✨ဦးဆွေးဆံမြည့်-၃၄✨

5.6K 269 23
                                    

ဦးဆွေးဆံမြည့်-၃၄

'ဦးရီးတော်မပြန်ခင် ကိုယ်တို့ကန်တော့ရအောင် ကိန္နရီ...'

ပွဲပြီးသည့်နောက် ဓူဝံ့အိမ်ပြန်ရောက်လာတော့ ဦးရီးတော်လည်း ပါလာခဲ့သည်။ လုလင်နှင့်ဘေဘီလည်း လိုက်လာကြ၏။ စစ်သည်နှင့်ကိကိ ဦးရီးတော်ကို အတူကန်တော့ကြလျှင် စိုင်းစစ်ရန်ရှင်းက ပြုံးမိန့်မိန့်နှင့်ခေါင်းညိတ်၍ ဆုတွေတစ်သီကြီးပေးသည်။

'ဒီလင်ဒီမယား တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စုံမက်လို့လက်ထပ်ခဲ့ကြပြီဆိုတော့ ချစ်ခြင်းမေတ္တာ၊ သစ္စာတရားနဲ့ တန်ဖိုးထားလေးစားမှုကို အခြေခံပြီး အပြန်အလှန်နားလည်မှုနဲ့ မကွဲမကွာ လက်တွဲနိုင်ကြပါစေ... သာမန်မဟုတ်တဲ့လူသားနှစ်ယောက်ရဲ့လက်ထပ်ပေါင်းစည်းခြင်းဖြစ်လို့ ဒီအိမ်ထောင်ရေး 'ဦးဆွေးဆံမြည့်' သက်ဆုံးတိုင် တည်တံ့ခိုင်မြဲပါစေ...'

'ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဦးရီးတော်..'

စကားအဆုံးမှာ သူနှင့်ကိကိအကြည့်ချင်းဆုံသွားကာ သူ ကိကိလက်ကလေးကို နူးညံ့စွာထွေးဆုပ်ထားမိသည်။ 'ဦးဆွေးဆံမြည့်'တဲ့။ အလွန်တရာ လေးနက်ခမ်းနားလှပလွန်းသည့် စကားလုံးလေးပဲ။ 'ဦးဆွေးဆံမြည့်'ဆိုသည့်အတိုင်း သူ့လို immortalအတွက် သက်တမ်းတစ်ခုကိုတိုင်းတာဖို့ ဒီဆံပင်တွေကသာ အခရာဖြစ်၏။ ဆံပင်တစ်ချောင်း ဆွေးမြည့်သွားတိုင်း ရာစုနှစ်တစ်စုဟု သတ်မှတ်ခဲ့လျှင် သူ့ခေါင်းက ဆံပင်တွေအားလုံး ခြောက်သွေ့ဆွေးမြည့်ဖို့ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာထိ ရှင်သန်ရဦးမည်။ အထီးကျန်ခဲ့ရသော နှစ်ပေါင်းနှစ်ဆယ်အချိန်ကာလကို ဖြတ်ကျော်ကုန်လွန်ပြီးနောက်မှာတော့ သူ အလွန်မြတ်နိုးရသော ချစ်သူကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီဖြစ်၏။

တစ်ဘဝလုံးမှာ သူမတစ်ယောက်တည်းအတွက်သာ ဖြစ်တည်ခဲ့သော ချစ်ခြင်းမေတ္တာ ၊ ဆယ်စုနှစ် (၂)စုကြာ မယိုင်လဲခဲ့သော သစ္စာတရားတို့ စစ်မှန်ခိုင်မြဲခဲ့ခြင်းကြောင့် မြတ်နိုးစုံမက်၊ ကြည်နူးနှစ်သက်ခြင်း စိတ်အဟုန်တို့သည် သူ့နှလုံးအိမ်အတွင်းဝယ် စမ်းရေကြည်အလျင်တို့ တငြိမ့်ငြိမ့်တသိမ့်သိမ့် ဖြတ်စီးသွားသကဲ့သို့နှယ် ရင်ခုန်သံတို့ သောင်းသောင်းဖြဖြဖြစ်နေခဲ့၏။
သူ့အတွက် ပြန်မွေးဖွားလာခဲ့သည့်ဒီမိန်းမငယ်လေးကို အကြောင်းပြချက်မရှိ ချစ်ခဲ့သည်။ ထုထည်ပမာဏတိုင်းတာပြ၍ မရနိုင်အောင်ပင် မြတ်နိုးခဲ့၏။ ထို့ကြောင့် သူ့အချစ်၊ သူ့သစ္စာသည် အဆုံးအစမဲ့သော အချိန်လမ်းကြောင်းပေါ်၌ 'ဦးဆွေးဆံမြည့်'တည်တံ့နေလိမ့်မည်။ ရှေ့ဆက်လျှောက်လမ်းရမည့် သံသရာခရီးရှည်ကြီးမှာ ဒီလက်ကလေးကိုသာ မြဲမြံစွာဆုပ်ကိုင်၍ လောကဓံအကောင်းအဆိုးကို အတူမျှဝေခံစားပေးမည်။ အမှောင်မိုက်ဆုံးညမှာ ပေါ်ထွက်လာသည့် လတစ်စင်း၏တည်ရှိမှုမျိုးဖြင့် အေးမြခြင်းနှင့်အလင်းရောင်ကို ဆောင်ကြဥ်းပေးမည်။

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now