လွန်းနောင်သည်မဂ္ဂလက်မှရုန်းထွက်ရင်း လက်ကောက်ဝတ်ကို အသာပွတ်ရင်း လေပြည်အေးလေသံဖြင့်
"ဒီနေ့ Criminology အတန်းရှိတယ် ..အရေးကြီးတယ်"

"မင်း အရေးမကြီးတဲ့အတန်းရှိလို့လား"

"မရှိဘူး"

"လွန်းရာ မဆိုးနဲ့ကွာ..."

သံရှည်ဆွဲပြီးပြောလာသည့်မဂ္ဂကြောင့် လွန်းနောင်ရှုံ့မဲ့သွားရသည်။အသံက ချွဲအီမနေလျှင်တောင် ယောက်ျားသံ ပီပီသသမို့ စိတ်ခန်းယားလှသည်။

"ဆိုးနေတာက ခင်ဗျားလေ၊ အတန်းတက်ဖို့မပြင်ဘဲ လစ်ဖို့ချောင်းနေတာ။"

"နွေဦးမောင်လည်းလစ်တာပဲကို"

"အဲ့တာဆို နွေဦးမောင်နဲ့လိုက်သွားလေ။"

"ဟာ မလိုက်ချင်ပါဘူး။ သူနဲ့ အဲ့ စောနရီဆိုတဲ့
ကောင်လေးကတစ်မျိုးပဲ။ သူတို့နှစ်ယောက်ရှိနေရင် ငါအပိုလူကြီးဖြစ်သွားသလိုပဲ။ မပြောနဲ့အဲ့ကောင်အကြောင်း။ ငါ့နောက်ပဲလိုက်ခဲ့လေကွာနော်"

လွန်းနောင်သည် မဂ္ဂကိုသိကျွမ်းခဲ့တာ ငါးနှစ်နီးပါး။ သူပထမနှစ် အတန်းတက်တုန်းက အပေါင်းအသင်းရယ်လို့မရှိခဲ့ပါ။ အဆောင်ကလည်း တစ်ခန်းထဲသီးသန့်ကျတာမို့ အခန်းဖော်လည်းမရခဲ့။ တစ်ရက် IR ရဲ့ introduction ကိုသင်ရသည့် class တွင် အခန်းပေါင်းသင်ခဲ့ရသည်။ ထိုနေ့ကမယောင်မလည်နှင့်အခန်း၏အနောက်ပေါက်တွင် ဆရာမအလစ်ကိုစောင့်နေသည့်မဂ္ဂကိုသူပထမဆုံးတွေ့ခဲ့ရသည်။
အနောက်ဆုံးတန်းတွင်ထိုင်နေသည့်သူက မဂ္ဂကိုလာထိုင်စေဖို့ ဘာကြောင့်များ နေရာဖယ်ပေးခဲ့မိလဲသူမသိပါ။ မဂ္ဂနှင့်သိကျွမ်းဖို့အတွက် ထိုင်ခုံနေရာစာတစ်ခုကနေစတင်ခဲ့လေသည်။ အပေါင်းအသင်းဝင်ဆံ့သည့်မဂ္ဂက နေ့လယ်စားဆင်းသည့်အချိန်တွင် သည်လိုမျိုးပဲ သူ့နောက်ကနေလိုက်ခဲ့ဖို့ဖိတ်ခေါ်ခဲ့သည်။
အဲ့နေ့ကသာသူမလိုက်သွားခဲ့ရင်... သူ ဘယ်သူနဲ့မှသိကျွမ်းခဲ့မှာမဟုတ်ဘူး။ သူ မလိုက်သွားခဲ့သင့်ဘူး။

"လွန်း သွားမယ်မလားလို့"

လွန်းနောင်သည် တချို့အတွေးတွေကိုလက်စဖြတ်လိုက်သည်။
"ခင်ဗျားဘယ်သွားချင်နေတာလဲ"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now