ဗိုက်ထဲက စူးအောင့်နေသည့် ခံစားချက်ကြောင့် ဂျွန်မြောင့်မျက်လုံးများ အလိုလိုပွင့်လာသည်။ အိပ်ချင်စိတ်မပြယ်သေးသောကြောင့် ဗိုက်ကိုဖိကာ တစ်ဖက်လှည့်လိုက်ပေမဲ့ သက်သာသွားခြင်းမရှိ။
သမ်းဝေနေသော ပါးစပ်ကို လက်နဲ့အုပ်ကာ အိမ်သာကမုတ် ပေါ်ထိုင်ချကာမှ မျက်လုံးအနည်းငယ်ပွင့်လာတော့သည်။
သိမ်းထားခဲ့သမျှကို ပြန်စွန့်ထုတ်နေရင်း တစ်ဖက်မှာလည်း ပျင်းနေသောစိတ်ကို ဖြေဖျောက်ရန် တစ်ခုခုရှာပေမဲ့ ဘာမှမတွေ့။
ပျင်းလိုက်တာ..။
လက်ဖဝါးနှစ်ခုကို အကြောင်းမရှိစိုက်ကြည့်နေရင်းမှ တစ်ခုခုမှားနေသလို ခံစားလိုက်ရသောကြောင့် မျက်လုံးပွတ်ကာ ကြည့်ပေမဲ့ ပြောင်းမသွား။
ဘာလို့ သေးသွားတာလဲ..?
မြန်မြန်ကိစ္စရှင်းကာ လက်ဆေးကန်ရှေ့သွားတော့ အရင်လို ခုံခုစရာမလိုပဲ လက်သေချာဆေးလို့ရနေသည်။
ဒါပေမဲ့ မှန်ထဲက ဂျွန်မြောင်ကတော့ ဆယ်စုနှစ် နှစ်ခုစာလောက် ငယ်သွားခဲ့ပြန်သည်....။
.........................................................................
အိမ်သာထဲက ထွက်လာတော့ ဂျွန်မြောင် ပြန်အိပ်ချင်စိတ်ပင်မရှိတော့။ ကျောင်းပြန်တက်ရမည်ကိုတွေးရင်း အလိုလိုစိတ်ပင်ပန်းလာသည်။ အိုဆွန်းနှင့် ပြန်တွေ့ပြီးကတည်းက ဂျွန်မြောင်က ကလေးထိန်းဖို့ ပါရမီမပါတာကို လက်ခံပြီးသားပင်။ အိုဆွန်းထက်ပိုကြီးသည့် ကလေးများနှင့် ဆက်ဆံရမည်ကို တွေးရုံနဲ့တင် ခေါင်းကိုက်လာသည်မို့ ကျောင်းတက်ရမည်ဆိုပါက သိက္ခာမငဲ့ပဲ ခြေဆောင့်ငိုဖို့ပင် တွေးပြီးသားဖြစ်သည်။
ခေါင်းငိုက်စိုက်ချကာ ထွက်လာသော ဂျွန်မြောင့်ကို အန်တီမင်က တွေ့သွားသည်။
"အစောကြီးပဲ ဂျွန်လေးရယ်...ကျောင်းပိတ်ရက်ကို ပြန်အိပ်ဦး"
ကျောင်းတက်စရာမလိုဘူးပေါ့..?
အန်တီမင့်စကားကြောင့် ရုတ်တရပ်အားများပြန်ပြည့်သွားသလိုလို...။
"ဘယ်နှစ်နာရီလဲဟင်..?"
"၇နာရီခှဲခါနီးပှီ ထင်တယ်...မအိပ်ချင်ရင် တစ်ခုခုစားမလား..?"
"ဝက်ချိုချဉ်ကြော်"
"ခဏစောင့်နော်ဂျွန်လေး...ကိုကို့အတွက်ပြင်ပြီးရင် လုပ်ပေးမယ်"
"အင်း"
မနက်စာစားဖို့စောင့်တုန်း ကိုကိုဆင်းလာသည်။
"ကောင်းကောင်းအိပ်ပျော်ရဲ့လား..?"
"ဟင်..ပျော်ပါတယ်"
ကိုကိုက ဘာလဲဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်မှ ဂျွန်မြောင်စကားမှားသွားသတိထားမိသည်။
"မေမေပြောသလို လိုက်ပြောကြည့်တာ"
လျှာထုတ်ကာ ပြောင်ပြလိုက်တော့ ကိုကိုကရယ်သည်။
"အစောကြီးနိုးနေတာပဲ...အိပ်လို့ရတုန်း အိပ်ထား"
ကိုကိုက အမြဲအဲ့လိုပင်..။ ငယ်ငယ်ထဲက လူကြီးဆန်ကာ လိမ္မာခဲ့သည်မို့ မေမေတို့က အများကြီး အားကိုးခဲ့သည်။ ဂျွန်မြောင်ကတော့ ဥာဏ်ကောင်းတာတစ်ခုပဲ ချီးမွန်းစရာရှိသလို အရွယ်ရောက်တော့လည်း အသုံးမကျခဲ့ပြန်..။
"အင်း.."
ဆက်မပြောတော့ပဲ ကိုကိုထမင်းစားတာကိုပဲ ကြည့်တော့ ကိုကိုကလည်း တိတ်သွားသည်။
"ရေသောက်"
ရေသွားထည့်ပြီး ပေးလိုက်တော့ ကိုကိုက အံ့သြသလို ကြည့်လာသည်။
"အခန်းထဲပေးမဝင်ဘူးဂျွန်လေး...မေမေ့ကိုပြောလည်းမရဘူး.."
Humph... အလုပ်ပေးပြီး တင်ကျွေးထားလို့ စေတနာနဲ့ပေးတာကို..မသောက်လည်းနေပေါ့...ဘယ်သူကရော သူ့အခန်းထဲဝင်ချင်လို့လဲ...။
ပွစိပွစိပြောနေသည်ကို ကိုကိုက မကြားချင်ယောင်ဆောင်ကာ မေမေ့ကိုပင် အခန်းထဲပေးမဝင်ဖို့ မှာနေသေးသည်။
ကိုကိုလည်း ကလေးဆန်တဲ့ အချိန်တွေ ရှိသေးတာပဲ....။
......................................................................
ကိုကိုတို့ထွက်သွားတော့ ဂျွန်မြောင်လည်း ထမင်းကို လက်စသတ်ပြီး အခန်းထဲ ပြန်ဝင်လိုက်သည်။ ကလေးသာရှိသေးသည်မို့ အခန်းက အရင်လို ရှုပ်ပွမနေ။ အရုပ်များ ၊ စာအုပ်များနှင့် ပစ္စည်းတစ်ချို့သာ ရှိနေသည်မို့ ဟာတာတာ..။
သစ်ခုတ်သမားနဲ့ နတ်သမီး
နေ နဲ့ လ
ဘာလို့ ပင်လယ်ရေက ငန်တာလဲ?
ရိုးသားတဲ့ သစ်ခုတ်သမား
ရွှေယုန် နဲ့ ရွှေကျား
စာအုပ်စင်ပေါ်က စာအုပ်နာမည်များကို ဖတ်ရင်း ငယ်ဘဝကို ဂျွန်မြောင် သတိရလာသည်။
ဒီပုံပြင်တွေမဖတ်ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ..?
"ဗိုက်ဆာနေတဲ့ ကျားတစ်ကောင်က ယုန်တစ်ကောင်ကို တွေ့ခဲ့တယ်။
ကျားက ယုန်ကို စားချင်တယ်"
ပုံပြင်စာအုပ် တစ်အုပ်စီကို ဂျွန်မြောင် ထိုင်ဖတ်နေခဲ့သည်။ အရင်လို စာလုံးပေါင်းမဖတ်ရတော့တဲ့အပြင် အဓိပ်ပါယျကိုပါ တွေးစရာမလိုတော့တာကြောင့် အချိန်သိပ်မယူရပဲ စာအုပ်တွေအကုန် ဖတ်လို့ပြီးသွားတော့သည်။
ရှုပ်ပွနေသော စာအုပ်တွေကို ပြန်စီရင်း အခန်းကို လျှောက်ကြည့်တော့ ဂျွန်မြောင်ပင်မမှတ်မိတော့သော ပစ္စည်းတော်တော်များများကို တွေ့လိုက်ရသည်။
စာကြည့်စားပွဲပေါ်တွက် တင်ထားသည့် ဒိုင်ယာရီစာအုပ်ကိုတွေ့တော့ ကျောင်းတက်ချိန်များကို ပြန်သတိရလာသည်။
မူလတန်းတုန်းက ဆရာမက အရေးလေ့ကျင့်ရန် ဒိုင်ယာရီရေးခိုင်းခဲ့ဖူးသည်။ ဂျွန်မြောင်က စာရေးရတာ မကြိုက်သော်လည်း စာလုပ်မည့်အစား အတွေးတွေရေးရသည်က ပို၍ပျော်စရာကောင်းမည်ထင်သောကြောင့် ညတိုင်း မပျက်မကွက်ရေးခဲ့သည်။ အတန်းကြီးလာသည်နှင့် အားလပ်ချိန်ပိုနည်းလာသောကြောင့် ဒိုင်ယာရီမရေးတော့သည်မှာ နှစ်နဲ့ချီနေပြီဖြစ်သည်။
"ငါဒီနေ့ ဝက်ချိုချဉ်ကြော်စားခဲ့တယ်။ ဝက်သားကို ချိုချဉ်နဲ့ ကြော်မယ်ထင်လို့ ကုန်တဲ့အထိ ချိုချဉ်ရှာခဲ့ပေမဲ့ မရှိဘူး။ မေမေက အရည်ပျော်သွားပြီပြောတယ်။ ငါကြီးလာရင် အရည်ပျော်အောင် ကြော်တဲ့အထိ မကြော်ဘူး"
"မင်ယောင်းက ခရစ်စမတ်ဘိုးဘိုးကြီးက တကယ်မရှိဘူးပြောတယ်။ ငါတော့ မယုံပါဘူး။ မဟုတ်ရင် ငါတို့ လက်ဆောင်ဘယ်လိုရမှာလဲ။ Jingle bell Jingle bell Jingle all the way"
"ကိုကိုက ငါနဲ့ ကစားလို့မရတော့ဘူးတဲ့။ သင်တန်းတွေ တက်ရမှာတဲ့။ စာတော်ရတာ ခက်လိုက်တာ။ ငါလည်း စာမတော်အောင်နေရမယ်"
ဒီနေရာ အရောက်မှာတော့ တကယ်ပင် ဂျွန်မြောင်ရယ်ချမိသည်။ ဥာဏ်ကောင်းလွန်းသော ကိုယ့်ကိုယ်ကိုယ်ပင် သနားမိသွားသလိုလို။
"မထူးဘူး ဂျွန်လေးရ..မင်းလည်း ကိုကို့ခြေရာနင်းရမှာပဲ...မင်းက စာတော်တာကလွဲရင် အသုံးကျတာမရှိဘူး"
နောက်တစ်နေ့ ပျောက်သွားမှာ သိသည့်တိုင်အောင် အောက်ကနေ ဂျွန်မြောင် ထပ်ရေးမိသည်။ ရေးနေရင်း အတွေးပေါင်းစုံ ဝင်လာသည်မို့ ဆက်မတွေးမိအောင် တစ်မျက်နှာပြီး တစ်မျက်နှာလှန်ကာ ဆက်ဖတ်သည်။
စာက များများစားစားမရှိသောကြောင့် ခဏအတွင်းမှာပဲ အကုန်ပြီးသွားသည်။ ကလေးအတွေးမို့ထင်..ပေါက်ကရပေါင်းစုံပြည့်နေသော်ငြား ချစ်စရာကောင်းလှသည်။ နေ့တိုင်း မှန်မှန်ရေးခဲ့သောကြောင့် ဂျွန်မြောင်ပင် မမှတ်မိတော့သော အတိတ်တို့ကိုပါ မှတ်မိလိုက်ရသည်။ ဒီလိုဆိုပြန်တော့လည်း ငယ်ဘဝသည် ဂျွန်မြောင်မှတ်ယူထားသလောက် စိတ်ပျက်စရာကောင်းခဲ့ပုံမပေါ်..။
နိုးကတည်းက စာအုပ်တော်တော်များများဖတ်လိုက်ရသောကြောင့် ပျင်းသွားသဖြင့် TVကြည့်ရန် အခန်းပြင်ထွက်လာခဲ့သည်။ မေမေက ကိုကို့အတန်းတွေပြီးမှ အိမ်ပြန်လာလောက်သောကြောင့် ဆူခံရမှာ စိတ်ပူစရာမလို။
TV channelတွေ တစ်ခုပြီးတစ်ခုပြောင်းပေမဲ့ စိတ်ဝင်စားစရာ တစ်ခုမှမတွေ့။ မထူးတော့၍ ပြလက်စဇာတ်ကားကိုသာ ကြည့်ရန် ဂျွန်မြောင်ဆုံးဖြတ်လိုက်တော့သည်။
ရိုးရိုးအချစ်ဇာတ်လမ်းဖြစ်၍ အလယ်ကပင်ဖြတ်ကြည့်၍ ရနေသည်မို့ နည်းနည်းလောက်နှင့်ပင် ဇာတ်ရည်လည်လာသည်။ မိုးရေထဲ ထီးတူတူဆောင်းသည့်အခန်းရောက်တော့ ရီရှင်းထီးကို သိမ်းကာ တစ်ခါလောက်လျှောက်ကြည့်ရန်ပင် တွေးလိုက်သေးသည်။
"ငါနင့်ကို လက်မလွှတ်နိုင်ဘူး... လက်ထပ်ကြရအောင်"
ရုပ်ရှင်ပီသစွာပင် ဇာတ်သိမ်းခါနီးမှာ ပြဿနာအားလုံးပြေလည်ပြီး လက်ထပ်ခွင့်တောင်းသည်။ ဇာတ်လိုက်မင်းသမီးကလည်း ချက်ချင်းပင်ပြေးဖက်ကာ နမ်းသည်။ နှုတ်ခမ်းချင်းထိရုံတင်မက တစ်ရှိုက်မက်မက်နမ်းနေသည်ကို အကြာကြီးရိုက်ပြထား၍ ဂျွန်မြောင့်မှာ စိတ်မရှည်နိုင်တော့။
"အယ်..ဂျွန်လေး..ဘာတွေကြည့်နေတာလဲ..မြန်မြန်ပြောင်း..မြန်မြန်ပြောင်း...အစ်မကြီးသိရင်တော့ အဆူခံရမှာပဲ ဂျွန်လေးရယ်... သားက ကလေးပဲရှိသေးတာ.. ဒိုလီပဲကြည့်နော်"
ဘယ်တုန်းကတည်းက ရောက်နေမှန်းမသိသော အန်တီမင်က ချက်ချင်းပင် လိုင်းပြောင်းလိုက်သည်မို့ ဂျွန်မြောင့်မှာ ဘာလုပ်ရမှန်းပင်မသိတော့။ "ကျွန်တော်က ၃၂နှစ်ရှိပြီ"ဟု ပြောရအောင်ကလည်း လက်ရှိဂျွန်မြောင်က ကလေးလေးသာရှိသေးသည်။
ကလေးဖြစ်ရတာ မလွယ်လိုက်တာ...။
.......................................................................
နေ့လည်စာ စားပြီးတော့ ဂျွန်မြောင် ပျင်းလာပြန်သည်။ ငယ်ငယ်ကတော့ အိမ်နားက ကလေးများနှင့် သွားကစားလေ့ရှိသော်လည်း အခုတော့ ကလေးများနှင့် ဆက်ဆံချင်စိတ်မရှိ။
နေရောင်ကျသည့် ကြမ်းပြင်ပေါ်သို့ ရှားစောင်းပင်လို ဆန့်ဆန့်ကြီး ပစ်လှဲလိုက်သည်။ ဒါက ရီရှင်းဆီက ရတဲ့ အပျင်းဖြေနည်းတစ်ခုပင်..။
ရီရှင်းအိမ်သို့ အကြောင်းမရှိသွားကာ နှောင့်ယှက်သည့်နေ့မျိုးတွင် ရီရှင်းမအားသည်နှင့် တိုက်ပါက ဂျွန်မြောင့်မှာလုပ်စရာမရှိ။ တကယ်ပင်မအားသည့် ရီရှင်းကလည်း ဂျွန်မြောင်နှင့် ကူမဆော့ပေးနိုင်၍ လိုက်ကာဖွင့်ပေးကာ နေရောင်အောက်ငြိမ်ငြိမ်လေးလှဲနေဖို့ပြောသည်။
"အဲ့လိုလှဲပြီး ဘာလုပ်ရမှာလဲ..?"
"ကျွန်တော်ကတော့ ဘာမှမလုပ်ဘူး"
"ရီရှင်းကလဲ...အဲ့တော့ ပိုပျင်းစရာကောင်းမှာပေါ့လို့"
"လှဲနေရင်း အတွေးတွေအများကြီးထွက်လာလိမ့်မယ်..အဲ့ထဲက ပျော်စရာကောင်းတာတွေ စုပြီး သိမ်းထား"
"ငါ့အတိတ်ကို မင်းသိနေတာပဲ...ဘယ်တုန်းက ပျော်စရာကောင်းခဲ့လို့လဲ.."
"အဲ့တာဆို ပျော်စရာကောင်းတာတွေ တွေ့တဲ့အထိ ရှာကြည့်ပါလား... ရှာတွေ့ရင် ကျွန်တော့်ကိုပြောပြလေ..ကျွန်တော်ကတော့ ဘွားဘွားရှိတုန်းက အချိန်တွေ ပြန်တွေးတာပဲ.. ကျွန်တော်ငယ်ငယ်တုန်းက တစ်ယောက်တည်းမို့ အဲ့လိုအချိန်တွေဆို ဘေးနားမှာ တစ်ယောက်ယောက်ရှိလာသလို ခံစားရတယ်"
ရီရှင်းဆီမှ ရှားရှားပါးပါးနားထောင်ခဲ့ဖူးသည့် အတိတ်အကြောင်း ဖြစ်သည့်အပြင် ရီရှင်းလုပ်လေ့ရှိသောအရာမို့ ဂျွန်မြောင်ပါ လိုက်လုပ်ရင်း အကျင့်ဖြစ်သွားခဲ့တာဖြစ်သည်။ အရင်ကတော့ ရီရှင်းပါပျော်ဖို့ အမှတ်တရကောင်းများကို မရမကတွေးရင်း ပြောခဲ့တာဖြစ်သော်လည်း အခုတော့ ပြောစရာလူပင်မရှိတော့..။
ရီရှင်းအကြောင်းမေ့ထားရင်း ပျော်စရာကောင်းလောက်သည်များကို တွေးကြည့်တုန်း ဖုန်းနံပါတ်တစ်ခုက အတွေးထဲပေါ်လာသည်။ ရင်းနှီးနေသလို ထင်ရပေမဲ့ မှတ်မိသလောက်တော့ ဂျွန်မြောင့် အသိထဲတွင် ဒီနံပါတ် သုံးသောသူမရှိ။
ရီရှင်းဖုန်းနံပါတ်များလား..?
မနေ့က စဉ်းစားမရသည့် ဖုန်းနံပါတ်ဖြစ်နိုင်လောက်၍ ဆက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကလေးအသံဖြစ်နေ၍ မှားနေသည့်တိုင်အောင် မတော်တဆ ဆက်မိသလိုလို ပြောမည်ဆိုပါက အဆင်ပြေမှာပင်..။
ဖုန်းနံပါတ်နှိပ်ပြီး မကြာခင်မှာပဲ တစ်ဖက်က ဖုန်းကိုင်သည်။ တရုတ်သံဝဲဝဲဖြင့် ဘယ်သူပါလဲ ဟု မေးသောကြောင့် ရီရှင်းအဘွားဖြစ်မည့်ပုံပင်..။
"ရီရှင်းနဲ့ တွေ့ချင်လို့ပါ...ရီရှင်းပါ..ကျန်းရီရှင်း"
ဂျွန်မြောင်နားမလည်သည့် တရုတ်စကားဖြင့် ရီရှင်းကိုခေါ်နေသောကြောင့် တရုတ်စာသင်ရန်ပင် တွေးလိုက်မိသေးသည်။ ဒီလိုသာဆို ရီရှင်းမိဘတွေဆီ မျက်နှာသာရနိုင်သည်လေ..။
"ဘယ်သူပါလဲ..?"
အတန်ကြာမှ ရီရှင်းက ပြန်ဖြေသည်။ ကလေးအသံမပျောက်သေးသောကြောင့် အူယားကာ ပြေးကိုက်ချင်စိတ်ပင်ပေါက်လာသည်။
"ရီရှင်းလား..? ငါပါ..ဂျွန်မြောင်"
"မသိဘူး.."
"ဂျွန်မြောင်လေ..ဂင်ဂျွန်မြောင်"
နာမည်ပြောပြီးကာမှ ရီရှင်းက ဂျွန်မြောင့်ကို မသိတာ သတိရလာသည်။ တစ်ယောက်ယောက်နာမည်သုံးရအောင်ကလည်း အင်ဂျွန်းကိုသာ သိသည့်အပြင် ရီရှင်းကို အနိုင်ကျင့်ထားသူမို့ ဂျွန်မြောင်မသုံးချင်..။
"ဖုန်းမှားတယ်ထင်ပါတယ်..ဖုန်းချလိုက်ပါမယ်"
"နေဦး..ဂျွန်မြောင်လေ..ဟိုနေ့က အတူတူတောင် ဆော့ခဲ့သေးတယ်"
ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိလောက်သည့် အကြောင်းအရာကို တွေးရင်းပြောလိုက်တော့ ရီရှင်းဆီက အသံတိတ်သွားသည်။
"ဖုန်းမှားတယ်ထင်ပါတယ်..ကျွန်တော် အဲ့လို မဆော့ပါဘူး..ချလိုက်ပါတော့မယ်"
ဘာမှဆက်မပြောရသေးခင်မှာပင် တီခနဲမြည်ကာ ဖုန်းကျသွားသောကြောင့် ဂျွန်မြောင့်မှာ ဖုန်းလက်ကိုင်ကို ကိုင်ရင်း ငေါင်ငေါင်ကြီးကျန်ခဲ့ရသည်။
ချေလိုက်တာ..။
ရီရှင်းက ငယ်ဘဝကို ပြောလေ့မရှိသည်မို့ ချဉ်းကပ်ရန်နည်းကို စဉ်းစားမရ။ ထွက်ဆော့မည့်အဖော်ပင် မရှိသည်ကိုတွေးမိတော့လည်းစိတ်မကောင်းပြန်။ ရီရှင်းငယ်ဘဝက ထင်ထားသည်ထက် ခက်ခဲခဲ့ပုံပင်။
တော်သေးတာပေါ့...ဂျွန်မြောင့်လို အများကြီးချစ်ပေးမဲ့လူနဲ့တွေ့လို့..။
ဖုန်းကိုပြန်ချရင်း အခန်းထဲဝင်ကာ အိပ်ရာပေါ်သာ လှဲချလိုက်တော့သည်။ ရှားစောင်းပင်လည်း မလုပ်ချင်တော့..။
ဆက်သွယ်ရတာ ခက်ခဲလိုက်တာ ရီရှင်းရာ...။