မျက်စံဟာ ဂနာမငြိမ်သူလိုမျိုးဖြစ်နေသည့်နရီ့ကိုကြည့်ရင်း နွေဦးမောင်မျက်မှောင်ကြုတ်မိသည်။

"လာနရီ... မောင်တို့ ကံ့ကော်တောထဲခဏသွားကြမလား"

အဓိပတိဝင်ပေါက်ရဲ့ဘက်ဘက်ခြမ်းမှာရှိတဲ့ကံ့ကော်တောက တက္ကသိုလ်နယ်မြေရဲ့ထူးခြားထင်ရှားတဲ့ပြယုဒ်။ နာမည်ကြီးသည့်နေရာ။
ကံ့ကော်ပင်တွေစီတန်းပေါက်ရာနေရာ။
ကံ့ကော်နံ့တွေ လှိုင်လှိုင်ထနေသည့်နေရာ။
ကံ့ကော်ပန်းတွေ လှိုင်လှိုင်ပွင့်ပြီး ပျားပိတုန်းတွေရဲ့ ကူးသန်းရာနယ်မြေ။

"နရီ ကံ့ကော်ပန်းတွေဘယ်ကနေဝယ်လာတာလဲ?"

နွေဦးမောင်က ကံ့ကော်ပန်းရိုးတံတွေကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည့် နရီ့လက်ကို လက်ချောင်းများဖြင့် ဖွဖွပုတ်ရင်း မေးလိုက်၏။

"မာလာမှတ်တိုင်မှာ ရောင်းနေတာတွေ့လို့။အမိုးအတွက်လေ"

နွေဦးမောင်သည် ဆက်စပ်ပြီးတွေးကြည့်မိ၏။
ရန်ကုန်ကို တက်လာတဲ့နရီက သူ့အမိုးအတွက်ဆေးဝယ်ဖို့၊ ပြီးတော့ သူ့အမိုးအတွက်ပန်းဝယ်သည်။နရီ့ရင်ထဲကိန်းအောင်းနေသည့်အရာ၊ ပြောဖို့အားယူနေသည့်အရာကလည်း အမိုးအတွက်သာဖြစ်လိမ့်မည်။

"နရီ့မေမေက ကံ့ကော်ကြိုက်တာလား။ မောင်ပျိုးပင်ဝယ်ပေးမယ်။ ခြံထဲမှာစိုက်ပေါ့။ အပင်ကြီးလို့ပန်းပွင့်တဲ့အခါ အမိုးလည်း သူ့စိတ်ကြိုက်ပန်တာဖြစ်ဖြစ်၊ဘုရားတင်တာဖြစ်ဖြစ်လုပ်လို့ရတာပေါ့"

နွေဦးမောင်ဆိုလိုသည့်သဘောသည် အမိုးက ကံ့ကော်ပင်ကြီးလာသည်အထိ နရီနှင့်အတူရှိနေလိမ့်မည်။ ပျိုးပင်ကနေ အရွယ်ရောက်သည့်အပင်တစ်ပင်ဖြစ်လာသည်အထိ ကျန်းမာစွာနဲ့နရီ့နားမှာရှိနေဦးမှာပါ လို့ တစ်ဖက်လှည့်နှင့်ဆိုလိုက်ခြင်းပင်။

"မောင် ယောက်ျားတွေကပန်းပန်လို့ရလား"

"ဘာလို့လဲနရီလေးရဲ့"

"အပါးကပြောပြဖူးတယ်။ အမိုးရဲ့အချစ်ကိုရဖို့ ဒီကျောင်းမှာ ကံ့ကော်ပန်းပန်ပြီး တစ်နေကုန်လျှောက်သွားရတယ်တဲ့"

နရီသည် သူ့အပါးအကြောင်းပြောချိန်တွင် မျက်ဝန်းများက ဂုဏ်ယူဟန်၊ဝမ်းနည်းဟန်ရှိနေသည်။
"အဲ့တာကြောင့် ယောက်ျားလေးက ပန်းပန်ဖို့ထိုက်ရဲ့လား။ ပန်းဆိုတာမိန်းကလေးနဲ့ပဲသက်ဆိုင်တာမလား၊ဒါပေမဲ့ အပါးက အမိုးပြောတဲ့အတိုင်း ပန်းပန်ပြီး တစ်နေကုန်နေခဲ့တာ။ လူတွေကလည်းအဲ့တုန်းက အပါးကို လိုက်ကြည့်နေတာတဲ့လေ။"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now