ရှန့်လင်ယွမ်း၏အာရုံမှာ ဒစ်ဂျစ်တယ်ကင်မရာအပေါ်မှသည် သူမလက်ထဲတွင်ကိုင်ထားသောတလိမ့်လိမ့်ရွေ့နေသည့်ခရီးဆောင်လက်ဆွဲသေတ္တာလေးအပေါ်သို့ပြောင်းလဲရောက်ရှိသွားလေတော့သည်။ သူမ၏ဘေးနားတွင် အပေါင်းအဖော် အစောင့်အကြပ်များလည်းမပါပါချေ။ သူမမှာတစ်ယောက်တည်းသာဖြစ်သလို အနားတွင်ရှိသောလူများမှာလည်း သူမကိုနည်းနည်းလေးတောင်ဂရုမထားကြပါချေ။ မည်သူကမှ သူမ၏ခရီးဆောင်လက်ဆွဲသေတ္တာလေးကိုကူညီ၍သယ်ဆောင်ပေးမည့်သူမရှိ။ သုံးချွမ်းနှင့်ယုံအန်းသည်ကား အနည်းဆုံးမိုင်ထောင်ပေါင်များစွာကွာဝေးသောနေရာဒေသနှစ်ခုဖြစ်သည်လေ။ သံချပ်ကာဝတ် ထိပ်တန်းမြင်းစစ်သည်တော်တပ်ဖွဲ့ငယ်လေးတစ်ဖွဲ့သည်ပင် အနှီညသန်းခေါင်ယံအချိန်၌ခရီးသွားလာရမည်ဆိုပါက အတော်လေးကိုသတိဝီရိယရှိရှိဖြင့် နိုးကြားတက်ကြွစွာသွားလာရမည်ဖြစ်သည်။ ညကြီးသန်းခေါင်အချိန်၌ မိန်းကလေးတစ်ယောက်တည်း သည်လိုခရီးသွားတာမျိုးက အတော်လေးအန္တရာယ်များတယ်မဟုတ်ဘူးလား?

ရှန့်လင်ယွမ်းမှာ မနေနိုင်မထိုင်ဖြစ်ကာ သံသယစိတ်များတဖွားဖွားပေါ်ပေါက်လို့လာသည်။

ဒီသေမျိုးမိန်းကလေးက တကယ်တော့ တွေ့ရခဲမြင်ရခဲတဲ့ အဆင့်မြင့်ဆရာတစ်ဆူများလား?

“ဘာဆရာတစ်ဆူလဲ? ကြည့်လိုက်တာနဲ့ အဆင့်နိမ့်တဲ့ကုမ္ပဏီဝန်ထမ်းတစ်ယောက်မှန်းသိသာနေတာပဲကို”

ရွှမ်းကျီးသည်ကား အဒေါ်ကြီးများကိုကူညီပေးပြီးသွားသည့်နောက် ရှန့်လင်ယွမ်း၏စိုးရိမ်ပူပန်မှုများကို ‘ကြား’လိုက်ရသောအခါဝယ် သူ့အကြည့်များအတိုင်းလိုက်၍ကြည့်ရှုလိုက်လေသည်။

အလုပ်မှအနားယူပြီးသွားသော အတွေ့အကြုံရှိကုမ္ပဏီဝန်ထမ်းဟောင်းတစ်ယောက်၏လေသံမျိုးဖြင့် သူကပြောလိုက်သည်။

“အလုပ်ခရီးကိုတစ်ယောက်တည်းပဲသွားရတယ်…လာကြိုပေးမယ့်လူလည်းတစ်ယောက်မှမရှိဘူး….၂၄/၇ အလုပ်လုပ်ရတဲ့အပြင် ညဘက်မှာပါခရီးထွက်ရသေးတယ်၊ ညလေယာဉ်တွေက ဈေးသက်သာတယ်လေ…ဪ…ညလေယာဉ်ဆိုတာ ညဉ့်နက်သန်းခေါင်အချိန်မှထွက်တဲ့လေယာဉ်တွေကိုပြောတာ__လေယာဉ်ဆိုတာကို လူကြီးမင်းသိတယ်မဟုတ်လား? ကျွန်တော်တို့ ဒီကိုလာတုန်းက စီးလာတဲ့ဟာလေ”

သောကမီးလျှံWhere stories live. Discover now