ခင်လွှမ်းကမျက်စောင်းထိုးရင်း
"နင်စက်ဘီးနဲ့လာမခေါ်တော့ ဦးကငါ့ကို သူ့ကားကြီးနဲ့လာခေါ်တယ်လေ။သူ့နောက်ကားလိုက်စီးရတာ ငါသေတော့မလိုပဲ...တစ်လမ်းလုံးဘုရားစာကို ဖုတ်ပူမီးတိုက်ရွတ်လာရတယ်"

"နင်ကလည်း သိပ်ပိုတာပဲ။ငါမောင်းတာအဲ့လောက်ညက်ညောနေတာကို။ အခုယုံပြီမလား။ငါကားမောင်းကျွမ်းတာကို"

ဥဿဦးသည် ပြောရင်း နွေဦးမောင်ကို အချက်ပေးသည့်အနေဖြင့် မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
ဥဿဦး စာမေးပွဲအောင်လျှင်ကားရမည်ဟုသူ့အဖေကပြောထားသည့်အတိုင်း စာမေးပွဲအောင်တာမို့ ရော့ပတ္တမြား ရော့နဂါး အနေဖြင့် ကားတစ်စီးရလာသည်။
ခင်လွှမ်းဆီကနေမျက်နှာရချင်သည့်ဥဿကတော့ ကားရသည်နှင့်အပြေးလေးသွားကြိုခဲ့သည်။ယခင်ကနွေဦးမောင်သာစက်ဘီးနှင့်ကြိုရတာကြောင့် ဥဿက နွေဦးမောင်အားကြိုပိတ်ထားခဲ့လေသည်။

"ထားပါ။အခုလာတာက မုန့်သွားစားဖို့မလား။သွားမယ်။ငါပိုက်ဆံတစ်ခါတည်းယူလာတယ်"

နွေဦးမောင်က ရှပ်အင်္ကျီရင်ဘတ်ရှိ အိတ်ကပ်ကိုပုတ်ပြလိုက်သည်။

"အေး နင်ပဲကျွေးရမှာမပူနဲ့။"
ခင်လွှမ်းကပြန်ဟန့်သည်။

"တရုတ်ကြီးဆိုင်သွားကြမလား။"

ဥဿဦးက မေးတော့ ခင်လွှမ်းကပင်
"နွေဦးမောင်မှ ဝက်သားမစားတာ။"

"ရတယ် ငါ့ကိုထည့်တွက်မနေနဲ့။"

"မဟုတ်တာ ငါတို့ အသုပ်ပဲသွားစားရအောင်..ဟင်းထုပ်လည်းစားမယ်။"

အဖွဲ့တွင် တစ်ဦးတည်းသောမိန်းကလေးမို့ ယောက်ျားလေးနှစ်ယောက်ဖြစ်သည့် နွေဦးမောင်နှင့်ဥဿဦးက ဦးစားပေးသည်။
ခင်လွှမ်းက ဘာစားစား ဂျေးများတတ်သောနွေဦးမောင်ကိုဦးစားပေးသည်။ထို့ကြောင့် မုန့်သွားစားသည့်နေရာတိုင်းကနွေဦးမောင် အကြိုက်ဆိုင်တွေချည်းသာ။
နွေဦးမောင်အကြိုက်ကိုလိုက်ပေးတတ်သော ခင်လွှမ်းကို တစ်ခါတလေ ဥဿဦးမကျေနပ်။
သူကြိုက်တာကိုကျ ခင်လွှမ်းကဦးစားမပေးဘူး။

အလယ်တန်းတွင် သူတို့သုံးယောက်ခင်ခဲ့ကြသည်။ထိုခင်မင်မှုက အထက်တန်းအထိအဒွန့်ရှည်ခဲ့သည်။
နွေဦးမောင်နှင့်ဥဿဦးဆိုသည်မှာ မြို့မျက်နှာဖုံးတွေ၏ သားတွေဟုပင်ဆိုနိုင်သည်။
သို့ပေမဲ့ နွေဦးမောင်က သူဌေးသားအရောင်အဝါကိုအမြဲဖျောက်ထားသည်။ကျောင်းလာလျှင်စက်ဘီးနှင့်လာသည်။သူသူငါငါအဝတ်မျိုးသာဝတ်သည်။ ဥဿဦးကတော့ အိမ်ကဒရိုင်ဘာလိုက်ပို့သည့်ကားဖြင့်လာရသည်။သူဝတ်သည့်အဝတ်တွေကအစစျေးကြီးသည်။အထည်ချုပ်တွေဖြစ်ပြီး စျေးကြီးပြီး ကျောင်းသားတွေမှန်းလို့မလွယ်သည့်နာရီမျိုး၊ဖိနပ်မျိုးကိုစီးသည်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now