"ဘယ်နေရာဖြစ်ဖြစ်။ လူအရမ်းမရှုပ်ရင် အဆင်ပြေတာပါပဲ။"

"မောင့်ကိုပဲ ရှိစေချင်တယ်ပေါ့"

"ဟာ မစနဲ့ဗျာ"

နွေဦးမောင်၏ကျီစယ်သံများကို ကျင့်သားမရသေးသလို နရီက မျက်နှာလွှဲ လွှဲသွားတိုင်း သူ၏အမျိုးသားလေးကသဘောတကျရယ်မြဲ။

"မစပါဘူး။ သွားမယ် သွားမယ်။ မျက်နှာမလွှဲထားနဲ့ မောင့် မြင်ကွင်းထဲမှာပဲရှိနေပါကွာ"

နွေဦးမောင်သည် စကားပြောရင်း ရှေ့သို့တူရူကြည့်မိကာ မျက်နှာပေါ်ကအပြုံးတို့က ရုတ်ချည်း ရပ်တန့်အေးစက်သွားတော့၏။နွေဦးမောင်၏အကြည့် လားရာကိုစောနရီ ခြေရာခံလိုက်ကြည့်မိတော့ နူးနူးညံ့ညံ့နှင့်ကျက်သရေတို့လွှမ်းခြုံနေသောအမျိုးသမီးတစ်ယောက်ကိုတွေ့ရ၏။ဝတ်စားပုံအရ၊အနေအထားအရ ဤအမျိုးသမီးသည် မောင့်မေမေဖြစ်မည်မှာဧကန်မလွဲ။
စောနရီ ပျာယာခတ်သွားရသည်။ ချက်ချင်းကိုခေါင်းငုံချလိုက်မိပြီး ပြေးလွှားနေသည့်လိပ်ပြာလေးလို မျက်တောင်များကို အကြိမ်များစွာ ပုတ်ခတ်နေမိသည်။
ရုတ်တရက်ပါပဲ မောင်ကသူ့လက်ကို လာကိုင်သည်။
"အပြစ်လုပ်ထားတာ တစ်ခုတောင်မရှိဘူး။ မျက်နှာမော့ထား နရီ။ ဘယ်သူ့ကိုမှအားနာစရာမလိုဘူး။"

ဒေါသသံမပါ၊ကြည်လင်ပြတ်သားဟန်ဖြင့် ဩဇာပြည့်သောအသံက သူ့မေးဖျားကို တည့်မတ်သွားစေခဲ့သည်။

"မေမေ... ထူးထူးဆန်းဆန်း၊ ကျောင်းကိုရောက်လာပါလား"
ဒေါ်ရင်ရင်လတ်ကအနီးရောက်လာပေမဲ့ စောနရီအား အကြည့်တစ်ချက်မပေး။ ဘယ်တုန်းကမှ မရှိခဲ့သလို လျစ်လျူရှုခြင်းမျိုးနှင့်။
"သားမောင်ရေ။ မေမေ့ကို တစ်နေရာကိုလိုက်ပို့ပါလား။ "

"သား ကားငှားပေးလိုက်မယ်လေမေမေ။"
ယတိပြတ်ငြင်းဆန်ပေမဲ့ ဒေါ်ရင်ရင်လတ်က လက်လျော့ဟန်မတူ။
"သားမောင်လိုက်ရမဲ့နေရာမို့ပါ။"

"မေမေ.."
စောနရီက ဆုပ်ထားသည့်လက်ဖဝါးကနေရုန်းထွက်လိုက်တော့ နွေဦးမောင်က သူ့အားစောင်းငဲ့ကြည့်သည်။ သူမေးဆတ်ပြမိလိုက်သည်။ သဘောကတော့ လိုက်သွားပါဟူ၍ပင်။
နွေဦးမောင် သက်ပြင်းချလိုက်သည်။
"မောင့်အခန်းမှာပဲစောင့်။ တစ်ခုခုစားထားနှင့်နော်။"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now