“မောင်ရင်လေး….အဒေါ်တို့ကို ဓာတ်ပုံလေးတစ်ပုံလောက်ရိုက်ပေးလို့ရမလား…..”

ရွှမ်းကျီးမှာ အခုလေးတင်မှ သူ့လုပ်ဖော်ကိုင်ဖက်ဆီမှ အခန်းကတ်ကိုယူလာခဲ့ပြီးဖြစ်သည်။ အနှီအဒေါ်ကြီးထံမှ စူးရှရှစကားသံကိုကြားလိုက်ရချိန်၌ ၎င်းမှာ ဘောင်းဘီထဲသို့ဆီးထွက်ကျလုမတတ်ပင်ဖြစ်သွားရှာပြီး လူသားဧကရာဇ်ဖြစ်သူအား ပေါ့ပေါ့တန်တန်သဘောထားရဲသော သတ္တိကောင်းလှသည့် ထိုအ‌ဒေါ်ကြီးထံသို့ ကမန်းကတန်းအပြေးသွားကာ ကြားဖြတ်ပြောလိုက်လေသည်။

“ကျွန်တော် ရိုက်ပေးပါ့မယ်…ကျွန်တော်ရိုက်ပေးပါ့မယ်…..ကျွန်တော့်သူငယ်ချင်းက ဓာတ်ပုံကောင်းကောင်းမရိုက်တတ်လို့ပါ….သူရိုက်လိုက်ရင် အမြဲတမ်း ကိုယ်တစ်ပိုင်းပြတ်နေတဲ့ပုံတွေပဲထွက်လာတတ်လို့လေ”

ရှန့်လင်ယွမ်းမှာ သူတို့နှစ်ယောက် ဘာတွေပြောနေသလဲဆိုတာကို တစ်ခွန်းမှနားမလည်ပါချေ။ သို့ဖြစ်ရာ သူက ဘေးတစ်ဖက်သို့လှည့်ကာ သူတို့အားလမ်းဖယ်ပေးလိုက်သည်။ ၎င်းမှာ အရပ်လေးမျက်နှာရှိ လူသံဆူညံသံများအားလုံးကို သည်းခံနေလျက်ပင် ဒစ်ဂျစ်တယ်ကင်မရာလေးပေါ်ရှိ LCD မျက်နှာပြင်ကိုလှမ်းကြည့်လိုက်သည်။ လက်မအနည်းငယ်သာအရွယ်အစားရှိသော အနှီ ‘ဝိညာဉ်ကိရိယာ’လေးပေါ်တွင် အလွန်တရာကြည်လင်ပြတ်သားသော လူပုံရိပ်များထင်ဟပ်လာတော့သည်။ ‘ကလစ်’ ဟူသောအသံတစ်ချက်နှင့်အတူ ပုံရိပ်များမှာ မျက်နှာပြင်ပေါ်တွင်စွဲမြဲစွာကပ်ထင်သွားလေသည်။ မည်သို့သော ဝိညာဉ်ဖမ်းကိရိယာလေးမှန်းမသိသည့်အတွက် ၎င်းမှာ မသိလိုက်မသိဘာသာဖြင့်ပင် အနောက်သို့ခြေတစ်လှမ်းဆုတ်မိသွား၏။ ထိုပစ္စည်းလေးကိုသေချာမကြည့်လိုက်ရသေးမှာပင် ပိန်ပါးသွယ်လျသောမိန်းမပျိုလေးတစ်ဦးသည်ကား သူ့အနားမှ အလောတကြီးဖြတ်သန်းသွားလေသည်။

ထိုမိန်းကလေးသည်ကား သူမ၏အရပ်အမြင့်တစ်ဝက်လောက်ရှိသော ခရီးဆောင်အိတ်တစ်လုံးကိုဆွဲကာ လက်ထဲရှိလက်ကိုင်ဖုန်းလေးထဲသို့စကားပြောဆိုနေသည်။

“ဟုတ်ကဲ့….ကျွန်မ အခုအလုပ်ခရီးတစ်ခုသွားနေလို့ပါ….ယုံအန်းကိုရောက်တော့မှာပါ….ညဘက်လေယာဉ်နဲ့လာတာပါ….ကျေးဇူးပြုပြီး စိတ်မပူပါနဲ့….ကျွန်မလေယာဉ်ပေါ်မတက်ခင် နောက်ဆုံးအစီရင်ခံစာအသစ်ကို ပို့ပေးလိုက်ပါ့မယ်”

သောကမီးလျှံWhere stories live. Discover now