ချိယွမ်း၏ဝေဟင်ထက်တွင် မည်သည့်လေယာဥ်မှဖြတ်သန်းသွားလာခွင့်မရှိပေ။ DCO မှ ရဟတ်ယာဥ်များသည်ပင် မိုင်ပေါင်းများစွာကွာဝေးသော တောင်ဘက်ခြမ်းအပိုင်းတွင်သာ ဆင်းသက်ရပ်နားရပေသည်။ ထို့ကြောင့် သူ့ကို အခြားသူများတွေ့မြင်သွားမှာကိုကြောက်စရာမလိုခြင်းဖြစ်သည်။

ရွှမ်းကျီးသည်ကား သူ့ကိုယ်သူ 'ပေါ့ပျက်ပျက်နေထိုင်တတ်သော လွတ်လပ်မှုကိုမြတ်နိုးသည့် အရိုင်းအစိုင်းထူးခြားစွမ်းရည်ပိုင်ရှင်' ဟု ရည်ညွှန်းပြောဆိုတတ်သော်ငြား စင်စစ် ထိုအရာများမှာအလိမ်အညာစကားများသာဖြစ်ကြသည်။

ထူးခြားစွမ်းရည်ပိုင်ရှင်များသည်ကား ဘယ်လောက်ပင် ဘေးတစ်ဖက်စွန်းရောက်သူများဖြစ်နေကြစေကာမူ ၎င်းတို့သည်ကား 'လူသား' များသာဖြစ်ကြသည်။ သူက​တော့ ထိုသို့မဟုတ်ပေ။

၎င်းမှာ သူ့ကိုယ်သူလည်း မည်သူမည်ဝါဖြစ်ကြောင်းမသိပါချေ။ ထို့ကြောင့်ပင် ပူဆွေးယဇ်ပူဇော်ပွဲ၏ဆင့်ခေါ်မှုကြောင့်ရောက်ရှိလာသော မိစ္ဆာအရှင်သခင်က သူ့အား 'မိစ္ဆာကောင်လေး' ဟုခေါ်လာသောအခါတွင်လည်း အထူးအထွေကန့်ကွက်ပြောဆိုတာမျိုးမလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းမှာ အသက်ငယ်ရွယ်သောကလေးတစ်ယောက်လည်းမဖြစ်ဖူးခဲ့သလို အသက်ကြီးလာခြင်းမျိုးလည်းမရှိပါချေ။ မွေးကတည်းက ထိုမျက်နှာအတိုင်းမွေးဖွားလာခဲ့ခြင်းဖြစ်ပြီး အနှီရုပ်သွင်မှာ အမြဲထာဝရမ​ပြောင်းလဲတော့မည့်အတိုင်းပင်။ ၎င်းမှာ {မိစ္ဆာတစ်ထောင်အချပ်ပို} စာအုပ်မှတဆင့် သက်ရှိသတ္တဝါများအားလုံးကိုကြည့်ရှုဖူးခဲ့ပြီး ထိုသက်ရှိများ၏ မျိုးပေါင်းစု၊ မျိုးစဥ်၊ မျိုးအုပ်စု၊ မျိုးရင်းနှင့်မျိုးစိတ်တို့ကို အလုံးစုံခွဲခြားသိရှိနိုင်ခဲ့တာဖြစ်သည်။ သို့သော် သူ့ကိုယ်သူ မှန်ထဲတွင်ပြန်ကြည့်လိုက်သောအခါမှာတော့ အဖြူရောင်များဖြင့်ကျစ်လျစ်သိပ်သည်းစွာဖွဲ့စည်းထားသော စာရွက်တစ်ရွက်သည်ကား အတိတ်မသိ အနာဂတ်မရှိဘဲ အမြဲတစေဗလာကျင်းနေလျက်ရှိပြီး စာရွက်ထိပ်ပိုင်းတွင်တော့ တစ်ကြောင်းတည်းသောစာသားတစ်ခုသာ ရှိလို့နေသည်။

သောကမီးလျှံWhere stories live. Discover now