြစ်ရမည်။

စာအုပ်ဖတ်ရန် အဆင်မပြေတော့သည့်နောက် ဧယာ အငွေ့တထောင်းထောင်းနှင့် ကော်ဖီခွက်ကိုသာ တစိမ့်စိမ့်သောက်ရင်း ဆိုင်အပြင်ဘက် မြင်ကွင်းများကို အနည်းငယ် ငေးနေလိုက်၏။ အသက် ၃၁ နှစ်ဟူသော အပိုင်းအခြားအတွင်းတွင် သူခင်မင်ရင်းနှီးခဲ့သည့် သူငယ်ချင်းမိတ်ဆွေများ၏ မင်္ဂလာပွဲများကို တက်ရောက်ပေးရခြင်းက ပထမဆုံးအကြိမ်မဟုတ်တော့။ ထိုနည်းတူပင် မင်းရော ဘယ်ချိန်အိမ်ထောင်ပြုမလဲ ဟူသည့်မေးခွန်းများကို ကြားရခြင်းဟာလည်း အကြိမ်ရေထပ်နေပြီဖြစ်သည်။

ဤအရွယ်ရောက်မှတော့ သူလည်းအထူးတလည် အပူထပ်မရှာချင်တော့ပေ။ တိရစ္ဆာန်ဆရာဝန် ဒေါက်တာငြိမ်းချမ်းဧယာက လူပျိုကြီးဟူသော ခေါင်းစဥ်အောက်တွင်ပဲ သူအသားကျမှန်းမသိ ကျနေခဲ့လေပြီ။

မှာထားသည့် မနက်စာများနှင့် ဗိုက်ဖြည့်ပြီးသည့်အခါတွင်တော့ ခါတိုင်းလိုဆိုင်ထဲ ကြာကြာထိုင်နေချင်စိတ်မရှိတော့ဘဲ ဧယာချက်ချင်းထထွက်လာခဲ့၏။ ဖြာကျနေသော နေရောင်ချည်နုနုက အေးစိမ့်စိမ့် မနက်ခင်းကို အနည်းငယ်အနွေးဓာတ်လေး ပေးနေလေပြီ။ ဆိုင်လေး၏ အပြင်ဘက်တွင် ပန်းခြံဘက်သို့ လျှောက်လမ်းလေးရှိသလို ပန်းရောင်စုံလေးများကိုလည်း စုံစုံလင်လင် စိုက်ပျိုးထားခြင်းကြောင့် ဧယာ့စိတ်တွေ မဆိုသလောက်ကြည်လင်လာ၏။ ညနေမပြန်ခင်မှာတော့ သူဒီမြို့လေးကို နေရာအနည်းငယ်စုံအောင် လျှောက်ကြည့်ဖြစ်ဦးမည် ။

ရင်ခုန်သံအကျိုးအပဲ့Donde viven las historias. Descúbrelo ahora