ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၈)
ယခုလို အရသာရှိသော ကြက်ဥထမင်းကြော်ကို ယွမ်ကျိုးက အနည်းဆုံး ၁၀ပန်းကန်ကုန်အောင် စားပစ်ချင်သည်။ မည်သို့ပင်ဆိုစေကာမူ ဤအရသာက ၁၈၈ယွမ်ပေးရန် ထိုက်တန်သည်။
ဟင်းချက်ရာတွင် အသုံးပြုသော သံလွင်ဆီက သာမန်ထက် အနည်းငယ် သာလွန်သော်လည်း ဈေးနှုန်းမှာ တစ်ကီလိုလျှင် ယွမ်ရာနှင့်ချီ တန်ကြေးရှိသည်။
သံလွင်ဆီက အနည်းငယ်စျေးကြီးသော်လည်း အဓိကပါဝင်ပစ္စည်းများဖြစ်သော ရှန်းရွှေဆန်၊ ကြက်ဥတို့နှင့် ယှဉ်လိုက်လျှင် စကားထဲ ထည့်ပြောရန် မလိုအပ်ချေ။
အဖိုးထိုက်တန်သော ပါဝင်ပစ္စည်းများကို ကြက်ဥထမင်းကြော် ကြော်ရန် အသုံးပြု၍ နှမြောမိသည်။
ယွမ်ကျိုးက ယွမ်၂၀၀ကို ပိုက်ဆံပုံးထဲ ပေါ့ပေါ့ပါးပါး ထည့်လိုက်သည်။ သူ ထည့်လိုက်သော ယွမ် ၂၀၀က ချက်ချင်း ပျောက်ကွယ်သွားပြီး ပြန်အမ်းငွေ ၁၂ယွမ် ပေါ်လာသည်။
အစောပိုင်းကာလတွင် ကြက်ဥထမင်းကြော်၏ဈေးနှုန်းက များလွန်းသည်ဟု ယူဆမိသော်လည်း အသုံးပြုထားသော ရှန်းရွှေဆန် နှင့် အဖိုးတန်ကြက်ဥတို့ကြောင့် အနည်းငယ် စိတ်သက်သာရာ ရမိသည်။
"ငါ ကပ်စေးနဲ နေလို့ မဖြစ်ပါဘူး။ တန်ဖိုးကြီးတဲ့ အစားအစာတွေကို စားရလို့ ဂုဏ်ယူနေသင့်တယ်"
ယွမ်ကျိုးက သူ့စိတ်ထဲ ရေရွတ်လိုက်သည်။
"စနစ်၊ ဈေးနှုန်းက အရမ်းသက်သာနေတယ်။ ဈေးနှုန်းတိုးတောင်းလို့ မရဘူးလား"
ယွမ်ကျိုးက ထမင်းကြော် ရောင်းရငွေ၏ ၁၀ရာခိုင်နှုန်းခန့်သာ ရရှိမည့် အတွေးကြောင့် ဈေးနှုန်းတိုးမြှင့်ချင်သော အတွေးဖြစ်ပေါ်လာသည်။
"လက်ခံသူဆိုင်ရှင်ရဲ့ အဆင့်ကနိမ့်သေးလို့ ဈေးနှုန်းကို ကိုယ်တိုင် သတ်မှတ်ပေးလို့ မရပါဘူး"
"..."
“ကျွမ်းကျင်စားဖိုမှူးအဆင့်ကို ရောက်ဖို့ အဆင့် ဘယ်နှဆင့်ရှိလဲ။ Levelပိုမြင့်လာရင် ၀င်ငွေပိုရမယ် သဘောလား"
စနစ်က ရှင်းပြသည်။
"လက်ခံသူ ဆိုင်ရှင်က အခုလို မေးခွန်းမျိုး မေးခွင့် မရှိသေးပါဘူး။ Level1ကို ရောက်မှပဲ အသေးစိတ် ရှင်းပြပါမယ်"
"ကောင်းပြီလေ။ ထားလိုက်တော့။ အိမ်ငှားခတို့ တခြားပစ္စည်းဝယ်ရတဲ့ ကုန်ကျစရိတ်တို့ကို ငါ့ပိုက်ဆံအိတ်ထဲက စိုက်ရတာမှ မဟုတ်တာလေ။ ၁၈.၈ယွမ်ကလုံး၀အမြတ်ငွေသတ်သတ်ပဲ"
ယွမ်ကျိုးက စားသောက်ဆိုင်ကို အသေးစိတ် ကြည့်ရှုကာ တွေးကြံလိုက်သည်။
“နေပါဦး။ ဒါနဲ့ ထိုင်ခုံက ၈ခုံတည်းရှိရတာလဲ။ စနစ်ရေ မင်းတို့မှာ ထိုင်ခုံတွေ မရှိတော့ဘူးလား”
ကွေးနေသောစားပွဲရှည်နားတွင် ထိုင်ခုံ၈ခုံ မှလွဲ၍ စားသောက်ဆိုင်
တစ်ဆိုင်လုံးကို ပန်းအိုးစင်များက နေရာယူထားသည်။
လုပ်ငန်း တိုးတက်ရန်နှင့်
ဧည့်သည်များကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန် စားပွဲခုံ နှင့် ထိုင်ခုံများများ ခင်းကျင်းထားသင့်သည်။
စနစ်က ရှင်းပြသည်။
“လက်ခံသူ ဆိုင်ရှင်ရဲ့ Levelအဆင့်က လောလောဆယ် အဆင့်နိမ့်လွန်းနေပါတယ်။ ဒါကြောင့်မို့ ထိုင်ခုံ၈ခုံ ပါတဲ့ သော့ကိုပဲ ဖွင့်နိုင်ပါသေးတယ်"
စနစ်က အားမနာစတမ်း ရှင်းပြနေ၍ ယွမ်ကျိုးက တစ်ယောက်ယောက်ကို ထိုးနှက်ချင်သော ဆန္ဒများ ဖြစ်ပေါ်လာသည်။
“ငါ့ဘာသာငါ ထိုင်ခုံတွေ ထပ်ဝယ်လို့ရတယ်မလား။ ဟိုနားမှာ ထိုင်ခုံ နှစ်လုံး ထပ်ထည့်လို့ရမယ်ထင်တယ်”
စနစ်က ရှင်းပြသည်။
"စနစ်က ထောက်ပံ့ထားတဲ့ ထိုင်ခုံမှာ မထိုင်တဲ့ ဧည့်သည်တွေကို အစားအသောက် မချပေးပါဘူး"
“ကောင်းပြီ၊ အဆင်ပြေတယ်။ မင်းက သူဌေးပဲ။ မင်း လုပ်ချင်ရာသာ လုပ်စမ်း"
ယွမ်ကျိုးက စနစ်ကို မကျေမနပ် ပြောနေစဉ် တာဝန်အသစ်က သူ့စိတ်ထဲ ပေါ်လာသည်။
[တာဝန် ၁- လက်ခံသူဆိုင်ရှင်က နတ်ဘုရားအဆင့်ကြက်ဥထမင်းကြော်ပွဲ ၁၀၀ကို ၇ရက်အတွင်း ရောင်းချရမယ်။ အချိန်ကိုအခုကစပြီးတော့ ရေတွက်ပါမယ်]
(တာဝန်အကြံပေးချက်- အငယ်တန်း ကျွမ်းကျင်စားဖိုမှူးတစ်ယောက်အနေနဲ့ ကြက်ဥထမင်းကြော်ပွဲ၁၀၀ရောင်းဖို့ ဆိုတာ လွယ်ကူတယ်မလား)
[ဆုလာဘ်] - နတ်ဘုရားအဆင့်ကြက်ဥထမင်းကြော် နဲ့ တွဲဖက်ပစ္စည်း အစုံလိုက်ရရှိမယ်။
"အစုံလိုက်ထဲမှာ ဘာတွေပါလဲ" ယွမ်ကျိုး မေးမြန်းသည်။
စနစ်က ရှင်းပြသည်။
"နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော် တစ်ပွဲ၊ မုန်လာဥချဉ် ပန်းကန်သေးသေး တစ်ပွဲ နဲ့ ရေညှိဟင်းချို တစ်ခွက်ပါမယ်"
ကြက်ဥထမင်းကြော် ရောင်းသော
စားသောက်ဆိုင်တိုင်းက မုန်လာဥချဉ်နှင့် ရေညှိစွပ်ပြုတ်ကို အခမဲ့ကျွေးပါသည်။ သို့တိုင် စနစ်က ဤအချင်းအရာ နှစ်မျိုးပါဝင်ခြင်းကို အစုံလိုက်ဟင်းပွဲဟု သုံးနှုန်းရဲသေးသည်။
"ဒါဆို အစုံလိုက်ဟင်းပွဲရဲ့ စျေးနှုန်းက ဘယ်လောက်လဲ"
"လက်တလော ထမ်းဆောင်ရမယ့် တာဝန်ကိုပဲ ပြီးမြောက်အောင် လုပ်ဆောင်ပေးပါ ဆိုင်ရှင်"
တာဝန်ပေးအပ်သော စာသား ပေါ်လာသည်နှင့် အချိန်ရေတွက်မှု စတင်ကြောင်း ယွမ်ကျိုး သတိပြုမိသည်။
“ဒီနေ့ကစပြီး ဆိုင်ဖွင့်ရတော့မှာလား။ ငါ့မှာ အခုအထိ ဆိုင်းဘုတ်တောင် မပြင်ဆင်ရသေးဘူး”
အချိန်ရေတွက်နေခြင်းကို တွေ့သောအခါ ယွမ်ကျိုးကအလန့်တကြား ပြောဆိုလိုက်သည်။
“အဆင့် သုည ရောက်နေတဲ့ ဆိုင်ရှင်က ဆိုင်းဘုတ် ပိုင်ဆိုင်ဖို့ အရည်အချင်း မပြည့်မှီသေးပါဘူး"
“ဆိုင်းဘုတ်မရှိရင် စားသုံးသူက ဆိုင်ဖွင့်ထားတယ်ဆိုတာ ဘယ်လိုသိမှာလဲ”
စနစ်က သူ့အဆင့်နိမ့်ခြင်းကိုသာ ပြောနေ၍ ယွမ်ကျိုး ဒေါကန်လာသည်။
ဤတစ်ကြိမ်တွင် စနစ်က သူ့မေးမြန်းမှုကို တုံ့ပြန်ခြင်း မရှိပေ။ အချိန်က တရွေ့ရွေ့ ကုန်ဆုံးနေသည်။
ယွမ်ကျိုးက တီရှပ်လက်တိုနှင့်အပြာရင့်ရောင်ဘောင်းဘီကိုကြည့်ကာ ရေရွတ်လိုက်သည်။
"ငါ အ၀တ်သွားလဲသင့်တယ်"
သူက အပေါ်ထပ်သို့တက်ပြီး ဗီရိုထဲမှ သင့်လျော်သော အ၀တ်ကိုရှာဖွေသည်။ အဖြူရောင်စားဖိုမှူး၀တ်စုံက သူ့စတိုင်မဟုတ်သည့်အပြင် “Golden Unicorn Hotel ”ဟူသောစာတန်း ထိုးထားသေးသည်။ ဤအဝတ်ကို ဝတ်ဆင်ရန် လုံး၀ မသင့်လျော်ပေ။
နောက်ဆုံးတွင်မူ ဗီရိုအောက်ဆုံးထပ်တွင် ရိုးရာ'ဟန်'ဝတ်စုံကို ရှာတွေ့သွားသည်။ တက္ကသိုလ်ကျောင်းတက်သော ကာလကရိုးရာအဝတ်အစားများကို စွဲလန်းပြီး ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျဖြစ်အောင် ချုပ်ခဲ့သည်။
အစိမ်းရင့် နှင့် အပြာရင့်ရောင်များ ရောနှောထား၍ အလွယ်တကူ စွန်းထင်းခြင်း မရှိဘဲ နေ့စဉ်အသုံးပြုရန် သင့်လျော်သည်။
ရိုးရာ'ဟန်'အဝတ်အစားကို ၀တ်ဆင်လိုက်စဥ် စိတ်အားတက်ကြွသော ခံစားချက်များ ဖြစ်ပေါ်လာသည်။ မှန်အရှေ့မှာ မတ်တတ်ရပ်လိုက်ပြီး သူ့ကိုယ်သူ ကျက်သရေ ရှိလွန်းသည်ဟု သတ်မှတ်မိသည်။
သူက သွက်လက်သော ခြေလှမ်းများဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ယွမ်ကျိုးက အသက်ပြင်းပြင်းရှူလိုက်ပြီး အဆင့်မြင့်နည်းပညာများဖြင့် ပြည့်နှက်နေသော မီးဖိုချောင်နှင့် ရိုးရှင်းသော်လည်း တန်ဖိုးကြီးသည့် ပင်မခန်းမကို ကြည့်လိုက်သည်။ ထို့နောက် သူက ဆိုင်ခန်းတံခါးကို ဖွင့်လိုက်သည်။
အပြင်လမ်းပေါ်တွင် လူနည်းနည်းသာရှိသည်။ သူက သက်ပြင်းချလိုက်ပြီး ရေရွတ်သည်။
“ကောင်းပြီ။ ကြည့်ရတာ တခြားနည်းလမ်းကို သုံးရမယ်ထင်တယ်”
နွေးထွေးသော နေရောင်ခြည်သည် အထပ်မြင့် အဆောက်အအုံများနှင့် ပင်မခန်းမထဲသို့ ဖြန့်ကျက် ဝင်ရောက်လာသည်။ မနက် ၉နာရီ အချိန်သို့ ရောက်ရှိနေပါပြီ။
"မင်္ဂလာပါ ယွမ်ကျိုး။ ဒီနေ့ ဆိုင်စဖွင့်ပြီလား။ မင်းက ဒီဝတ်စုံနဲ့ အရမ်းကြည့်ကောင်းနေတယ်။ ဘယ်သွားမလို့လဲ"
ဆိုင်တံခါးကိုဖွင့်လိုက်သည်နှင် နဲ့ အိမ်နီးချင်းသူဌေးထုံကို ယွမ်ကျိုးပထမဆုံး မြင်တွေ့ရသည်။
“မင်္ဂလာနံနက်ခင်းပါ အန်တီထုံ။ ဒီနေ့ စားသောက်ဆိုင်ဖွင့်တော့မယ်”
ယွမ်ကျိုးက ယဉ်ယဉ်ကျေးကျေး ပြန်ပြောသည်။ သူ့နှုတ်ခမ်းထောင့်မှာ အပြုံးလေး ပေါ်လွင်လာသည်။
သူဌေးထုံက ခဏ အံ့အားသင့်သွားပြီး အကြံပေးသည်။
"ဆိုင်တံခါးပေါက်ဝမှာ
အလှဆင်ပန်းတောင်း နှစ်ခု ထားပြီး အလှဆင်ရင် ဆိုင်က ပိုထင်ရှားလိမ့်မယ်”
“ဟုတ်ကဲ့ အန်တီ။ ဆိုင် မဖွင့်ခင်တည်းက ပန်းဆိုင်ကို ဖုန်းဆက်ထားတယ်။ ခဏနေရင် ပန်းတောင်းတွေ ရောက်လာလိမ့်မယ်”
ယွမ်ကျိုးက လမ်းမပေါ်ရှိ လူအုပ်စုကြီးကို အနီးကပ် ငေးစိုက်ကြည့်ပြီး ကြက်ဥထမင်းကြော်ပွဲ (၁၀၀) ကို မည်သို့ရောင်းချရမလဲ တွေးကြံနေမိသည်။
"မင်းက ဘယ်လို အစားအသောက်တွေကို ရောင်းချမှာလဲ။ အန်တီလည်း အခုအထိ မနက်စာ မစားရသေးဘူး"
ယွမ်ကျိုးက သူ့လုပ်ငန်းအတွက် စိုးရိမ်ပူပန်နေခြင်းကို မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သိနိုင်သည်။ သူဌေးထုံက အိမ်နီးချင်း အနေဖြင့် ဝတ်ကျေတန်းကျေ မေးမြန်းလိုက်သည်။
"ကျွန်တော်က ကြက်ဥထမင်းကြော်ပဲ ရောင်းသေးတယ်"
ယွမ်ကျိုးသည် ထပ်မံ ရှင်းပြချက်များကို ရှောင်ရှားရန် စျေးနှုန်းကို မပြောခဲ့ပေ။
"ကိစ္စမရှိပါဘူး။ အန်တီက ကြက်ဥထမင်းကြော် ကြိုက်တယ်။ အန်တီရဲ့ဆိုင်ကို ကြက်ဥထမင်းကြော် တစ်ပွဲ ပို့ပေးပါ"
သူဌေးထုံက အော်ဒါတင်လိုက်သည်။ ယွမ်ကျိုးက ပထမဆုံးအကြိမ် စီးပွားရေးလုပ်သောကြောင့် သူမကို အစားအသောက်ရောင်းရခြင်းကို ရှက်ရွံနေမည်ကို စိုးထိတ်သောကြောင့် ဆိုင်မှာ မစားဘဲ အော်ဒါမှာလိုက်ခြင်းဖြစ်သည်။
ကြက်ဥထမင်းကြော်၏ဈေးနှုန်းကို မမေးမြန်းခြင်းက သူမ၏စိတ်ထဲတွင် ထမင်းကြော်က ၁၀ယွမ်ခန့်သာ ကုန်ကျမည်ဟု တွေးထားသောကြောင့် ဖြစ်သည်။
စနစ်က ကြားဝင် ပြောကြားသည်။
“ဆိုင်ရှင်သည် လောလောဆယ် အဆင့်နိမ့်နေသောကြောင့် ပို့ဆောင်ရေး ဝန်ဆောင်မှုကို အသုံးပြုလို့ မရသေးပါဘူး။ အစားအသောက်တွေကို ဆိုင်မှာပဲ ထိုင်စားလို့ ရပါတယ်"
“စနစ်၊ မင်းနဲ့ငါ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် နေလို့ မရဘူးလား။ မင်းရဲ့လိုအပ်ချက်တွေ ကန့်သတ်ချက်တွေ အားလုံးနဲ့ ငါဘယ်လိုစီးပွားရေး လုပ်ရမလဲ"
ယွမ်ကျိုး၏ ယခင်က တည်ငြိမ်သော မျက်နှာသည် ချက်ချင်း အကျည်းတန်သွားသည်။
စနစ်က ဖြေကြားသည်။
“ဆိုင်ရှင်ဘက်က တာဝန် ပြီးမြောက်ဖို့ အကောင်းဆုံး ကြိုးစားပါ။ ပြီးသွားရင် ကန့်သတ်ချက်တွေကို ပယ်ဖျက်နိုင်ပါတယ်”
“အရသာရှိတဲ့ ကြက်ဥကြော်ကို ငါရောင်းနေရတာပဲ။ ငါ ရှုံးနိမ့်မှာမဟုတ်ဘူး”
ယွမ်ကျိုးက သူ့ထမင်းကြော်ထဲမှာ အသုံးပြုထားသော အဖိုးတန် ပါဝင်ပစ္စည်းများ အကြောင်းကို တွေးတောပြီး ယုံကြည်မှု ချက်ချင်း ပြန်ရသွားသည်။
"အားနာပါတယ် အန်တီထုံရယ်။။ ကျွန်တော်တို့က ဆိုင်ကအစားအစာတွေကို မပို့ပေးပါဘူး။ပြီးတော့ ထည့်စရာဘူးတွေလည်း မဝယ်ထားလို့ပါ"
ယွမ်ကျိုး က သူဌေးထုံကို အားတုံ့အားနာ ရှင်းပြသည်။
“ကောင်လေး မင်းက အန်တီကိုရောင်းရမှာ ရှက်နေပုံပဲ။ စားမကောင်းလို့လည်း ဖြစ်နိုင်တယ်" သူဌေးထုံက စိတ်ထဲ တွေးလိုက်သည်။
သူဌေးထုံက ပြုံးပြီးပြန်ပြောသည်။
"အဆင်ပြေပါတယ်။ အန်တီ စိတ်မဆိုးပါဘူး။ အန်တီ အားလပ်တဲ့ အချိန်မှ မင်းရဲ့စားသောက်ဆိုင်မှာ လာထိုင်ပြီး မင်းရဲ့လက်ရာကိုမြည်းစမ်းမယ်"
"ရပါတယ်။ ဒါဆိုရင်တော့ အားပေးမှု အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
ယွမ်ကျိုး က အပြုံးဖြင့်တုံ့ပြန်သည်။ သူမ၏စကားကို သံသယဝင်ရန် မလိုအပ်ပေ။
“ဒီဒီ”
"ဒါက ထောင်ရှီလမ်း အိမ်နံပါတ် ၁၄လား"
လူငယ်က ယွမ်ကျိုးကို လာမေးမြန်းသည်။ လူငယ်က လျှပ်စစ်စက်ဘီး၏နောက်တွင် ပန်းတောင်း နှစ်ခုကိုတင်လာသည်။
"မင်းက ရှင်းရှင်း ပန်းဆိုင်ကလား။ ဟုတ်တယ်၊ ဒီအိမ်ပဲ"
ယွမ်ကျိုးက ပန်းတောင်းများကို စစ်ဆေးလိုက်သည်။ ပန်းများ ရိုးရိုးရှင်းရှင်းနှင့် လန်းလန်းဆန်းဆန်း ရှိသည်။
ယွမ်ကျိုး ဝယ်ထားသော ပန်းတောင်းများက ပြန်လည်အသုံးပြုနိုင်သည့် အမျိုးအစားဖြစ်သည်။ ဤပန်းမျိုးက တကယ့်ပန်းအစစ်ထက် ထက်ဝက်ခန့် ဈေးနည်း၍ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
“၅ရက်ကြာရင် ကျွန်တော် ပြန်လာယူမယ်။ မပျက်စီးအောင်တော့ ဂရုစိုက်ပေးပါ"
ထိုစကားကို ပြောပြီးနောက် လူငယ်က လျှပ်စစ်စက်ဘီးဖြင့် အလျင်အမြန် ပျောက်ကွယ်သွားသည်။
ဆိုင်းဘုတ် မရှိသော်လည်း သူ့ဆိုင်က စားသောက်ဆိုင်အသစ်မှန်း ပေါ်လွင်သည်။ သူ့ဆိုင်ထဲ စားသုံးသူဖောက်သည်များ တိုးကျိတ်ဝင်ရောက်လာမည့် မြင်ကွင်းကို တောင့်တမိသည်။
သို့သော်လည်း ယွမ်ကျိုးက ယခင်က မည်သည့် စီးပွားရေးလုပ်ငန်းကိုမျှ မလုပ်ကိုင်ဖူး၍ စီးပွားရေးလုပ်ကိုင်ခြင်းက မည်မျှ ခက်ခဲမှန်း မသိခဲ့ပေ။ အထူးသဖြင့် စားသောက်ကုန်လုပ်ငန်းက တခြားလုပ်ငန်းထက် ပို၍ခက်ခဲသည်။
စားသောက်ဆိုင်ငယ်ထဲတွင် ကြက်ဥထမင်းကြော်ကို ၂၀၀ယွမ် အကုန်ကျခံ၍ မည်သူက ဝယ်စားမည်နည်း။
အပိုင်း(၈)
ပြီးပါပြီ။