AGGRESSION Part - { 1 }

18 2 2
                                        

A G G R E S S I O N
Part – { 1 }

အော့ဖ်ဂြိုလ်။ ( သိမ်းပိုက်ခံနယ်မြေဟောင်း။ )
ဆိုက်ဘာနယ်မြေအလွန်တစ်နေရာ။

ပတ်ဝန်းကျင်ရှုခင်းက စုတ်ပြတ်၍ကြည့်ရဆိုးလွန်းလှသည်။ အညစ်အကြေးအထပ်ထပ်ဖြစ်နေသောအဆောက်အဦးပျက်ကြီးများနှင့် ယာဉ်ပျံပျက်ကြီးများက နေရာအနှံ့တွင် ထိုးထိုးထောင်ထောင်နှင့် တစ်စစီဖြစ်လျက် . . . ။
ယင်းနေရာတစ်ခွင်လုံး၌ လူသူအရိပ်အယောင်ဟူ၍မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေ၏။ ဆန်းပြားသည့်ပုံစံရှိသော ဂြိုလ်နေပိုးမွှားကောင်များကသာ ဟိုဒီပြေးလွှားနေကြလေသည်။ သို့သော် ကြီးမားသည့် အဆောက်အဦးပျက်ကြီးတစ်ခု၏အမိုးခုံးတစ်နေရာပေါ်တွင်မူ လူနှစ်ယောက်ရှိနေပါ၏။
ထိုလူနှစ်ယောက်အနက် တစ်ယောက်မှာ ထူးဆန်းသော သတ္တုချပ်ဝတ်စုံကိုဝတ်ဆင်ထားကာ ကျန်တစ်ယောက်မှာမူ ရှေးဆန်သောအဝတ်အစားများနှင့် ဦးခေါင်းတွင်ခေါင်းစွပ်တစ်ခုက ၎င်း၏မျက်နှာကိုမမြင်နိုင်စေရန် ဖုံးကွယ်ထားလေသည်။ ထိုသူ၏နောက်ကျောတွင်လည်း မိုးပြာရောင်ဝတ်ရုံရှည်ကြီးက တဖားဖားလွင့်လျက်ရှိ၏။
သတ္တုချပ်ဝတ်စုံနှင့်လူကလည်း ဦးခေါင်းတွင်ခေါင်းစွပ်ရှိနေသည်ဖြစ်ရာ သူ၏မျက်နှာကိုလည်း လွယ်လင့်တကူ မမြင်ရချေ။
“  ဒီနေရာက အနံ့အသက်တော်တော်ဆိုးတာပဲ  ”
ဝတ်ရုံပြာနှင့်လူက ပတ်ဝန်းကျင်ကိုဝေ့ကြည့်ရင်းပြောသည်။
“  ဒီဂြိုလ်မှာ ဘာတွေများဖြစ်ခဲ့တာပါလိမ့်  ”
သတ္တုချပ်ဝတ်နှင့်လူက ပြောနေရင်းမှ အဆောက်အဦး၏အောက်ဘက်တစ်နေရာတွင်ရှိနေသော တစ်စုံတစ်ခုကို သတိထားမိသွားသည်။
“  ငါတို့ရှာနေတဲ့ တစ်ခုခုဆိုတာကို တွေ့ပြီထင်တယ် အာရှား . .  ”
‘ အာရှား ’ ဟု ခေါ်ခံလိုက်ရသော ဝတ်ရုံပြာနှင့်လူက သတ္တုချပ်ဝတ်လူ ညွှန်ပြသောနေရာသို့ ကြည့်လိုက်၏။
သူတို့မြင်နေရသည်ကား အဆောက်အဦးပျက်ကြီး၏အောက်ဆုံးနေရာအပျက်အစီးပုံတစ်ခုပေါ်တွင် ငြိမ်သက်စွာ ရပ်နေသော လူတစ်ယောက်။
ထိုလူက သူတို့နှစ်ဦးရှိရာ အဆောက်အဦးပျက်ကြီးကို ကျောပေးလျက်ရပ်နေခြင်းဖြစ်သည်။ ‘ အာရှား ’ က ပါးစပ်မှ ဘာသာစကားတစ်ခုကို တီးတိုးရေရွတ်လိုက်ပြီး သူ၏လက်များကို ဝှေ့ယမ်းလိုက်ရာ -
“  ရွှီး . . . ရွှစ် . .  ”
သူ၏ရှေ့မလှမ်းမကမ်းနေရာတွင် အစိမ်းရောင်အခိုးအငွေ့များဖြင့် ဝင်ပေါက်တစ်ခုပေါ်လာလေ၏။ ယင်းဝင်ပေါက်မှနေ၍ အဆောက်အဦးကြီး၏အောက်ဘက်တွင်ရှိနေသော လူ၏နောက်ကျောဘက်ကို မြင်နေရသည်။
‘ အာရှား ’ နှင့် သတ္တုချပ်ဝတ်လူ နှစ်ယောက်လုံး ထိုဝင်ပေါက်ထဲသို့ ခပ်သွက်သွက်ဝင်လိုက်ကြရာ သူတို့မြင်နေရသော အဆောက်အဦး၏အောက်ဘက်သို့ ရောက်ရှိသွားလေတော့သည်။ သူတို့နှစ်ဦးရောက်ရှိသွားသည်နှင့် ဝင်ပေါက်က ပျောက်ကွယ်သွား၏။ တကယ်တော့ ‘ အာရှား ’ က အဆောက်အဦး၏အပေါ်ဘက်နှင့်အောက်ဘက်ကို အပင်ပန်းခံ၍ ဆင်းစရာမလိုအောင် သူ၏အစွမ်းဖြင့် ဝင်ပေါက်ဖွင့်၍ တိုက်ရိုက်ဖြတ်သန်းလိုက်ခြင်းပင်ဖြစ်ပါ၏။
ကျောပေးလျက်ရပ်နေသောသူမှာ သူတို့နှစ်ယောက်ရောက်ရှိလာသည်ကို ဂရုစိုက်ဟန်မတူဘဲ ရပ်မြဲအတိုင်းရပ်နေဆဲ။
“  မင်းက ငါတို့ရှာနေတဲ့သူနဲ့များ ပတ်သက်မှုရှိနေမလား  ”
‘ အာရှား ’ ၏ စကားကြောင့် ထိုသူက ကျောပေးထားရာမှ အနောက်သို့ အနည်းငယ်မျှသာ စောင်းငဲ့ကြည့်လိုက်ပြီးနောက် -
“  ငါ မင်းတို့ကို သိပါတယ်  ”
သူ၏အသံက ပုံမှန်အသံမဟုတ်ဘဲ အက်ကွဲ ခြောက်သွေ့နေ၏။ ထိုသူ၏အသံကို ကြားသည်နှင့် သတ္တုချပ်ဝတ်လူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိလိုက်၏။
“  ခင်ဗျားက တော်တော်ကြောက်တတ်တဲ့သူပဲ အမြဲတမ်းရှောင်ပြေးနေတာလေ  ”
သတ္တုချပ်ဝတ်လူ၏စကားသံတွင် ဒေါသသံတို့ပါ ရောယှက်နေသည်။ ထိုအခါကျမှ ကျောပေး၍ရပ်နေသောသူက သူတို့နှစ်ဦးဆီသို့ မျက်နှာချင်းဆိုင်လှည့်လာ၏။ ထိုသူဝတ်ထားသော အနက်ရောင်အဝတ်အစားမှာလည်း မှော်ပညာရှင်တစ်ဦးကဲ့သို့ ခပ်ဆန်းဆန်းပုံစံနှင့် မျက်နှာတစ်ဝက်ခန့်အထိ ဖုံးအုပ်ထားသော မျက်နှာဖုံးကြောင့် သူ၏မျက်နှာကို မမြင်ရချေ။ သို့သော် မျက်နှာဖုံးကြားမှထွက်ပေါ်နေသော မျက်လုံးအစုံကတော့ ထူးခြားစွာ နီရဲတောက်ပနေလေသည်။
“  အကြောက်တရားဆိုတာ မင်းတို့လူသားတွေဆီမှာပဲရှိတာပါ ကောင်လေး  ”
ထိုသူက ပြောရင်း လက်များကို ဝှေ့ယမ်းလိုက်ရာ ချွန်ထက်နေသည့် အသွားများပါသော လက်နက်နှစ်ခုက သူ၏လက်ထဲ၌ပေါ်လာ၏။
“  အခွင့်အရေးရရင် ခင်ဗျားရဲ့ပုံစံအစစ်ကို မြင်ချင်သေးတယ်  ”
သတ္တုချပ်ဝတ်လူကလည်း ထိုသို့ပြောပြီးနောက် ခန္ဓာကိုယ်အနေအထားကို ပုံစံပြောင်းလိုက်လေ၏။
“  ငါ့ရဲ့ပုံစံအစစ်ကို မြင်ချင်တာလား ဒါဆို သူ့ကိုအရင် နိူင်အောင်တိုက်  ”
ဝတ်စုံနက်ဝတ်လူက သူ့ကိ်ုယ်သူ ‘ သူ့ ’ ဟူ၍ သုံးနှုန်းလိုက်သည်။ အမှန်စင်စစ် ဝတ်စုံနက်နှင့်လူမှာ တစ်စုံတစ်ခု၏ ပူးကပ်ထိန်းချုပ်ခြင်းကို ခံထားရခြင်းဖြစ်၏။ ယခု စကားပြောနေသောသူမှာ ဝတ်စုံနက်ဝတ်လူ ကိုယ်တိုင် မဟုတ်ပါချေ။
ဤသည်ကို ‘ အာရှား ’ ဆိုသူနှင့် သတ္တုချပ်ဝတ်စုံဝတ်လူက သိဟန်တူသည်။ သူတို့ရှာနေသောသူမှာ ဝတ်စုံနက်နှင့်လူကို မဟုတ်ဘဲ ၎င်းကိုပူးကပ်၍ထိန်းချုပ်ထားသည့်အရာကို ရှာနေကြခြင်းပင်ဖြစ်ပေမည်။
ယခုမူ သူတို့သုံးယောက်လုံး တိုက်ခိုက်ရန် ဟန်ပြင်နေကြပြီ။ ‘ အာရှား ’ ၏ လက်နှစ်ဖက်လုံးတွင် အစိမ်းအရောင်အခိုးအငွေ့များ ရစ်သိုင်းလျက်ရှိ၏။ ‘ အာရှား ’ က ယင်းအခိုးအငွေ့များကို သူ၏လက်ဖဝါးနှစ်ဖက်ဖြင့်ကစားရင်း လုံးဝန်းသောသဏ္ဍာန်လေးတစ်ခုအဖြစ် ပုံစံပြောင်းနေ၏။ သတ္တုချပ်ဝတ်လူ၏လက်နှစ်ဖက်လုံးကလည်း တံတောင်ဆစ်အကွေးနေရာမှစ၍ လက်ဖဝါးအထိ နေရာတစ်ဝိုက်လုံးရှိ ဝတ်စုံအစိတ်အပိုင်းများက ပုံစံတစ်မျိုးပြောင်းသွားလေသည်။ ထိုလက်နေရာတစ်လျှောက်လုံး အပြာရောင် ရောင်ခြည်တန်းများ စီးဆင်းနေ၏။
သူတို့သုံးယောက်လုံး ခေတ္တမျှ ငြိမ်သက်သွားကြသေးသည်။ ထို့နောက်တွင်တော့ -
“  ဝီ . . . ဒုန်း . . . ဝုန်း . . .  ”
“  ဝီး . . . ဝေါ . . . ရွှစ် . . . ရွှီး . .   ”
‘ အားရှား ’ က ဒူးထောက်ထိုင်ချလိုက်ပြီးနောက် အခိုးအငွေ့များရစ်သိုင်းနေသော လက်နှစ်ဖက်ဖြင့် မြေပြင်အား ရိုက်ချလိုက်ရာ သူ၏ရှေ့တစ်လျှောက်ရှိ မြေသားအစိုင်အခဲများကြွတက်လာပြီး ရပ်နေသောဝတ်စုံနက်နှင့်လူမှာ ရပ်နေရင်းမှ အပေါ်သို့ မြောက်တက်သွားလေသည်။
တစ်ချိန်တည်းမှာပင် သတ္တုချပ်ဝတ်လူကလည်း ကောင်းကင်သို့ပျံတက်လိုက်ကာ သူ၏လက်နှစ်ဖက်တွင် အသွင်ပြောင်းထားသော လက်နက်မှရောင်ခြည်တန်းများဖြင့် ပစ်လွှတ်တိုက်ခိုက်တော့သည်။ ( ဤသို့ဆိုလျှင် သတ္တုချပ်ဝတ်လူသည် သာမာန်လူတစ်ယောက်မဟုတ်ပါချေ။ မှန်သည်။ ထိုသူမှာ ကြောက်မက်ဖွယ်ခန္ဓာဗေဒစနစ်များကို ပိုင်ဆိုင်ထားသော စွမ်းအားပိုင်ရှင် လူသားတစ်ယောက်ဖြစ်၏။ သူ၏အမည်က အာကာကျော်။ )
အာကာကျော့်ထံမှ ထွက်လာသော ရောင်ခြည်တန်းများကို ဝတ်စုံနက်နှင့်လူက သူ၏လက်မှလက်နက်ဖြင့် ကာကွယ်လိုက်၏။ ရောင်ခြည်တန်းများက ဘေးသို့ချော်ထွက်ကာ ပေါက်ကွဲကုန်သည်။
“  ရွှီး . . ရွှစ် . . ရွှစ် . . ဒုန်း . .  ”
“  ဝီး . . . ဝေါ . .  ”
“  ဝုန်း . . . ဒုန်း . .  ”
အာကာကျော်၊ ‘ အာရှား ’ နှင့် ဝတ်စုံနက်ဝတ်လူတို့၏တိုက်ပွဲက အစတွင်ပင် ပြင်းထန်နေ၏။ အာကာကျော်က သူ၏လက်အားလက်နက်ပုံစံတစ်မျိုးပြောင်း၍ ဝတ်စုံနက်ဝတ်လူကို အနီးကပ်တိုက်ခိုက်သည်။ ‘ အာရှား ’ ကလည်း သူ၏မှော်ပညာအစွမ်းဖြင့် လက်နက်မျိုးစုံဖန်တီး၍ ဝတ်စုံနက်ဝတ်လူကို ဝင်ရောက်တိုက်ခိုက်တော့၏။
သူတို့သုံးယောက်၏အနီးကပ်တိုက်ပွဲကလည်း ကြမ်းတမ်းသည်။ အာကာကျော်တို့ နှစ်ယောက်လုံးက ဝတ်စုံနက်ဝတ်လူ၏ဟာကွက်များကို အလစ်မပေးဘဲ ရသမျှအနေအထားဖြင့် တရစပ်ထိုးနှက်တိုက်ခိုက်၏။
ဝတ်စုံနက်ဝတ်လူကလည်း ပါးနပ်သည်။ သူတို့နှစ်ယောက်၏တိုက်ခိုက်မှုများကို သွက်လက်ပေါ့ပါးစွာ ကာကွယ်ရင်း တန်ပြန်တိုက်ကွက်များဖြင့် တုံ့ပြန်၏။
“  ဒီတစ်ခါတော့ ငါတို့သူ့ကိုအလွတ်ခံလို့မဖြစ်ဘူး အာရှား . .  ”
“  လောလောဆယ်တော့ ဒီကောင့်ကိုအရင်ဆုံးမကြတာပေါ့  ”
‘ အာရှား ’ က ပြောရင်းမှ သူ၏မှော်ပညာဖြင့် ဓားသွားလက်နက်ကြီးတစ်ခုကို ဖန်ဆင်းလိုက်ပြီး ဝတ်စုံနက်ဝတ်လူထံသို့ ပြေးဝင်တိုက်ခိုက်ပြန်သည်။
အာကာကျော်ကလည်း မိမိ၏ဝတ်စုံအတွင်းမှ လက်နက်စနစ်များကို ပြန်ချိန်ညှိလိုက်ပြီး ပိုမိုထိရောက်သော လက်နက်များကို ရွေးချယ်ပြောင်းလဲလိုက်၏။ ထို့နောက်တွင်တော့ . . . . . ။
“  ကျွီ . . ချောက် . . ဂျောင်း . .  ”
“  ယား . . .  ”
“  ဝီး . . ဝေါ . . ဒုန်း . . ဝုန်း . .  ”

#                                           #

#Next One
#Part – { 2 }
#Coming Soon

AGGRESSIONWhere stories live. Discover now