အခန်း (၈.၁)
လူတွေ လာရောက်ခြင်း
တစ်ခဏလောက် ဘယ်သူကမှ စကားမပြောခဲ့ကြဘူး။ မက်မွန်ပန်းတွေဟာ အများကြီး ပွင့်လန်းနေခဲ့ကြတယ်။ လှပတဲ့ ရှုခင်း က အဲ့အမျိုးသားရဲ့ ကျက်သရေရှိပြီးတော့ လှပတဲ့ အသွင်အပြင်ကို ပိုပြီး တိုးမြှင့်ပေးခဲ့တယ်။ သူ့ရဲ့ မျက်လုံးအကြည့်များက ကျန်းလီအပေါ်မှာပဲ ကျရောက်နေခဲ့တယ်။
သူရဲ့ ပြုံးနေတဲ့ အမူအရာမှာ ယုတ်မာရက်စက်ခြင်းရဲ့ အရိပ်အမြွက် ရှိခဲ့တယ်။ ဒါပေမဲ့ သူက မိတ်ဆွေ ဖြစ်မလား၊ ရန်သူ ဖြစ်မလား ဆိုတာကတော့ မသဲကွဲခဲ့ဘူး။
အဲ့ဒီခဏမှာ၊ သူ့ရဲ့ပုံစံကြောင့် အံ့သြ ထိတ်လန့်သွားတဲ့ တုန်အာက သံသယစိတ်တွေနဲ့ မမေးဘဲ မနေနိုင်ခဲ့ဘူး
"ပန်းနတ်ဆိုးလား"
ဒီလူက နတ်ဆိုးလိုမျိုး လှပပြီးတော့ သူရဲ့ တည်ရှိမှုက လူတစ်ယောက်ကို မျက်စိကျိန်းစေနိုင်ခဲ့တယ်။
မမျှော်လင့်ထားဘဲ အပြင်ဘက်ကနေ ဆူညံသံတွေ ထွက်လာတဲ့အထိ ကျန်းလီက စကားတစ်လုံးကိုမှ မပြောခဲ့သေးဘူး။ ကျန်းလီက အထိတ်တလန့်ဖြစ်သွားခဲ့ပြီးတော့ ခေါင်မိုးဆီကို နောက်တစ်ကြိမ် မျက်လုံးပင့်ကြည့်လိုက်တယ်။ ဒါပေမဲ့ ချောမောလှပတဲ့ လူငယ်လေးက အဲ့နေရာမှာ ထပ်မရှိခဲ့တော့ဘူး။ အဆုံးမရှိတဲ့ နွေအိပ်မက်ရဲ့ ထင်မြင်ချက်ကို ပေးစွမ်းနိုင်တဲ့ မက်မွန်ပွင့်အကိုင်းအခက် သာ ကျန်ရစ်နေခဲ့တယ်။
တုန်အာလဲ ထပ်တူထပ်မျှ အံ့အားသင့်သွားတော့ မျက်လုံးများကို ပွတ်သပ်ကာ ပြောလိုက်တယ်။
"ဒီအစေခံက အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား"
ကျန်းလီက ပြောလိုက်တယ်။
"ဒါက အိပ်မက်မဟုတ်ဘူး၊ ဒါပေမဲ့ အခုတော့"
နီးသထက်နီးလာတဲ့ လူတွေရဲ့အသံကို သူမကြားလိုက်ရတယ်။ ပြီးတော့ သူမနှုတ်ခမ်းထောင့်တွေဟာလည်း ကွေးတက်လာခဲ့တယ်။ ။ သူမရဲ့ အစကထင်နေတဲ့ ထင်မြင်ချက်ကို သူမက ထပ်မတွေးခဲ့တော့ဘဲ ပြောလိုက်တယ်။
"ဒူးထောက်ဖို့အတွက် အဓိကခန်းမဆောင်ကို သွားကြမယ်"
ဒီနေ့ရက်တွေမှာ၊ တုန်အာက အံ့သြမှုနဲ့ သံသယတွေ ရှိနေခဲ့ပေမဲ့၊ သူမက မေးခွန်းအများကြီးကို မမေးဘဲနေခဲ့တယ်။ တုံဆိုင်းခြင်းမရှိဘဲနဲ့၊ ရွှံစေးပြုလုပ်ထားတဲ့ ဘုရားရုပ်ပွားတော်ရှေ့မှာ ဆွမ်းတော်တင်ဖို့ သစ်သီးပန်ကန်ပြားကို စားပွဲပေါ်မှာ ပြန်ထားပြီးတော့ ဒူးထောက်ဖို့ရာ တုန်အာက ကျန်းလီနောက်က လိုက်လာခဲ့တယ်။ သီလရှင်ကျောင်း တံခါးကို တစ်စုံတစ်ယောက် တံခါး လာခေါက်သံတွေနဲ့၊ အပြင်ကနေ ထွက်ပေါ်လာတဲ့ စိတ်လှုပ်ရှားနေတဲ့ ပြောဆိုသံတွေကို ကြားလိုက်ရတဲ့အခါမှာ နှစ်ယောက်လုံးက ဒူးထောက်နှင့်ပြီးသား ဖြစ်နေခဲ့တယ်။
တံခါးခေါက်သံက သီလရှင်ကျောင်းက သီလရှင်တွေကို လန့်ဖြတ်သွားစေခဲ့တယ်။ လူတစ် ယောက် က တံခါးကို ဖွင့်လိုက်ပြီးတော့ မီးပုံး တွေကိုလည်း တစ် ယောက်တစ်ခုစီ ထွန်းညှိထားခဲ့တယ်။ အပြင်ဘက်က အသံတွေက ပိုပိုပြီးတော့ ကျယ်လောင်လာခဲ့တယ်။ ကျန်းလီနဲ့ တုန်အာတို့က ငြိမ်သက်စွာနဲ့ ဆက်ပြီးတော့ ဒူးထောက်နေခဲ့ကြတယ်။ လက်ကိုင်မီးပုံးကို ကိုင်ဆောင်ပြီးတော့၊ အစေခံ အမျိုးသမီးတစ်ယောက်က လူအုပ်ကို အဓိက ခန်းမဆောင်ထဲကို ခေါ်ဆောင်သွားခဲ့တယ်။ သူမက ခန်းမထဲကို ဝင်လိုက်တာနဲ့၊ အထဲမှာ ဒူးထောက်နေတဲ့ လူနှစ်ယောက်ကို တွေ့ရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ အဲဒါက အချိန် အတော် နောက်ကျလုနီးပါး ဖြစ်နေခဲ့တယ်။ သူမက လှည့်ကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်။ "သခင်မကြီး၊ ဒီနေရာမှာ သီလရှင်နှစ်ပါး ရှိနေပါသေးတယ်။"
အစေခံ အမျိုးသမီးနောက်က လူတွေက တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြတယ်။ သခင်မကြီးတွေ၊ သခင်မလေးတွေအပြင် အမျိုးသား အနည်းငယ် ရှိနေပြီးတော့ အားလုံးက သပ်ရပ်စွာ ၀တ်ဆင်ထားခဲ့ကြတယ်။ အစေခံအမျိုးသမီး စကားပြောခဲ့တဲ့ မိန်းမက နူးညံ့သိမ်မွေ့ပြီး လှပတဲ့ စိတ်နေသဘောထားရှိပြီးတော့ ကောင်းမွန်တဲ့ အသားအရေပါ ရှိခဲ့တယ်။ သူမက ရှေ့ကိုတိုးကာ လမ်းလျှောက်လာခဲ့ပြီးတော့ ကျန်းလီ ကို မြင်လိုက်ရတဲ့အခါမှာ အံ့ဩသွားခဲ့တယ်။ သူမက သူမရဲ့ ခေါင်းကို ချက်ချင်း ခေါင်းယမ်းလိုက်ပြီးတော့ ပြောလိုက်တယ်။
"သူမက သီလရှင်မဟုတ်ဘူး၊ သူမ ဆံပင်တွေက ရှိနေဆဲပဲ။ သူမဘေးက လူက သူမရဲ့ အစေခံမိန်းကလေးပဲ ဖြစ်နိုင်တယ်။"
ကျန်းလီက ဝင်လာတဲ့ လူအုပ်ကြီးကို တအံ့တသြ ကြည့်လိုက်တယ်။ သူမရဲ့ သေးငယ်တဲ့ မျက်နှာလေးကို ဘောင်ခတ်ထားတဲ့ ရှည်လျားပြီး နက်မှောင်တဲ့ ဆံကေသာတွေက ထင်ရှားတဲ့ ခြားနားမှုကို ဖြစ်စေပြီးတော့ သူမရဲ့ အသားအရေကပါ ဖြူဖျော့နေခဲ့တယ်။ မီးခိုးရောင် သီလရှင် ဝတ်စုံကို ၀တ်ဆင်ထားတဲ့ သူမရဲ့ ခန္ဓာကိုယ်က ပိန်ပါးပြီးတော့ အားနည်းပုံပေါ်နေခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ပုံစံက နူးညံ့သိမ်မွေ့ပြီးတော့ ငြိမ်းချမ်းတဲ့ အရောင်အဝါကို ထုတ်ဖော်နေခဲ့တယ်။ သူမက အားနည်းပုံပေါ်နေပေမဲ့၊ ဗုဒ္ဓခြေတော်ရင်းမှာ ထိုင်နေတဲ့သူမရဲ့ပုံစံက ကြည်လင်ပြီးတော့ ထက်မြက်ပုံပေါ်နေခဲ့တယ်။ တစ်ယောက်ယောက်က သူမကို ကြည့်တဲ့အခါမှာ၊ လူတွေကို ထင်မြင်ချက်ကောင်း ပေးနိုင်တဲ့ အထိ သူမက ဖြူစင်ပြီးတော့ နူးညံ့သိမ်မွေ့နေခဲ့တယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ သနားစရာကောင်းတာ ဖြစ်နိုင်တာကြောင့်၊ အဲသခင်မကြီးတွေက သူမကို နူးညံ့သိမ်မွေ့ပြီးတော့ ဂရုစိုက်တဲ့အသံနဲ့ ပြောတယ်။
"သခင်မလေး၊ နောက်ကျနေပြီလေ၊ ဒီမှာ ဘာကြောင့် ရှိနေသေးတာလဲ"
ကျန်းလီက ပြောလိုက်တယ်။
"ကျွန်မက အမှားလုပ်မိပြီးတော့၊ ကျောင်းထိုင်သီလရှင်က ဒီနေရာမှာ ဒူးထောက်ပြီး တရားထိုင်နေဖို့ ကျွန်မကို အမိန့်ပေးခဲ့လို့ပါ"
လူအုပ်ကြီးက အရမ်း အံ့အားသင့် သွားခဲ့ကြတယ်။ တစ်ယောက်ယောက်က ဒေါသတကြီးနဲ့ ပြောလိုက်တယ်။
"အရမ်းနောက်ကျနေပြီ။ ဘာအမှားလုပ်မိလို့ ဒီအချိန်အထိ သခင်မလေးတစ်ယောက်ကို ဒီနေရာမှာ ဒူးထောက်ခိုင်းရတာလဲ။ ခန္ဓာကိုယ်တွေ ထိခိုက်သွားရင် ဘယ်လို လုပ်မလဲ။ သနားကြင်နာတတိဖို့ သူတို့က သင်ပေးတာမဟုတ်ဘူးလား။ ဘာကြောင့် ဒီရက်စက်တဲ့ နည်းလမ်းကို အသုံးပြုတာလဲ"
တုန်အာက သူမရဲ့ မျက်လုံးတွေကို မှိတ်လိုက်ပြီးတော့ လိမ္မာပါးနပ်စွာနဲ့ အခွင့်အရေးကို ဆုပ်ကိုင်လိုက်ကာ၊ သူမ၏ အမူအရာကို ချက်ချင်းပဲ ပြောင်းလဲလိုက်တယ်။
သူမက စိတ်မကောင်းစွာနဲ့ ပြောလိုက်တယ်။
"ဒါက ဒီအစေခံရဲ့ အပြစ်ပါ။ မနေ့က သခင်မလေးရဲ့ သက်သတ်လွတ် ဟင်းလျာကို သယ်ဆောင်တဲ့အခါမှာ ဂရုမစိုက်ဘဲ ကျကွဲမိစေခဲ့ပါတယ်။ အဲဒါပြီးတော့ ကျောင်းထိုင်သီလရှင်က သခင်မလေးနဲ့ ဒီအစေခံကို အဓိက ခန်းမထဲမှာ ဒူးထောက်ဖို့ အမိန့်ပေးခဲ့ပါတယ်။"
သူမက မျက်ရည်တွေကို သုတ်ရင်းနဲ့ ဆက်ပြောတယ်။
"ဒီအစေခံက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ သခင်မလေး၊ သခင်မလေးက တစ်နေ့လုံး ဘာမှ မစားရသေးဘူး"
အဲစကားတွေ ထွက်လာတဲ့အခါမှာတော့၊ လူအုပ်ကြီးက ချက်ချင်းပဲ မခံမရပ်နိုင် ဖြစ်သွားခဲ့တယ်။ သူတို့က မြတ်စွာဘုရားကို ဝတ်ပြုဖို့ ဘုရားကျောင်းကို လာခဲ့ကြတယ်။ ပုံမှန်ဆိုရင် ဒီနေရာမှာရှိတဲ့ လူတွေအားလုံးက သဘောကောင်းခဲ့ကြတယ်။ သခင်မလေး အနိုင်ကျင့်ခံနေရတာကို မြင်လိုက်ရတဲ့အခါမှာတော့၊ လူတိုင်းက တကယ်ကို ဒေါသထွက်သွားခဲ့ကြတယ်။
"အံ့သြစရာ မရှိတော့ဘူး၊ အပြင်မှာ ဒီလို သိက္ခာကျစရာ ကောလဟာလတွေ ရှိနေတာ အံ့ဩစရာ မရှိတော့ဘူး။ အတိအကျ ပြောရမယ်ဆိုရင် ဒါက အဲ့ဒီ သီလရှင်ရဲ့ မနာလိုတဲ့စိတ်ကြောင့် ဖြစ်တာပဲ" နောက်တစ်ယောက်က ထပ်ပြောလိုက်တယ်။
"မှန်လိုက်တာ"
ကျန်းလီက သီလရှင်တွေကို မတွေ့ရပေမဲ့၊ ခေါင်းလှည့်ကြည့်လိုက်ပြီးတော့ သူမက အံ့သြစွာနဲ့ မေးလိုက်တယ်။
"ခဏလေးပါ၊ ဘုရားကျောင်းက သီလရှင်တွေက ဘယ်မှာလဲ"
စကားပြောပြီးတဲ့ အချိန်မှာတော့၊ လူအုပ်ထဲက လူအားလုံးက ကသိကအောက်ဖြစ်ပုံ ရသွားပြီးတော့၊ မတူညီတဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်နေခဲ့ကြတယ်။