"နန်မင် မီးအစောင့်အရှောက်"

မီးအစောင့်အရှောက်ဆိုတဲ့မျိုးစိတ်က ဘာကြီးလဲ? လူလား? မိစ္ဆာလား? ပြည်ပမှသွင်းကုန်လိုမျိုးလား? ပြည်တွင်းမှဒေသထွက်ပစ္စည်းလား? ထိုသုံးစားလို့မရသော {မိစ္ဆာတစ်ထောင်အချပ်ပို} စာအုပ်ကတော့ ဘာမေးမေး 'ဘူး'တစ်လုံးသာဖြေကြားတတ်သည်။

လွန်ခဲ့သောဆယ်နှစ်ကျော်ခန့်က ၎င်းမှာ တောင်များအတွင်းမှထွက်လာကာ ကမ္ဘာလောကကြီးထဲသို့ရောက်ရှိလာခဲ့သည်။ တောင်တန်းများတစ်လျှောက်သွယ်ပတ်​ဖောက်လုပ်ထားသော ရင်သပ်ရှုမောဖွယ်ရာကောင်းလှသည့် အဝေးပြေးလမ်းမကြီးကိုငေးမောကြည့်ရှုနေရင်း ဘယ်သွားလို့ဘယ်လာရမှန်းမသိဖြစ်နေစဥ်မှာပင် နိမိတ်မကောင်းလှသော ဝုန်းခနဲ အသံကျယ်ကြီးတစ်ခုကိုကြားလိုက်ရ၏။ သူ အသံလာရာဆီသို့ပျံသန်းသွားလိုက်သောအခါမှာတော့ မတော်တဆကားတိုက်မှုတစ်ခုကို အမှတ်မထင်တွေ့ကြုံလိုက်ရရှာသည်__ကားတာယာများကပေါက်ကွဲထွက်သွားခြင်းဖြစ်ပြီး ယာဥ်မောင်းသူမှာ ကားကိုမထိန်းချုပ်နိုင်တော့ဘဲ ကားမှာ တောင်ပတ်လမ်းမကြီးပေါ်မှ အောက်သို့ ကျွမ်းထိုးမှောက်ခုံထိုးကျသွားလေသည်။ ရွှမ်းကျီးသည်ကား ကားမပေါက်ကွဲခင်အချိန်မီလေးမှာပင် ကားထဲ၌ညပ်နေသောလူကို ကပ်သီးလေးကယ်ထုတ်လိုက်နိုင်ခဲ့သည်။

ကားအတွင်း၌ သားအဖနှစ်ယောက်ရှိနေခဲ့သည်။ ယာဥ်မောင်းသူမှာ ဖခင်ဖြစ်သူဖြစ်ပြီး ရွှမ်းကျီးက ၎င်းကို အရေးပေါ်အသက်ကယ်တင်ခြင်းနည်းလမ်းကိုသုံးကာ ကယ်တင်နိုင်ခဲ့သည်။ ကားနောက်ခန်း၌ရှိနေသည့် သားဖြစ်သူသည်ကား ထိုင်ခုံခါးပတ်ပတ်ထားခြင်းမရှိသည့်အတွက် သူ ကယ်တင်ဖို့အခွင့်မသာလိုက်ရှာဘဲ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

၎င်းတို့သည်ကား တောင်များပတ်လည်ဝန်းရံထားသော လူသူကင်းမဲ့သည့်အရပ်ဒေသသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ရွှမ်းကျီးသည်ကား ယခုလေးတင်မှကမ္ဘာလောကကြီးအတွင်းသို့ရောက်ရှိလာသူဖြစ်သည့်အတွက် ဘယ်သူ့ကိုအကူအညီတောင်းလို့တောင်းရမှန်းမသိပေ။ သို့ဖြစ်ရာ ၎င်းမှာ 'အလောင်းကောင်ကိုနားထောင်ခြင်း' ဟူသည့် လျှို့ဝှက်မှော်အတတ်ပညာတစ်ခုကိုစဥ်းစားမိသွားလေ၏။

သောကမီးလျှံWhere stories live. Discover now