ရွှမ်းကျီးမှာ အံ့အားသင့်သွား၏။

သူက ငါ့ကိုလည်းမမြင်ဘူးပေါ့?

ရှန့်လင်ယွမ်းသည်ကား လုံးလုံးလျားလျားကိုနိုးထမလာသေးပေ။ အိပ်စက်ခြင်းစက်ဝန်းနှစ်ခုအကြား၌ မသိလိုက်မသိဘာသာဖြင့် အလိုအလျောက်မျက်လုံးများပွင့်လာခြင်းသာဖြစ်နိုင်သည်။ သူ့အကြည့်များမှာ တည်ငြိမ်အေးဆေးလွန်းလှပြီး မှိန်ဖျော့ဖျော့ဆီမီးရောင်အောက်တွင်ရှိနေသော ကုတင်လိုက်ကာစများကိုသာလျှင် ဗလာကျင်းနေသောမျက်ဝန်းများဖြင့်ငေးစိုက်ကြည့်ရှုလို့နေသည်။ သူ့ကိုယ်ပေါ်၌ ငုံ့ကိုင်းအုပ်မိုးထားလျက်ရှိနေသည့် ရွှမ်းကျီးမှာ အသက်ရှူအောင့်ထားမိလေသည်။ တစ်ယောက်နှင့်တစ်ယောက် ထိစပ်လုမတတ်ဖြစ်နေသော အလွန်တရာနီးကပ်နေသည့် အနေအထားအတွင်း၌ သူတို့၏အကြည့်များမှာ အချင်းချင်းဆုံစည်းသွားကြသော်ငြား ထို့နောက်တွင်မူ မည်သည့်အခါကမှ တွေ့ဆုံခဲ့ခြင်းမရှိသည့်နှယ် အလျင်အမြန်ပင် နောက်တစ်ကြိမ်ကွေကွင်းရှောင်ဖယ်သွားကြပြန်သည်။

ရွှမ်းကျီး သို့မဟုတ် အိပ်မက်ထဲရှိ သူဝင်ပူးနေသောထိုလူသည်ကား မိမိအားမမြင်တွေ့နိုင်သော ထိုမျက်ဝန်းတစ်စုံကိုငေးစိုက်ကြည့်နေရင်းက ရုတ်တရက် စိတ်ကယောက်ကယက်ဖြစ်လာပြီးနောက် ရက်စက်ကြမ်းကြုတ်သောစိတ်ရိုင်းများဝင်လုမတတ်ဖြစ်လာကာ ရှန့်လင်ယွမ်း၏လည်တိုင်ကို ဖိနှိပ်ဖမ်းချုပ်ထားလိုက်လေသည်။ သူ၏အသက်ရှူသံများကို ခိုးယူသွားချင်သည့်အလား။

ရွှမ်းကျီးသည်ကား ထိုနေရာ၌ နှစ်ကိုယ်ခွဲထွက်သွားသည့်ပမာ။ တစ်ဖက်တွင် အပြင်ဘက်မှရပ်ကြည့်နေသောလူတစ်ယောက်၏ရှုထောင့်အနေအထားမှနေ၍ ကသိကအောက်ဖြစ်ကာ စိတ်လှုပ်ရှားမှုတို့ကြောင့် သူ့တစ်ကိုယ်လုံးကြက်သီးတဖြန်းဖြန်းပင်ထလာသယောင်။ ကျန်တစ်ဖက်တွင်မူ အိပ်မက်ထဲရှိ ‘မိမိအား’ ဝင်ပူးနေသောခန္ဓာကိုယ်၏လွှမ်းမိုးခြယ်လှယ်မှုကိုခံစားလိုက်ရရင်း တဟုန်းဟုန်းတောက်လောင်နေသောအမျက်ဒေါသမီးလျှံများနှင့်အတူ ကွန်းခိုရာမဲ့နေသော နာကျင်ပြင်းပြစွာဆူပွက်နေရှာသည့် တဏှာရမ္မက်ဆန္ဒများသည်ကား ပြန်လမ်းမဲ့သော မီးလျှံအပါယ်ငရဲဘုံသို့နစ်ဝင်ကျဆင်းသွားလေတော့သည်။

သောကမီးလျှံWhere stories live. Discover now