တစ်စုံတစ်ယောက်က တားမြစ်ပိတ်ပင်ထားသောပညာရပ်များကိုအသုံးပြုကာ မိစ္ဆာကိုဆင့်ခေါ်နေလေပြီ !

ကောင်းကင်ယံထက်ကအရိပ်အယောင်များ ငြိမ်သက်နေခြင်းမှာလည်း အဆန်းမဟုတ်။ ချိယွမ်းရှိထူးခြားဖြစ်စဥ်များသည်ကား လူသားများ၏လက်ချက်ကြောင့်သာဖြစ်သည်လေ__ရွှမ်းကျီးက အသံတိတ်ကျိန်ဆဲလိုက်၏။ တကယ်ဆို သူ သိသင့်သည်။ ထိုအရာများက ဟို အစုတ်ပလုတ် 'မိစ္ဆာတစ်ထောင်အချပ်ပိုစာအုပ်' ကြောင့်ပင်ဖြစ်သည်။ ဘာကြောင့်များ အနှီစာအုပ်က သူ့အား 'နှလုံးမြစ်တွယ်ရုပ်သေး' ကိုပြပြီး လမ်းလွဲအောင်လုပ်ခဲ့ရတာလဲ? တကယ်ပဲ သူက ဘယ်ဘက်မှာနေနေတာလဲ?

ထိုအခိုက်အတန့်မှာပင် အပြင်ဘက်၌ရှိနေသောကွင်းဆင်းဝန်ထမ်းများက ထူးထူးဆန်းဆန်းအသံများကိုကြားရသောကြောင့် တံခါးဆီသို့အလျင်စလိုပြေးလာကြသည်။

ရွှမ်းကျီးက ချက်ချင်းပင် လက်ကိုမြှောက်ကာ လေထုမှတဆင့် တံခါးကိုရိုက်ဟန်ပြုလိုက်သည်။ ထောက်ပံ့ပို့ဆောင်ရေးဝန်ထမ်းတစ်ယောက်ခမျာ တံခါးကိုခပ်ဟဟမျှဖွင့်လိုက်မိရုံရှိသေး၊ ချက်ချင်းဆိုသလိုပင် အဝေးသို့လွင့်စင်ထွက်သွားရရှာသည်။ မီးတောက်များဖြင့်ပြုလုပ်ထားသော *ကျီ 'ဟူသည့်စကားလုံးတစ်လုံးက ဖျတ်ခနဲပေါ်လာပြီး တံခါးရွက်ပေါ်တွင်အရည်ပျော်နစ်ဝင်သွား၏။ တဆက်တည်းမှာပင် 'ကျီ 'ဟူသည့်စကားလုံးများက နံရံလေးဖက်လေးတန်စလုံးသို့ပျံ့နှံ့သွားကာ မျက်စိတမှိတ်အတွင်းမှာပင် မိသားစုနားနေခန်းလေးမှာ မီးတောက်များဖြင့်ဝန်းရံခြင်းကိုခံလိုက်ရပြီး ပြင်ပလောကနှင့်အဆက်အသွယ်ပြတ်​တောက်သွားရှာလေတော့သည်။

* ကျီ (止) ဆိုတဲ့စာလုံးက 'ရပ်' လို့အဓိပ္ပါယ်ရပါတယ်

တဆက်တည်းဆိုသလိုပင် အပြင်ဘက်တွင်ပိတ်မိနေကြသောကွင်းဆင်းအလုပ်သမားများသည်ကား အဝေးသို့နှင်ထုတ်ခံလိုက်ရရှာသည်။ ၎င်းတို့မှာ ရွှမ်းကျီး၏မန္တန်ရေးဆွဲလိုက်ပုံကိုမမြင်လိုက်ရသော်ငြား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်က ကြက်သေသေသွားကြပြီး မန္တန်၏စွမ်းအားကြီးပုံကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်လိုက်ကြရ၏__ဒါဘယ်လိုမန္တန်မျိုးလဲ? ဘယ်လိုထောက်ပံ့ရေးဝန်ထမ်းမျိုးက ဒီလောက်အားကောင်းတဲ့မန္တန်မျိုးကိုသုံးနေရတာလဲ?

သောကမီးလျှံWhere stories live. Discover now