"အစ်မကြီးပိက ရှေ့တန်းကနေပြန်လာတဲ့ လုံခြုံရေးဌာနရဲ့ကွင်းဆင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့အပြင် ဒီနေရာမှာ လုပ်လာတာ လုပ်သက်အနှစ်သုံးဆယ်လောက်တောင်ရှိနေပြီ။ အင်း...အစ်မက အတွေ့အကြုံလည်းအများကြီးရှိပြီးသားဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေလောက်မှာပါ။ စိတ်အေးအေးထားပါ ခေါင်းဆောင်...ကျွန်မတို့ အောင်မြင်မှာပါ"

ရွှမ်းကျီး "........"

ချီးကိုပဲစိတ်အေးအေးထား....ဒီခေတ်မျိုးဆက်သစ်လူငယ်တွေက တကယ့်ကိုပဲ ဗီဒီယိုဂိမ်းတွေကြောင့် ပျက်စီးနေကြပြီပဲ

"ငါ မင်းကို ထွက်သွားဖို့ပြောနေတာ"

ထိုအခြေအနေရောက်လာမှတော့ဖြင့် ရွှမ်းကျီးတစ်ယောက် ဝေ့လည်ကြောင်ပတ်ပြောမနေနိုင်တော့ပါချေ။

"ငါ့နားမှာနေနေပြီး လာအနှောင့်အယှက်ပေးမနေနဲ့"

ဖျင်ချန့်ရူ: "ဒါရိုက်....."

"တော်တန်တိတ် ဒီနေရာကနေ အခုချက်ချင်းထွက်သွားတော့ ဒါ အမိန့်ပဲ"

သူ့အော်သံကြောင့် ဖျင်ချန့်ရူခမျာ အနည်းငယ်စိတ်မကောင်းဖြစ်သွားသည့်တိုင် တစ်ချိန်တည်းမှာပင် မဆိုစလောက်အလန့်တကြားဖြစ်သွားလေတော့သည်။ ကြောက်ရွံ့စိုးထိတ်နေရှာသည့် အသက်ငယ်ငယ်ကလေးမလေးမှာ သူမ၏အထက်လူကြီးကို ပြန်လည်အထွန့်မတက်ရဲရှာပါချေ။ သူမက ခေါင်းငိုက်စိုက်ချကာ tabletကို ပိုက်ပြီး လှေကားထစ်များပေါ်မှ ပြေးဆင်းသွားလေတော့သည်။ အပြင်ဘက်ရှိ အဖြူရောင်မြူခိုးထူထူများက အစိတ်စိတ်အမွှာမွှာကွဲကြေနေသောပြတင်းပေါက်မှတဆင့် အတွင်းသို့တရှိန်ထိုးဖြတ်သန်းတိုးဝင်လာကြသောအခါတွင်မူ ပြတင်းပေါက်မှန်ကူကွက်များပေါ်၌ ကပ်ကျန်နေသည့် မှန်ကွဲစများထံမှထွက်ပေါ်လာသည့် တရွှီရွှီမြည်သံများက ဖျင်ချန့်ရူ၏ခြေသံများကိုပင် ဖုံးလွှမ်းသွားလေတော့သည်။

ထိုအချိန်၌ ချိယွမ်းချောက်နက်ကြီးထဲသို့ တရားမဝင်ဖြတ်ကျော်ခိုးဝင်လာသော ကျောပိုးအိတ်လွယ်ခရီးသွားများသည်ကား မီနီဘတ်စ်တစ်စီးပေါ်တွင်ရှိနေကြ၏။ ဒေသခံကွင်းဆင်းအလုပ်သင်ဝန်ထမ်းလေး ရှောင်လီမှာ အခင်းဖြစ်ရာနေရာမှ နောက်ဆုတ်ထွက်ခွာလာခဲ့ပြီး ဆေးရုံအတွင်းရှိလူများကို ကူညီကယ်ထုတ်ပေးရန်ရောက်လာခဲ့သည်။ ပိချွင်းရှန်းနှင့်အတူ အနီးဆုံးဒေသန္တရဆေးရုံရှိ ဘေးကင်းလုံခြုံသောနေရာတစ်နေရာသို့ သူတို့ကိုလိုက်ပါပို့ဆောင်ပေးနေကြပြီး အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်သည့် သူတို့၏မှတ်ဉာဏ်များကို သေသေချာချာရှင်းလင်းဖျောက်ဖျက်ပစ်ပြီးဖြစ်ကြောင်းကို အတည်ပြုပြီးသည့်အချိန်အထိ တခဏလောက်တော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်သည်။

သောကမီးလျှံWhere stories live. Discover now