UNICODE
" ငါက နင့်အတွက် ဘာလဲ " တဲ့ ..။ ဖေ့စဘုတ်သုံးရင်း ကိုယ့်ကိုစောင်းငဲ့ကြည့်ကာမေးလာတယ်...။
" ဝဋ်ကြွေးပေါ့ " လို့ သူ့မျက်နှာကိုတည့်တည့်ကြည့်ဖြေတော့ နှုတ်ခမ်းတစ်ဖက်ကို တွန့်ပြတယ်..။
သုံးလလောက်ကြာတော့ " ငါ ကောင်မလေးတစ်ယောက်တွေ့ထားတယ် " တဲ့.. ။ ပြောပြလာတာများ တကယ့်ကို ထမင်းစားရေသောက်ပုံစံမျိုးနဲ့။
"အင်း " လို့ စကားထောက်ပေးတော့ နှာတစ်ချက်မှုတ်တယ်။
ဆော့လက်စဂိမ်းက အဆော့မပျက်ပဲ " သူက နင့်လိုပဲ... ဆံပင်ရှည်တွေကို သဘောကျတယ် " တဲ့လေ။
" ဒါဆို သူ့မှာ ဆံပင်အရှည်ကြီးရှိမှာပေါ့ " ဆိုတော့ အင်းမက အွန်းမကျ " ဟွန်း " တဲ့။
ဂိမ်းရှုံးသွားတဲ့ ဖုန်းကိုသိမ်းပြီး ဘာမပြောညာမပြော ချက်ချင်း ထပြန်သွားလေရဲ့ ..။ သူစားချင်တယ်ဆိုလို့ သုတ်ပေးထားတဲ့ ထမင်းသုတ်ကိုတောင်မကြည့်နိုင်တော့ဘဲနဲ့လေ..။
နှစ်ပတ်လည်တစ်ခုကျော်လွန်သွားပြီးတော့ တွေ့ဆုံပွဲတစ်ခုမှာ သူငယ်ချင်းက ပြောတယ်..။ " အဲ့ကောင်မလေးက မျက်နှာသေးသေးလုံးလုံးလေး၊ အဲ. နင့်ထက် အရပ်နည်းနည်းပိုရှည်ပြီး ခါးကျော်ကျော်ဆံပင်အရှည်နဲ့။ ငါ နင်လို့ထင်လို့ နှုတ်ဆက်မိတော့မလို့ "တဲ့လေ။
သိပ်မဝေးတဲ့ စနေနေ့တစ်ခုမှာ ရေခဲသေတ္တာထဲကပန်းသီးရွေးနေရင်း ပြောပြန်တယ်.. " ငါတို့ပြတ်သွားပြီ" တဲ့။
" ဟမ်... နင် သူ့ကိုကြိုက်တယ်ဆို .." ဆိုတော့ " သူက နင့်လိုမဟုတ်ဘူး " ဆိုတဲ့စကားရဲ့နောက်မှာ သူ့ရဲ့ရှင်းလင်းချက်တွေနဲ့ ..။
" သူကတော့ ငါမှမဟုတ်တာပဲ .. နင်အဲ့လို မနှိုင်းသင့်ဘူး။ ဘာပဲဖြစ်ဖြစ် .. အသက်တွေလဲ မငယ်တော့ဘူး။ ကစားနေတာရပ်ပြီး နင်အတည်တွဲသင့်နေပြီ " ဆိုတော့ ပန်းသီးနွှာလက်စဓါးကို စင်ပေါ်ဆောင့်ချလိုက်ရင်း စူးစူးစိုက်စိုက်ကြည့်မေးလာတယ်။ " ငါက နင့်အတွက်ဘာလဲ ? သေသေချာချာပြောစမ်းပါ " တဲ့..။
"နင်က ငါ့ရဲ့ ဝဋ်ကြွေးလေ " ချက်ချင်းပဲလှည့်ထွက်သွားတဲ့ ကျောပြင်ငယ်။ ကြမ်းပြင်ပေါ်မှာတော့ ပြန့်ကျဲနေတဲ့ပန်းသီးအခွံတွေနဲ့ ကြွေပန်းကန်ကွဲစတွေ။
သူဘယ်တော့မှမဝင်တဲ့အိပ်ခန်းငယ်ထဲက ခေါင်းအုံးဘေးက စာအုပ်လေးရဲ့ ခေါင်းစဉ်က ..
ငါ ဘယ်တော့မှ မကြေချင်တော့တဲ့ ဝဋ်ကြွေးလေး... ၅
#KhunKhunHoney
#7/1/2021
BINABASA MO ANG
100 for 3
RandomJust one page is for one!! Not SERIOUS!! တစ်မျက်နှာစာတိုများသာဖြစ်ပါသည်။
