ကွင်းဆင်းဝန်ထမ်းများက ထူးခြားစွမ်းရည်ကင်းမဲ့သော တစ်ဦးတည်းသောသာမန်လူသားတစ်ယောက်ဖြစ်သည့် အကြီးအကဲဟွမ်ကို အလယ်တွင်ထားကာ ဂရုတစိုက်ဖြင့် ဝိုင်းပတ်ခြံရံလျက်ခေါ်ဆောင်သွားကြသည်။ ရှောင်းကျန်းက အရှေ့မှဦးဆောင်၍သွားနေသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင်တပ်ဆင်ထားသော ထူးခြားစွမ်းရည်ပြပစ္စည်းကိရိယာများထံမှ အချက်ပြမီးအလင်းရောင်များက အဆက်မပြတ်မှိတ်တုတ်မှိတ်တုတ်လင်းလာကြသည်။ ရှေ့မှသွားသောရှောင်းကျန်း၏ခြေလှမ်းများက ရုတ်တရက်တုံ့ဆိုင်းရပ်တန့်သွားပြီး လှေကားခွင်တစ်ဆစ်ချိုးတွင်ရှိနေသည့် ကျောက်ရုပ်ထုကြီးတစ်ခုကို ခေါင်းမော့ကြည့်လိုက်သည်__အဆိုပါကျောက်ရုပ်ထုကြီးမှာ မူလအစက ညီလာခံအဆောက်အအုံအတွက် အလှဆင်ပစ္စည်းတစ်ခုအနေဖြင့်ထားထားခြင်းဖြစ်ပြီး တိုးလိုးတွဲလောင်းကျနေသော အဝတ်အစားများကို ကပိုကရိုဝတ်ဆင်ထားသည့် ချောမောလှပသော နတ်မိမယ်လေးတစ်ပါးပုံစံမျိုးထွင်းထုထားခြင်းဖြစ်သည်။ သို့သော်ငြား ဈေးပေါသော ကျောက်သားကိုသာအသုံးပြုထားသောကြောင့် သူမ၏မျက်နှာအမူအရာက အောက်သိုးသိုးဖြစ်နေသောပုံစံမျိုးပေါက်နေရှာတော့သည်။

အဆိုပါ ရက်စက်ကြမ်းကြုတ်သည့်မျက်နှာထားနှင့် ဘဲဥပုံသဏ္ဌာန်မျက်နှာပိုင်ရှင် နတ်မိမယ်ကျောက်ရုပ်ထုသည်ကား ပြီတီတီညုတုတုကိုယ်ဟန်အမူအရာမျိုးကိုထုတ်ဖော်ပြသနေလျက်ရှိသည်။ သူမမျက်နှာပေါ်ရှိ ကျောက်သားအပိုင်းအစတစ်ခုကလည်း ရိုက်ပုတ်ခံထားရသည့်နှယ် ပဲ့ထွက်နေသေးသည်။ သည်လိုမျက်နှာမျိုးနဲ့ ဘယ်သူ့ကိုလန့်သေအောင်လုပ်မလို့လဲမသိ။  

သူတို့အနားသို့ရောက်သွားချိန်တွင် ထိုရုပ်ထုက ရုတ်တရက်စတင်လှုပ်ရှားလာ၏။ တကျွီကျွီမြည်သံများနှင့်အတူ ရုပ်ထုက သူရှိနေရာဘက်ခြမ်းမှစက်ဝိုင်းတစ်ဝက်စာမျှလှည့်လာပြီး အကြီးအကဲဟွမ်တို့ဆီသို့မျက်နှာမူလာ၏။ ထို့နောက် ၎င်းက သူတို့အား ခြောက်လှန့်သည့်နှယ် လှစ်ခနဲလှုပ်ရှားလိုက်ပြီး မျက်စိတမှိတ်အတွင်းမှာပင် သူတို့ရှေ့တည့်တည့်၌ ဘွားခနဲပေါ်လာတော့သည်။ အကြီးအကဲဟွမ်၏အနားတွင်ရှိနေသော ကွင်းဆင်းဝန်ထမ်းတစ်ဦးက ချက်ချင်းဆိုသလို ရှေ့သို့ခြေတစ်လှမ်းတိုးကာ ရှေ့မှကာဆီးပိတ်ရပ်လိုက်၏။ သူ့မျက်နှာမှာ ကြောက်စရာကောင်းပြီး ပုံသဏ္ဌာန်ပျက်ယွင်းနေသော နတ်မိမယ်ရုပ်ထု၏မျက်နှာနှင့်ထိလုမတတ်ပင်ဖြစ်နေတော့သည်။

သောကမီးလျှံWhere stories live. Discover now